ဆုံးရှုံးထားတဲ့နယ်မြေတွေ ပြန်သိမ်းပိုက်မယ့် စစ်ကောင်စီတပ်ရဲ့ ရန်နိုင်မင်းစစ်ဆင်ရေးဟာ တစ်ပြည်နယ်လုံးအတိုင်းတာနဲ့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စတင်နေပြီ ဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးက နိုင်ငံအဆင့် စစ်ဆင်ရေးဖြစ်သလို စစ်ဆင်ရေးအတွင်း ခေတ်အဆက်ဆက်အသုံးပြုလာတဲ့ ဖြတ်လေးဖြတ်စစ်ရေးဗျူဟာကို ကျင့်သုံးနေတာကြောင့် အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လာနိုင်တဲ့အတွက် ကချင်ပြည်နယ်အတွင်း နေထိုင်တဲ့ပြည်သူတွေ စစ်ရေးအထူးသတိရှိကြဖို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။
“အားလုံးသိတဲ့အတိုင်း ရန်နိုင်မင်းစစ်ဆင်ရေးဆိုတဲ့ဟာ စက်တင်ဘာလကတည်းကနေစလာပြီ။ စစ်တပ်က ဖြတ်လေးဖြတ်ကို ကျင့်သုံးတာဖြစ်တဲ့အတွက် ပြည်သူတွေဘက်ကိုပစ်မှတ်ထားလာမှာဖြစ်တယ်။ ပိုပြီးတော့ ကျနော်တို့ဒေသခံ တိုင်းရင်းသားတွေရှိတဲ့နေရာတွေ ပစ်မှတ်ထားလာနိုင်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ရေးသတိကို သတိလက်လွတ်နေလို့မရဘူး အထူးသတိထားကြဖို့လိုတယ်ဆိုတဲ့အကြောင်း သိစေချင်တယ်” လို့ ပြောပါတယ်။
ဖြတ်လေးဖြတ်တဲ့ ဗျူဟာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆရတဲ့ အရပ်သားတွေအပေါ် ပြင်းထန်တဲ့ပြစ်ဒဏ်ပေးတဲ့ စစ်ဗျူဟာတစ်ခုဖြစ်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းခေတ် ၁၉၆ဝ ကျော်က ကွန်မြူနစ်နဲ့ ကရင်လက်နက်ကိုင်တွေကို ချေမှုန်းရာမှာ သုံးခဲ့တယ်လို့သိရပါတယ်။
ဖြတ်လေးဖြတ်ကျင့်သုံးပြီး စစ်တပ်က သူတို့ဆုံးရှုံးထားတဲ့နေရာ၊ နယ်မြေတွေကိုပြန်သိမ်းပိုက်ဖို့ ရန်နိုင်မင်း စစ်ဆင်ရေး စတင်လာတဲ့အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ဝိုင်းမော်မြို့တွေမှာ တိုက်ပွဲမရှိပေမယ့် လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်ရှိနေသလို တိုက်ပွဲနေရာဖြစ်တဲ့ ဗန်းမော်၊ ဖားကန့်၊ မိုးမောက်၊ ပန်ဝါနဲ့ ကချင်– စစ်ကိုင်းအစပ် ပင်လည်ဘူး၊ ထီးချိုင့်၊ အင်းတော်တွေမှာလည်း စစ်တပ်က အရင်ထက်လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု ၄ ဆလောက် တိုးမြင့်ပြီး ပစ်ခတ်တိုက်ခိုက် နေတယ်လို့ ကာကွယ်ရေးတပ်တွေ ပြောပါတယ်။
“မသိရင် ပင်လည်ဘူးက လေယာဉ်ကွင်းလို့ထင်ရတယ် နေ့တိုင်းလေယာဉ်တွေနဲ့စည်ကားလို့ တစ်ခါလာရင် အလုံး ၂၀ မနည်းပစ်တာ နေ့တိုင်း တစ်ရက်ကို ၂ ခါ အနည်းဆုံးလာတယ်။ လေကြောင်းက ခါတိုင်းထက် ပိုသုံးလာတာတွေ့တယ်” လို့ ပင်လည်ဘူးမြို့တိုက်ပွဲမှာ ပါဝင်နေတဲ့ KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
မတ်လ ၇ ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးမှာ စစ်တပ်ဘက်က မြို့ ၉ မြို့နဲ့ ဗျူဟာကုန်းအပါအဝင် စခန်းပေါင်း ၂၀၀ ကျော်ကို KIA ကသိမ်းပိုက်ထားတဲ့အပြင် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်အနီး ဗန်းမော်မြို့ ၇ မိုင်မှာရှိတဲ့ ခမရ ၄၃၇ တပ်ရင်းကိုလည်း သိမ်းပိုက်ထားပြီဖြစ်ပါတယ်။
သိမ်းပိုက်ထားတဲ့ ခမရ ၄၃၇ တပ်ရင်းကိုလည်း စစ်တပ်က ပြန်ရယူဖို့အပြင်းထန်ကြိုးစားနေပြီး စစ်ရေးပြင်းထန်နေတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။
“သူတို့ဘက်က လေယာဉ်နဲ့ပစ်တယ် ဒရုန်းနဲ့ပစ်တယ် ခြေချင်နဲ့လည်း တက်လာတာတွေရှိတော့ မိုးမော်နဲ့ ဗန်းမော်ကြားမှာကတော့ အချိန်တိုင်း စစ်ရေးပြင်းထန်နေတာပေါ့ နေ့တိုင်းကို အပြန်အလှန်ပစ်ခတ်နေကြတယ်။ ခြေချင်နဲ့ မတက်လာရင်တောင် လေယာဉ် လက်နက်ကြီး ဒရုန်းအမြဲပစ်နေတယ် အရင်လ ၂၃ ရက်နေ့လောက်ကတည်းကနေ ဆက်တိုက်ပစ်ခတ်နေတာ ၄၃၇ကို သူတို့ဘက်က ပြန်လည်သိမ်းပိုက်နိုင်ခြင်းတော့ မရှိသေးဘူး”လို့ ပြောပါတယ်။
ဒါ့အပြင် ရေကြောင်းကနေလည်း ဩဂုတ်လကုန်ပိုင်း စစ်လက်နက်ရိက္ခာတွေကို သင်္ဘောကနေ ပို့ဆောင်လာပေမယ့် ရေကြောင်းတစ်လျှောက် ကာကွယ်ရေးတပ်ပစ်ခတ်တိုက်ခိုက်ခဲ့အတွက် စစ်တပ်ဘက်ကအထိနာပြီး စစ်သင်္ဘောတစ်ချို့ မီးလောင်ပျက်စီးတာအပြင် KIA ပူးပေါင်းတပ်ဘက်က သိမ်းပိုက်လိုက်တဲ့အတွက် သင်္ဘောတစ်စီးသာ ရောက်လာတာ ဖြစ်ပါတယ်။
အလားတူစွာ ဖားကန့်မြို့ ဆိုင်းတောင်ရွာမှာ တစ်ပတ်အတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ၁၄ ကြိမ်တိတိ ရှိလာပြီဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ ဆိုင်းတောင်ရဲစခန်းလက်လွတ်လိုက်ရတဲ့နေ့ကစလို့ စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်နေတာပါ။
KNG စုစည်းထားတဲ့အချက်လက်အရ ရဲစခန်းသိမ်းခံလိုက်ရတဲ့နေ့ စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင် ဂျက်ဖိုက်တာ ၂ စီးနဲ့ ၃ ကြိမ်၊ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင် ဂျက်ဖိုက်တာတစ်စီးနဲ့ တစ်ကြိမ် ညနေ ၂ နာရီဝန်းကျင် ဂျက်ဖိုက်တာ ၂ စီးနဲ့နောက်ထပ် ၂ ကြိမ်၊ ၁၈ ရက်နေ့ နေ့လည်မှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ တစ်ကြိမ်၊ ၁၉ ရက်နေ့ မနက် ၁ နာရီဝန်းကျင် ဂျက်ဖိုက်တာ ၂ စီးနဲ့ ၄ ကြိမ်၊ ၂၀ ရက်နေ့မနက် ၃ တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီဖြစ်ပါတယ်။
စက်တင်ဘာလ ၂၀ ရက်နေ့အထိ စစ်တပ်နဲ့ KIA ပူးပေါင်းတပ်အကြား ဖားကန့်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်းထိလက်နက်ကြီးကျပေါက်ကွဲတာကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေများနေပါတယ်။
လက်ရှိကချင်ပြည်နယ်အပါအဝင် စစ်ကိုင်း– ကချင်အစပ်မှာ ဖုန်း၊အင်တာနက်၊ဝိုင်ဖိုင်လိုင်းအားလုံးဖြတ်တောက်ခံထားရတာ နှစ်လဝန်းကျင်ရှိလာပြီး ပြည်သူတွေဟာ သတင်းအချက်လက်ရရှိဖို့ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့အချင်းချင်းကူညီရိုင်းပင်းပြီး သတင်းပေးကြဖို့ စစ်ရေးသတိရှိကြဖို့ KIO/KIA ဘက်က မကြာခနဆိုသလို အသိပေးနေတာလည်းဖြစ်ပါတယ်။
ကချင်ပြည်နယ်ဟာ မြန်မာပြည်မြောက်ပိုင်းမှာရှိပြီး ခရိုင် ၄ ခု၊မြို့နယ် ၁၈ မြို့နယ်၊လူဦးရေ ၁သန်းကျော်နေထိုင်တဲ့ပြည်သူဖြစ်ကာ နယ်မြေအားဖြင့် စစ်ကိုင်း–ရှမ်းပြည်နယ်နဲ့ထိစပ်နေတာလည်းဖြစ်ပါတယ်။
By – Zami