ပူတာအိုမြို့နယ် လုံရှာယန် နဲ့ တန်ဂျာကျေးရွာဘက်ရွာဘက်မှာ စစ်ကောင်စီတပ်က စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေမှာ တပ်စွဲနေထိုင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အင်အား ၁၀၀ ကျော်လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက မေလ ၉ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ပူတာအိုဘက်က စစ်ကား ၂ စီးနဲ့ ဆွမ်ပရာဘွမ့်ဘက်ကို ဦးတည်တက်လာခဲ့ပြီး လက်ရှိ တန်ဂျာကျေးရွာထဲမှာ တပ်စွဲထားတယ်လို့ တန်ဂျာဒေသခံ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။
“စစ်ကြောင်းဝင်လာတာက ဒီမနက်ကဘဲဝင်လာကြတာ။ ပူတာအိုကနေ ကားနဲ့ ဆင်းလာတယ်။ လုံရှားယန်နဲ့ တန်ဂျာဘက်ရောက်တဲ့ အချိန်မှာက ခြေလျင်နဲ့ ဝင်လာကြတယ်။ စစ်အင်အားက များတယ်။ ရွာထဲမှာတွေ့တာတောင် ၁၀၀ လောက်ရှိမယ်ထင်တယ်”လို့ပြောပါတယ်။
ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက လက်ရှိ တန်ဂျာကျေးရွာမှာ ဒေသခံပြည်သူတွေကို အကာအကွယ်ယူပြီးတော့ စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းနဲ့ လူနေအိမ်တွေမှာ ရှိနေကြတယ်လို့ ပြောပြပါတယ်။
ဒီစစ်ကြောင်းတွေက ကျေးရွာအတွင်းဝင်ရောက်လာပြီးတော့‘ကျေးရွာအနီးတဝိုက်တွေမှာ KIA ရှိမရှိ စစ်ဆေးမေးမြန်းတာတွေ၊ KIA တပ်တွေရှိလို့ ဝင်ရောက်လာတာဖြစ်တယ်လို့’ပြောဆိုပြီး ကျေးရွာထဲမှာရှိနေကြတယ်လို့သိရပါတယ်။
စစ်အင်အားအလုံးအရင်းနဲ့ ကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲထားတာကြောင့် တန်ဂျာနဲ့ လုံရှာယန်ဒေသခံပြည်သူတွေက တဖက်မှာ တိုက်ပွဲတွေဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ တန်ဂျာဒေသခံအမျိုးသမီးက ဆက်ပြောပြပါတယ်။
“ကျမတို့ ဒေသခံတွေက မထင်မှတ်ပဲဝင်လာကြတော့ တိုက်ပွဲဖြစ်လာမှာ အရမ်းကြောက်နေတယ်။ ရွာအနီးတဝိုက်တွေမှာဖြစ်လာရင် ဘယ်ကို ထွက်ပြေးကြမလဲစိုးရိမ်နေရတယ်။ ဘာလို့လဲဆိုတော့ စစ်သားတွေက ရွာထဲမှာ ရှိနေကြပြီး ဘယ်တော့ ဘယ်လိုဖြစ်လာမယ်ဆိုတာကိုမသိဘူးလေ။ ကြောက်တာက အရမ်းကြောက်နေတယ်”လို့ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ရွာထဲမှာ လာရောက်တပ်စွဲနေထိုင်နေတာကြောင့်ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေ မရှိသေးပေမယ့် တိုက်ပွဲဖြစ်ပွားလာရင် လူသားဒိုင်းအဖြစ် အသုံးပြုခံရမှာကို ဒေသခံတွေက စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။
ဒေသခံပြည်သူတွေရဲ့ ပြောဆိုချက်အရ ပူတာအိုဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအဖွဲ့တွေဟာ ဆွမ့်ပရာဘွမ့်မြို့ကို လက်လွတ်လိုက်ရတဲ့အတွက် စစ်ရေးအရ စစ်ရေးလှုပ်ရှားလာတာဖြစ်နိုင်သလို ဆွမ်ပရာဘွမ့်ဘက်ကို တန်ပြန်စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။
နှစ်လဝန်းကျင်လောက် မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြစ်ကြီးနား – ပူတာအိုကားလမ်းမပေါ်မှာရှိတဲ့ ဆွမ်ပရာဘွမ့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေက မေလ ၅ ရက်နေ့မှာ မြို့တစ်ခုလုံးအပါ စစ်တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)