သတင်း

ဆယ်စုနှစ်ကြာလာတဲ့ ချီဖွေစစ်ရှောင်စခန်း ရေချိုးခန်း၊အိမ်သာပြုပြင်ဖို့ အရေးကြီးကူညီလိုအပ်နေ

ကချင်ပြည်နယ် ချီဖွေမြို့က KBC စစ်ရှောင်စခန်းမှာ ရေချိုးခန်း၊ အိမ်သာတွေပြုပြင်ဖို့ အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံက ပြောပါတယ်။

ဆယ်စုနှစ်ကြာနေပြီဖြစ်တဲ့ စစ်ရှောင်စခန်းမှာ အဆောင်တွေယိုယွင်းပျက်စီးလာနေပြီဖြစ်တဲ့အပြင် အဓိက မီး၊ရေချိုးခန်း၊ အိမ်သာတွေ ပြုပြင်ဖို့လိုအပ်နေတာဖြစ်တယ်လို့ စစ်ရှောင်တာဝန်ခံက ပြောပါတယ်။

“တော်တော်လေးကို ဒီ မီးတွေ၊ အိမ်သာတွေ၊ ရေချိုးခန်းတွေ အကုန် ပျက်စီးလာပြီ၊ ဒါပေမဲ့ အဲ့ဒီဟာတွေကို ပြုပြင်ဖို့ ဘယ်နေရာကမှအကူအညီမတောင်းတတ်တော့ဘူးလေ၊ ဒီဘက်မှာကလည်း စုပ်တဲ့စက်တွေမရှိဘူးဆိုတော့ အရင်ကတည်းကလုပ်ထားတာ အကုန်ပြည့်လာလို့ တစ်ချို့ကိုဆို ပိတ်ထားတယ်၊ လူကများတာနဲ့ အိမ်သာက မလောက်ဘူး” လို့ ပြောပါတယ်။

စစ်ရှောင်စခန်းအတွင်း အိမ်သာလုံလောက်မှုမရှိတာကြောင့် အိမ်ထောင်စု ၃ စု ၊ ၄ စုကို အိမ်သာတစ်ခုစီ သတ်မှတ်ထားတာမျိုးလုပ်နေရတယ်လို့သိရပါတယ်။ ဒါ့အပြင် အိမ်သာတွေကို ပြန်လည်ပြုပြင်ဖို့ ငွေကြေးမတက်နိုင်တာကြောင့် ရိုးရိုးမြေတူးပြီးအိမ်သာကို အသုံးပြုနေကြပေမယ့် အချိန်ကြာလာတာနဲ့အမျှ အိမ်သာကျင်းတူးဖို့ မြေနေရာမရှိတော့တဲ့အခက်ခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း စစ်ရှောင်တာဝန်ခံက ဆက်ပြောပါတယ်။

“ပိုက်ဆံနဲ့ ဝယ်ရမဲ့ဟာတွေလည်းရှိတယ်၊ လူအင်အားနဲ့လုပ်ရမယ်ဆို စခန်းကလူတွေနဲ့ လုပ်လို့ရပေမဲ့ ဝယ်ရမဲ့ဟာတွေကျတော့ ကျွန်တော်တို့လည်း မတက်နိုင်ဘူးလေဆိုတော့ ရိုးရိုးဘဲ မြေတူးပြီးလုပ်ကြတာပေါ့။ အဲ့ဒီရဲ့ ပြဿာနာက နေရာမရှိဘူး၊ နေရာကကျပ်တော့ တူမဲ့နေရာ ရှာမရဘူး” လို့ ပြောပါတယ်။

ခုလို အခက်အခဲတွေကြောင့် အိမ်သာတွေကို ရေရှည်သုံးနိုင်ဖို့ဆောက်ချင်ပေမဲ့ ငွေကြေးမတက်နိုင်တဲ့အတွက် အိမ်သာမလုံလောက်တဲ့ကိစ္စတွေနေ့စဉ်ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

ချီဖွေမြို့နဲ့ နီးတဲ့ စစ်ရှောင်စခန်းတွေမှာကူညီတဲ့အဖွဲ့အစည်းတွေ ရောက်ပေမဲ့ KBC စစ်ရှောင်စခန်းမှာတော့ လမ်းခရီးဝေးပြီး ဝေးလံခေါင်ဖျားကာ သွားလာရခက်တာကြောင့် အကူအညီတွေ သိပ်မရောက်ဖြစ်တော့ဘူးလို့ သိရပါတယ်။

ကုန်ဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် စစ်ရှောင်စခန်းအတွင်း စားဝတ်နေရေး အခက်အခဲတွေလည်း ရှိနေတာကြောင့် ကူညီပေးစေလိုတယ်လို့ စစ်ရှောင်တာဝန်ခံက တောင်းဆိုထားပါတယ်။

လက်ရှိချီဖွေမှာ ဆန်တစ်အိတ် ၁ ခွဲထိရှိနေပြီး တစ်ခါတလေ တစ်ချို့ဆိုင်တွေမှာ ပြတ်လက်တာမျိုးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ချီဖွေမြို့ KBC စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၁၆၅ စုနဲ့ လူဦးရေ  ၈၇၀ ကျော်ရှိပြီး၂၀၁၂ခုနှစ် တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေ ဖြစ်ကြပါတယ်။

Show More

Related Articles

Back to top button