ကချင်တစ်ပြည်နယ်လုံ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေချိန် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနားမြို့တွင်း မြို့ပြင် စစ်ရေးပြင်ဆင်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလနကျေးရွာနဲ့ နောင်နန်းကျေးရွာတစ်ဝိုက် စစ်ကောင်စီဘက်က တပ်ချနေရာယူပြီး လက်နက်ကြီးတပ်ဆင်ထားတဲ့အပြင် နောင်နန်းကျေးရွာ ၁၀ မိုင် အထက်တန်းကျောင်းနဲ့ ဂျော်ဘွမ်ဆုတောင်း တောင်မှာလည်း တပ်စွဲထားတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦး KNG ကို အခုလိုပြောပါတယ်။
“သူတို့အရင်ဆုံး KTCS ဓမ္မကောလိပ်ကျောင်းထဲကို ဝင်တယ်။ ကျောင်းကတာဝန်ရှိသူတွေက ကျောင်းထဲမှာ လူအရမ်းများပြီး နေရာမရှိကြောင်းပြောလို့ အဲကနေထွက်လာပြီး ၁၀ မိုင်စာသင်ကျောင်း မှာတစ်ဖွဲ့ နေနေတယ်။ ကျောင်းက ဆောက်လုပ်နေဆဲ အဆောင်သစ်ထဲမှာ နေနေတယ်။ ဂျော်ဘွမ်မှာလည်း အင်အား ၂၀ ၊၃၀ လောက်ရှိတယ်။ အားလုံး ၆၀၊ ၇၀ လောက်ရှိမယ်။ ဂျော်ဘွမ်မှာတပ်ချနေတဲ့ အဖွဲ့က သွားလာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး မေးတာမြန်းတာရှိတယ်။ KIA တွေလာမစရင်တော့ဘာမှမဖြစ် လောက်ဘူး။ ဘာစရင်တော့ KTCS ကျမ်းစာကျောင်းကို စစ်တပ်က နှောက်ယှက်လိမ့်မယ်။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဇူလိုင် ၂၉ ရက်နေ့မနက်ကစပြီး အင်အား ၆၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ကချင်နှစ်ခြင်းခရစ်ယာန် ဓမ္မကောလိပ်ကျောင်း KTCS ဝင်းထဲ ဝင်ရောက်လာပြီး တပ်ချနေရာယူဖို့ ပြင်ဆင်လာတာလို့ ဆိုပါတယ်။
ဒါပေမဲ့ KTCS ဓမ္မကောလိပ်ကျောင်းဝင်းထဲ ကျောင်းသား၊သူများတာကြောင့် နေရာမရှိတဲ့အတွက် လက်ရှိ ဂျော်ဘွမ်ဆုတောင်းတောင်မှာတစ်ဖွဲ့ ၊ နောင်နန်း ၁၀ မိုင်အထက်တန်းကျောင်းထဲမှာတစ်ဖွဲ့ စသဖြင့် နှစ်ဖွဲ့ခွဲပြီး တပ်ချနေရာယူထားတယ်လို့ သိရပါတယ်။
လက်ရှိ ၁၀ မိုင်အထက်တန်း စာသင်ကျောင်းမှာ ကလေးတွေကျောင်းတက်နေပေမဲ့ စစ်တပ်က တပ်ချနေရာယူထားပြီး ဂျော်မဆတ်နှစ်ခြင်းဘုရားကျောင်းနဲ့ KTCS ဓမ္မကောလိပ်ကျမ်းစာကျောင်းနဲ့ အနီးဆုံးမှာလည်း နေရာယူထားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း ပလန မရောက်ခင် ရွှေစက်ရပ် ကွက် လမ်းမဘေး ဘုန်းကြီးကျောင်းထဲမှာလည်း လက်နက်တပ်ဆင်ထားပြီး ပလနမီးသတ်ရုံးနဲ့ ရဲစခန်းနေရာတစ် လျှောက် နေရာယူအင်အားဖြည့်ထားတယ်လို့ ဆက်သိရပါတယ်။
လတ်တလော မြစ်ကြီးနားမြို့ထဲမှာ စစ်ကောင်စီတပ်ဟာ ညတိုင်း ကင်းလှည့်လှုပ်ရှားတာတွေ၊ မြို့ပြင်ဘက်တွေမှာ နေရာယူ တပ်ချထားပြီး လုံခြုံရေးတင်းကြပ်ထားတယ်လို့ သိရပါတယ်။
ကချင်တစ်ပြည်နယ်လုံးအတိုင်းအတာ ဖုန်းလိုင်း၊အင်တာနက်အားလုံး ပြတ်တောက်နေတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ကချင်သတင်းဌာန KNG ကိုအခုလိုပြောပါတယ်။
“စစ်ကိုင်းတိုင်းဘက်မှာ Cable ကေပေလ်ကြိုးတွေ ပျက်နေတဲ့အတွက်ကြောင့် တဲ့တာမပြုပြင်နိုင်သေးတာကြောင့် ဒီဘက်မှာ ဆက်သွယ်မှုအခက်အခဲဖြစ် နေတာပေါ့။ တည်ငြိမ်းအေးချမ်းမှု နည်းနည်းအားနည်းနေတဲ့အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်နေတဲ့အနေအထားလို့ သုံးသပ်ပါတယ်။ ကျနော်တို့က အတိအကျတော့မပြောနိုင်ဘူး။ အဆင်ပြေနိုင်အောင်တော့ ကျနော်တို့ကြိုးစားနေပါတယ်။ ပြီးရင် ခရိုင်တိုင်းနဲ့လည်းဆက်သွယ်နိုင်အောင် ခရိုင်တစ်ခုဆီမှာလည်း အားလုံးစီစဉ်ထားပါတယ်။ တချို့ တချို့နေရာတွေမှာ ရအောင်တော့ ကျနော်တို့ကြိုးစားပြီးလုပ်တာပေါ့နော်။ တစ်မြို့လုံးတော့မရနိုင်ပေမဲ့ မြို့ရဲ့အရှေ့အနောက်တောင်မြောက်တွေမှာ အားလုံး နည်းနည်းအဆင်ပြေအောင် ရနိုင်အောင်တော့ ကြိုးစားထားပါတယ်။ မကြာခင်မှာတော့ အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်။ ယုံကြည်ပါတယ်။” လို့ စစ်ကောင်စီလက်အောက် ကချင်ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်ကပြောပါတယ်။
ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ဇူလိုင်လ ၂၁ ရက်နေ့ကစပြီး ဖုန်းလိုင်း၊အင်တာနက်လိုင်းတွေ ပြတ်တောက် နေတာ ခုဆိုရင်တစ်ပတ်ကျော်ကြာလာပြီဖြစ်ပြီး လက်ရှိ ဗန်းမော်၊မိုးမောက်နဲ့ မံစီဘက်မှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းမှာ ကချင်ပြည်နယ်မှာ ဗန်းမော်၊မိုးမောက်နဲ့ မံစီ ကိုတိုက်ခိုက်ပြီးတစ်ပြိုင်နက် မြစ်ကြီးနား – ဝိုင်းမော်နဲ့ ချီဖွေဘက်မှာ တစ်ဆက်တည်း KIA က တိုက်ခိုက်လာနိုင်မယ်ဖြစ်ကြောင်း ကောလဟာလသတင်းတွေ ပျံ့နှံ့လာပြီးနောက် စစ်တပ်ဘက်ကလည်း အခုလိုစစ်ရေးပြင်ဆင်လာတာတွေဖြစ်နိုင်ကြောင်း ဒေသခံအများပိုင်း သုံးသပ်ပြောဆိုနေကြပါတယ်။