စစ်သင်္ဘောစုန်ဆင်းချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးမှုထဲ အမျိုးသမီး ၇ ဦးပါဝင်
ကချင်ပြည်နယ် ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေစုန်ဆင်းသွားချိန် လမ်းကြောင်းရှင်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သား ၁၀ ဦးထဲမှာ အမျိုးသမီး ၇ ဦးအထိပါဝင်သေဆုံးသွားခဲ့တယ်လို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သူတွေကပြောပါတယ်။
အဲ့ဒီသေဆုံးသူအမျိုးသမီး ၇ ဦးထဲမှာ အသက်မပြည့်သေးတဲ့ဆယ်ကျော်သက် မိန်းကလေးငယ် ၃ ဦးအထိပါဝင် တယ်လို့သိရပြီး ထိခိုက်ဒဏ်ရာရရှိသူကတော့ ၂၁ ဦးလို့ဆိုပါတယ်။
“သင်္ဘောတွေဒီဘက်ကိုရောက်တဲ့အချိန်မှာ Y 12 နဲ့ပစ်တာပါ။ တော်တော်ထိတယ်။ ၁၀ ယောက်သေတယ်။ ထီးချိုင့်နယ်က တော်တော်အပစ်ခံရတာ။ ထီးချိုင့်နယ်ထဲစဝင်တာနဲ့ကိုလေယာဥ်နဲ့ဗုံးကြဲတယ်။ သင်္ဘောပေါ်ကနေလည်းစပြီးပစ်တာ”လို့လေကြောင်းတိုက်ခိုက်ခံရတဲ့နေ့ကအခြေနေကို ဒေသခံအမျိုးသားတစ်ယောက်ကပြောပြပါတယ်။
သေဆုံးခဲ့ရသူတွေဟာ မောင်းကုန်းကျေးရွာမှ ဦးသီဟ ၅၀ နှစ် ၊ ဒေါ်ကေသီဦး ၄၇ နှစ် ၊ မမျိုးသဲလှိုင် ၂၃ နှစ်၊ မခင်စန္ဒာကျော် ၁၇ နှစ် ၊ မအိမ့်ရတီဖြိုး၊ ချွန်းတောင်အုပ်စု ဝဲကြီးကျေးရွာမှ ဦးဆန်းမြင့်ဦး 40 နှစ်၊ မလဲ့လဲ့ဦး 17 နှစ်၊ ဘိုကုန်းကျေးရွာမှ ဦးမောင်ဝင်း ၆၁နှစ်၊ မခင်မျိုးဝင်း ၁၄နှစ်၊ မကေသွယ်စိုး ၂၄နှစ် တို့ဖြစ်ပါတယ်။
ဖြစ်စဥ်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်သင်္ဘောတွေ ထီးချိုင့်မြို့နယ်ကိုဖြတ်သန်းချိန် လေကြောင်းကနေ Y 12 အမျိုးအစား ရဟတ်ယာဥ်အပါအဝင်စစ်သင်္ဘောပေါ်ကနေလက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ တာလို့ အခြေနေသိရှိသူတွေကပြောပါတယ်။
ဗန်းမော်ရောက် စစ်သင်္ဘောတွေက ပြီးခဲ့တဲ့အပတ် သောကြာနေ့ကပဲ ရဟတ်ယာဥ်နဲ့ ဂျက်ဖိုက်တာအသုံးပြုကာ ကင်းထောက်စေပြီးတော့ ဧရာဝတီမြစ်ကြောင်းအတိုင်း အောက်ဘက်ကို ရုတ်တရက်ပြန်စုန်ဆင်းလာခဲ့တာပါ။
ဒီကနေ့နောက်ဆုံးသိရတာကတော့ စစ်သင်္ဘောတွေဟာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကိုရောက်ရှိနေပြီး မြစ်ကြောင်း တစ်လျှောက်မှာနေထိုင်တဲ့ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ် နဲ့လက်နက်ကြီးအန္တရာယ်သတိပြုကြဖို့ ကာကွယ်ရေး တပ်တွေကတိုက်တွန်းထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ – ကချင်ပြည်နယ် ဗန်းမော်မြို့ အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊ လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့တာပါ။
အဆိုပါစစ်သင်္ဘောတွေဗန်းမော်ကိုရောက်ပြီးတဲ့နောက်မှာပဲ မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်မြို့တွင်းမှာ KIA ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တွေအကြား နှစ်ဖက်တိုက်ပွဲတွေသိသိသာသာပြင်းထန်လာတာဒီနေ့အထိဖြစ်ပါတယ်။
ဇူလိုင်လအတွင်း မန္တလေးဂေါဝန်ဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဗန်းမော်မြို့အထိ စစ်သင်္ဘောတွေဆန်တက်ဖို့အတွက် စစ်ကောင်စီကရေလမ်းကြောင်းရှင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၃၁ ဦး သေဆုံးခဲ့ရတယ်လို့ဒေသခံတွေနဲ့ မြစ်ကြောင်း အခြေနေ စောင့်ကြည့်တဲ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။
ဒါ့အပြင် ကသာမြို့နယ် မိုးတားလေးတိုက်နယ်ကကျေးရွာတစ်ခုမှာတော့ စေတီပုထိုးတွေအပါအဝင် အဆောက်အဦးများ ပျက်ဆီးခဲ့ရပြီး စစ်ကောင်စီကစစ်သင်္ဘောပေါ်က နေလက်နက်ကြီးလက်နက် ငယ်တွေနဲ့ပစ်ခတ်သလို Y 12 အမျိုးအစား ရဟတ်ယာဥ်တွေအပါအဝင်၊ ဂျက်ဖိုက်တာတွေအဓိကအသုံးပြုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊ လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ ရှိတာဖြစ်ပါတယ်။
By – အမိုး



