သတင်း

အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦး သတ်ဖြတ်ခံရ 

စစ်ကိုင်းတိုင်း ကသာမြို့နယ် အောင်ပုံရွာက ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားတယ်လို့ ကသာမြို့ခံတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၃ ရက်ည ကသာမြို့နယ်ထဲမှာ ဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ ကျားဘီလူးစစ်ကြောင်းဟာ အောင်ပုံရွာထဲဝင်ရောက်ပြီး ဒေသခံအမျိုးသားတစ်ဦးကို ထောက်ပို့လုပ်သူဟုဆိုကာ နေအိမ်အတွင်း ပစ်သတ်သွားတာဖြစ်တယ်လို့ ကသာ‌ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

အိမ်ထဲဝင်ပြီး ပစ်သွားတာ ဒီစစ်ကြောင်းက ကသာရောက်နေတာမကြာသေးဘူး ဟိုတစ်နေ့က မိုးတားလေးအဖွဲ့နဲ့ ကသာအဖွဲ့ကို သတ်သွားတဲ့အဖွဲ့ဘဲလို့ ပြောပါတယ်။

စစ်ကောင်စီတပ်က သတ်ဖြတ်သွားတဲ့ အောင်ပုံရွာဒေသခံအမျိုးသားဟာ အသက် ၄၀ လောက်ရှိပြီဖြစ်တဲ့ ကိုဒူးရှည်ဆိုသူဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ အောင်ပုံရွာက နေအိမ်တစ်ချို့ကို မီးရှို့သွားတဲ့အပြင် ဒေသခံတွေရဲ့ငွေသားနဲ့တန်ဖိုးရှိပစ္စည်းတစ်ချို့ကိုလည်း လုယူသွားတယ်လို့ သိရပါတယ်။

လက်ရှိ ကသာမြို့နယ်ထဲရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ က ပင်းမလွှတ်ကျေးရွာက ကသာမြို့နယ်ရဲ့ ပကဖသတင်းတာဝန်ခံအပါအဝင် ၃ ယောက်ကို သတ်ဖြတ်ခဲ့တဲ့အပြင် ဒီဇင်ဘာလ ၂၀ ရက်နေ့မှာလည်း မိုးတားလေး ဒရုန်းတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်သွားတဲ့စစ်ကောင်စီစစ်ကြောင်းဖြစ်ပါတယ်။

ခုလို ကသာနယ်မှာ အရပ်သားတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ခပ်စိပ်စိပ်သတ်ဖြတ်ခံလာရတာဟာ စစ်တပ်သတင်းပေးကြောင့်ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက သုံးသပ်နေကြပါတယ်။

ခုဖြစ်သွားတဲ့ဟာတွေ သတင်းတိတိကျကျရလို့ လုပ်သွားတဲ့သဘောဘဲ အဲမှာ ဘာမဟုတ်တဲ့ ပြည်သူတွေပါ ရောသတ်ခံလာရတာလို့ နောက်ထပ်ကသာဒေသခံတစ်ဦးက ပြောပါတယ်။

ကသာမြို့ဟာ ဧရယဝတီမြစ်ကမ်း ကချင်စစ်ကိုင်းအစပ်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းတဲါနေရာတစ်ခုလည်းဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button