ဝိုင်းမော်မြို့နယ် လမြန်ရွာမှာရှိတဲ့ ဆုတောင်းတောင်မှာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ် တပ်စွဲနေရာယူဖို့ပြင်ဆင်နေတယ်လို့ ဝူယန်ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၂၁ ရက်နေ့ နောက်ပိုင်း ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်လိုက်တဲ့နောက် ဝိုင်းမော်မြို့ အထိုင်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းနဲ့ ဝူယန်ရွာမှာအထိုင်ချထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေဆီ စစ်အင်အားတောက်လျှောက်ဖြည့်တင်းနေပြီး ဆုတောင်းတောင်အထိ တပ်စွဲဖို့ပြင်ဆင်လာတာဖြစ်တယ်လို့ ဝူယန်ဒေသခံတစ်ဦးက KNG ကို ခုလိုပြောပါတယ်။
“ရွာနားက အမြင့်ဆုံးတောင်လို့ပြောလို့ရတယ် လမြန်ရွာနဲ့နီးသလို ဝူယန်ရွာနဲ့လဲနီးတယ် တော်တော်မြင့်တယ် ခုအဲမှာ စစ်သားတွေနဲ့ပြည်သူ့စစ်တွေထိုင်ဖို့ လုပ်နေကြတယ်လို့ သိရတယ်။ တောင်ခြေမှာတော့ KIA ပူးပေါင်းတပ်တွေရှိတော့ အဲဒီနေရာကိုယူနိုင်ဖို့ စစ်ကြောင်းထိုးနေတာ အဲဒါကြောင့် တိုက်ပွဲဖြစ်နေတာဟုတ်တယ်” လို့ပြောပါတယ်။
စစ်တပ်ဘက်က ဆုတောင်းတောင်မှာ တပ်စွဲနိုင်ဖို့ စစ်ကြောင်းထိုးနေပြီး KIA ပူးပေါင်းတပ်ဘက်ကလည်း အဲဒီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာတွေရှိနေတာကြောင့် နှစ်ဖက်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ခုလို စစ်ကြောင်းထိုးလာတာနဲ့တစ်ဆက်တည်း ဝူယန်၊လမြန်၊စတဲ့ကျေးရွာအနီးပတ်ဝန်းကျင် နှစ်ဖက်လက်နက်ကိုင်အဖွဲ့စစ်ရေးလှုပ်ရှားတာတွေဆက်တိုက်လုပ်နေတာကြောင့် တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။
တိုက်ပွဲဟာ ရွာအတွင်း၊ရွာပြင်ပမှာ ဖြစ်နေပြီး နှစ်ဖက်တပ်အကြားပစ်ခတ်တဲ့လက်နက်ကြီး လက်နက်ငယ်ကျရောက်ပေါက်ကွဲတာကြောင့် ရွာထဲက အရပ်သားနေအိမ်အများအပြားမီးလောင်ပျက်စီးနေပြီဖြစ်တယ်လို့ သိရပြီး အများဆုံးမီးလောင်ပျက်စီးတဲ့အပိုင်းဟာ ရွာအောက်ပိုင်းရပ်ကွက်ဖြစ်တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။
“ရွာအောက်ပိုင်း အိမ်တွေ ကုန်သလောက်ရှိနေပြီ တစ်ချို့အိမ်တွေ ဘာမှမကျန်ဘူး မီးလောင်တဲ့ထဲပါကုန်တာ။ တစ်ချို့အိမ်တွေတော့ လက်နက်ကြီးထိထားတာတွေရှိတယ်လို့” လို့ ဝူယန်ပြည်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ခုလို နှစ်ဖက်လက်နက်ကိုင်တပ်အကြား စစ်ရေးတင်းမာနေတာကြောင့် ရံဖန်ရံခါ လမ်းပိတ်တာတွေလည်းရှိနေတဲ့အတွက် ပြည်သူတွေဟာ နေအိမ်ခနတစ်ဖြုတ်ပြန်ဖို့သွားကြည့်ဖို့ပင် ခက်ခဲနေတယ်လို့ သိရပါတယ်။
လမြန်ကျေးရွာဟာ ဝူယန်ကျေးရွာအုပ်စုကျေးရွာဝင်ဖြစ်ပြီး တစ်ဆက်တည်းရှိတဲ့ကျေးရွာတွေဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ် မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်းဟာ ဝိုင်းမော်မြို့အတွင်း နောက်ဆုံးကျန်နေတဲ့ တပ်ရင်းဌာနချုပ်ဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်ဟာ ရွာပေါင်း ၂၀၀ ကျော်ရှိပြီး လက်ရှိတိုက်ပွဲဖြစ်နေတဲ့ ဝူယန်၊လမြန်ရွာအပါအဝင် နမ့်ဝါ၊မုတ်ကျိတ်၊ဝါရှောင်ရွာတွေဟာ တရုတ်နယ်စပ်ဖြစ်တဲ့ ဆဒုံး– ကန်ပိုက်တည်၊ ချီဖွေ– ပန်ဝါသွားတဲ့လမ်းမှာရှိတဲ့ရွာတွေဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးအတွင်း ဝိုင်းမော်မြို့– လိုင်ဇာ– ဗန်းမော်မြို့သွားတဲ့ လမ်းမတစ်လျှောက်မှာရှိတဲ့ ရွှေညောင်ပင်၊အောင်မြေ ၁ ၊အောင်မြေ ၂ တပ်စခန်းတွေအပါအဝင် စခန်းပေါင်းအများအပြား သိမ်းပိုက်ရရှိထားပြီဲဖြစ်သလို တိုက်ပွဲကြောင့် ရွာပေါင်း ၁၀ ရွာကျော်လည်း ခုထိစစ်ဘေးရှောင်နေကြရဆဲဖြစ်ပါတယ်။
By – Zami