ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့် တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ ဗန်းမော်လေယာဉ်ကွင်း တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီးနောက် စကခ ၂၁ စစ်မျက်နှာဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“လေယာဉ်ကွင်း အားလုံးက ရှင်းလင်းသိမ်းပိုက်လိုက်ပြီ ဘာမရှိတော့ဘူး။ အခုက လေယာဉ်ကွင်းကို ကျော်ပြီး စကခ (၂၁) ဘက်ကို မျက်နှာမူပြီး တိုက်ပွဲဖြစ်နေသေးတယ်။ သိမ်းပိုက်ဖို့တပ်ရင်းတွေက အများကြီးကျန်နေသေးတယ်” လို့ KIA စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးပြောပါတယ်။
ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေက စစ်ရှိုန်ထပ်မြင့် ဖော်ဆောင်လိုက်တဲ့ တိုက်ပွဲ ၄ ရက်အတွင်းမှာ သံချပ်ကာတပ်၊ အမြောက်တပ် (၃၆၆) နဲ့ လေယာဉ်ကွင်း ၃ နေရာကို သိမ်းပိုက် ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
သံချပ်ကာတပ်ရင်းနဲ့ အမြောက်တပ် တပ်ရင်း နှစ်ခုကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပြီးတော့ လေယာဉ်ကွင်းကို ၂၆ ရက်နေ့ ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၆ ရက်နေ့ ဗန်မော်လေယာဉ်ကွင်းတစ်ခုလုံးကို KIA သိမ်းပိုက်ခဲ့တဲ့ အခြေအနေနဲ့ လက်ရှိ ဗန်းမော်တိုက်ပွဲ အခြေအနေကို KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။
“သံချပ်ကာတပ်ရင်းက ၂၅ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်။ အခုဆက်ပြီး စကခ ၂၁ ဘက်မှာ ပစ်ခတ်တာတွေရှိတယ်။ လေယာဉ်ကွင်းကိုလည်း ကျနော်တို့ဘက်ကနေ သိမ်းထားပြီလို့ ပြောတယ်။ စစ်ကောင်စီဘက်ကနေလည်း လေယာဉ်နဲ့ ဗုံးကြဲ၊ ဒရုန်းပစ်နေတော့ တိုက်ပွဲက ဆက်ပြင်းထန်နေပါတယ်။ တိုက်ပွဲအခြေအနေက သလောက်အထိပဲရှိသေးတယ်” လို့ ပြောပါတယ်။
လက်ရှိ ဗန်းမော်မြို့ထဲမှာ တပ်ချနေထိုင်တဲ့ ခလရ ၂၃၆၊ ၂၃၇၊ ခလရ ၄၇၊ စကခ ၂၁ တပ်ရင်းနဲ့ ထောက်ပို့တပ်၊ နည်းပညာတပ်ရင်း၊ အင်ဂျင်နီယာတပ်ရင်း၊ လေ့ကျင့်ရေးတပ်ရင်း ၊ မွေးမြူရေးတပ်ရင်း စတဲ့ တပ်ရင်း အများအပြား ကျန်ရှိနေသေးတာလည်း ဖြစ်ပါတယ်။
ဗန်းမော် မြို့သိမ်းတိုက်ပွဲဟာ အချိန်ကာလ တစ်ခုကြာရှည်နိုင်သေးတယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ် သူတစ်ဦးလည်း အခုလို သုံးသပ်ထားပါတယ်။
“ပြောဖို့တော့ ခက်နေသေးတယ်လို့မြင်တယ်။ တကယ်လို့ စကခ (၂၁) ကို သိမ်းလိုက်ရင်တော့ တခြားကျန်ရှိနေတဲ့ တပ်ရင်းတွေက သိမ်းပိုက်ဖို့ လွယ်ကူသွားမယ်လို့ထင်တယ်။ အခုက စကခ (၂၁) အနားမှာက တပ်စခန်း ၅ ခုလောက်ရှိနေသေးတယ်။ အဲဒါတွေပြီးသွားမှ ခလရ ၄၇ တွေဘက်ရောက်လာလိမ့်မယ်။ ပြီးမှ တက္ကသိုလ်ဝင်းလည်း ကျန်နေသေးတယ်။ အကုန်သိမ်းနိုင်ဖို့က နည်းနည်းတော့ ကြာအုံးမယ်” လို့ ပြောပါတယ်။
အဲဒီတပ်ရင်းနေရာတွေကို လက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်ဟာ နေ့စဉ် ဆက်မပြတ် လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်တိုက်ခိုက်နေတဲ့အတွက် ဗန်းမော်မြို့ထဲက လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှု ပိုမိုများပြားလာတယ်လို့ သိရပါတယ်။
KIA က ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပထမအကြိမ် စတင်တိုက်ခိုက်ခဲ့ပြီးတော့ ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်း ၄ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီလ ၄ ရက်နေ့ ထပ်မံတိုက်ခိုက်တဲ့ စစ်ဆင်ရေးမှာ ဗန်းမော်နဲ့ တဆက်တည်းရှိတဲ့ မံစီမြို့နယ်မှာလည်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ၈ ရက်နေ့မှာ မံစီမြို့နယ်တစ်ခုလုံး စစ်တပ် ကင်းစင်နယ်မြေ ဖြစ်လာခဲ့ပါတယ်။