သတင်း

ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံထားရ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦး လည်ပင်းဓားထိုးဒဏ်ရာနဲ့သတ်ဖြတ်ခံထားရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းဆီကနေ သိရပါတယ်။

မတ်လ ၅ ရက်၊ မနက် ၇ နာရီဝန်းကျင် ဝိုင်းမော်မြို့အမှတ် ၅ ရက်ကွက် နေအိမ်တစ်အိမ်မှာ အမျိုးသမီးရဲ့ တစ်ဦးသတ်ဖြတ်ခံရကြောင်း မိသားစုဝင်တွေက မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းကို ဆက်သွယ်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လူမူကယ်ဆယ်အသင်းရောက်ရှိချိန်မှာ သေဆုံးနေတဲ့အမျိုးသမီးမှာ လည်ပင်းဓားထိုးသွင်းဒဏ်ရာ ၆ ချက်နဲ့ သေဆုံးနေတာဖြစ်တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

“တွေ့ရတာကတော့ လူသတ်မှုပါဘဲ အဲလောက်ဘဲ ကျွန်တော်တို့လည်း သိရတယ်။ လည်ပင်းမှာဘဲ ၆ ချက်ထိုးတာတာတွေ့တယ် ညာဖက်မှာပေါ့”လို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၈ နှစ်ဝန်းကျင် ဒေါ်ဆောင်မျှော်ဆိုသူဖြစ်ပြီး ဝိုင်းမော်မြို့မဈေးမှာ အမဲသားရောင်းသူဖြစ်ကာ သားသမီးသုံးဦးရှိတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ဝိုင်းမော်ရင်ခွဲရုံမှာ ပို့ဆောင်ထားတယ်လို့သိရပြီး လက်ရှိချိန်ထိတော့ ဘယ်သူဘယ်ဝါ သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူးလို့ ဒေသခံတွေဆိုပါတယ်။

“ဘယ်သူတွေ သတ်သွားလဲဆိုတာတော့ မသိရသေးဘူး။ အဲမှာပြောနေကြတာက ရန်ငြိုးရှိတဲ့သူတွေများလားဆိုပြီး ပြောကြတယ် သေချာတော့ မသိရသေးဘူး”လို့ ဝိုင်းမော်မြို့ ရပ်ကွက် ၂ မှာနေထိုင်တဲ့‌အမျိုးသားတစ်ဦး ပြောပါတယ်။

ဝိုင်းမော်မြို့မှာ ပြီးခဲတဲ့ ဖေဖော်ဝါရီလ စန်းကားကျေးရွာအနီးရှိ အာလူးဘာရီကျေးရွာမှာလည်း အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်တဲ့ မောင်ကံချား နေအိမ်ရေတွင်းမှာနောက်ပြန်ကြိုးတုပ်ခံထားရတဲ့အနေအထားနဲ့ သေဆုံးခဲ့တဲ့ဖြစ်စဥ် ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ်အတွင်း ဝိုင်းမော်မြို့ထဲ ခုလိုနေအိမ်မှာ အသတ်ခံရတဲ့ဖြစ်စဉ်ဟာ နှစ်ကြိမ်ထိရှိလာ‌ပေမယ့် ပြစ်မှုကျူးလွန်သူတွေကိုတော့ ခုထိရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး။

ဒါအပြင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကချင်ပြည်နယ်အနှံ့ ခိုးဆိုးလုနှိုက် သတ်ဖြတ်ခံရမှုတွေ မကြာခန ဖြစ်ပွားနေပြီး အရပ်သားပြည်သူတွေအနေနဲ့လည်း သွားရေးလာရေးအတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button