ရွှေကူကနေအထက်ကို ဆန်တက်လာတဲ့ ရေယာဉ် ၂ စီး နစ်မြုပ်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အထက်ပိုင်းမှာ ရွှေကူဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ရေယာဉ် ၃ စီးအနက် ၂ စီးဟာ ဒီနေ့ စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခံရပြီး နစ်မြုပ်သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ဒီနေ့မနက် ၇ နာရီလောက်မှာ ဇင်းဘုံကျေးရွာနဲ့ စင်းခန်းတံတားအောက်ပိုင်းအနီး၊ နတ်မျက်နှာတောင်အထက်ဘက် မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ရွှေကူကနေ စီးဆန်တက်လာတာ အဲ့ဒီ ဇင်းဘုံနဲ့ စင်းခန်း အောက်နားဆွဲလောက် နတ်မျက်နှာတောင်ရဲ့ အထက်ဘက်လောက် ကျမှာပေါ့ဗျာ။ ဒီနေ့မနက်ပဲ ၁၆ ရက်နေ့ နာရီလောက်က နစ်မြုပ်လိုက်တာ။ နှစ်စီးမြုပ်သွားတယ်လို့ပြောတယ်။ စီးတက် လာ တာ။ တစ်စီးကတော့ ပြန်စုန်ပြေးသွားတယ်လို့သိရတယ်ဗျလို့ ရွှေကူဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

လက်ရှိ ရရှိထားတဲ့ ဗီဒီယိုမှတ်တမ်းအရ နစ်မြုပ်သွားတဲ့ ရေယာဉ် ၂ စီးထဲက တစ်စီးဟာ တွဲတွန်းသင်္ဘောဖြစ်တာကို တွေ့ရပြီး နောက်တစ်စီးရဲ့ ရေယာဉ်အမျိုးအစားကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရေယာဉ်တွေကို ဘယ်လိုပစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီးလည်း အဲဒီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ဗီဒီယို မှတ်တမ်းအရ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာ မဟုတ်ဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

ဗီဒီယိုမှတ်တမ်းအရ ကြည့်ရတာတော့လည်း အသေခံဒရုန်းနဲ့တိုက်ခိုက်တာမဟုတ်လောက်ဘူး။ လက်နက်ကြီးနဲ့ လှမ်းပစ် လိုက်တဲ့သဘောပါ။ အချက်အလက်အရလည်း ပုခုံးထမ်းတဲ့လက်နက်ကြီးနဲ့ပစ်လိုက်တယ်လို့ပြောတယ်
လို့ အဆိုပါဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

အခု နစ်မြုပ်သွားတဲ့ ရေယာဉ် ၃ စီးဟာ စက်တင်ဘာလဆန်းပိုင်းက မန္တလေးဘက်ကနေ ဆန်တက်လာတဲ့ ဒုတိယအကြိမ် ရေကြောင်းစစ်ကြောင်းထဲက ရေယာဉ်တွေလား၊ အရင်က ရွှေကူမှာကျန်ခဲ့တဲ့ ရေယာဉ်တွေလားဆိုတာကိုတော့ လက်ရှိအချိန် အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက် မနက်ပိုင်းမှာလည်း စင်းခန်းတံတားအနီးမှာ ကုန်တင်ရေယာဉ် နောက်ထပ် ၁ စင်း ထပ်မံ တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

စက်တင်ဘာလ ၁၂ ရက်နေ့ကတော့ ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းအတွင်း စင်းခန်းတံတားအနီးနဲ့ ရွှေဘုံသာရွာ နားမှာ စစ်တပ်ရေယာဉ်တွေ တိုက်ခိုက်ခံခဲ့ရပြန်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း တွန်းသင်္ဘော ၃ စင်း၊ တိုက်ခိုက်ရေးသင်္ဘော ၁ စင်းနဲ့ အမြန်စက်လှေ ၁ စင်း ပျက်စီးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းမှာတော့ စင်းခန်းတံတားအနီး ကုန်တင်ရေယာဉ် ၁ စင်း တိုက်ခိုက်ခံရပြီး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။ အဲဒီနေ့ ညနေပိုင်းမှာတော့ ကုန်တင်ရေယာဉ် နောက်ထပ် ၁ စင်း ထပ်မံတိုက်ခိုက်ခံခဲ့ ရတာလို့သိရပါတယ်။

ဒါကြောင့် စက်တင်ဘာလ ၁၂ ရက်ကနေ ၁၄ ရက် ရရှိထားတဲ့စာရင်းတွေအတိုင်းဆိုရင် ၃ ရက်အတွင်း စစ်တပ်ဘက်က ရေယာဉ် အနည်းဆုံး ၈ စင်း တိုက်ခိုက်ခံရပြီး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွှေကူကနေ ဆန်တက်လာတဲ့ ရေယာဉ် ၃ စီးအနက် ၂ စီး နစ်မြုပ်ပြီး တစ်စီး ပြန်လည်စုန်ဆင်းသွားတယ်လို့ သိရတာကြောင့် ရွှေကူဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြောင်းသွားလာမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်ရှိနေပါတယ်။

နစ်မြုပ်သွားတဲ့ ရေယာဉ် ၂ စီးထဲက တစ်စီးဟာ တွဲတွန်းသင်္ဘောဖြစ်ကြောင်း ဗီဒီယိုမှတ်တမ်းအရ သိရပေမယ့် နောက်တစ်စီးရဲ့ အမျိုးအစားနဲ့ အဲဒီရေယာဉ် ၃ စီးဟာ ဘယ်ရေကြောင်းစစ်ကြောင်းက ပါဝင်လာတာလဲဆိုတာကိုတော့ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

By – အမိုး

Show More

Leave a Reply

Back to top button