သတင်း

KIO နယ်မြေမှာ ကလေး ကာကွယ်ဆေးထိုးနိုင်မှု အခွင့်အလမ်း နည်းပါး နေဆဲ

နည်းလမ်းရှာဖွေနေတယ်လို့ KIO က ပြောပါတယ်။

ကချင်ပြည်နယ်က မြို့တချို့မှာ မွေးကင်းစအရွယ် ကလေးငယ် ကနေ အသက် ၉ နှစ်အရွယ်အထိ ကာကွယ်ဆေး ထိုးနှံနိုင်ဖို့ ခက်ခဲသွားတဲ့အတွက် ကာကွယ်ရေးထိုးနိုင်ဖို့ သွားလာရေးခရီးစရိတ်က အလွန်များတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဗန်းမော်ခရိုင် မြို့နယ်အားလုံးမှာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကနေ မွေးကင်းစ ကလေးငယ်တွေကို ကာကွယ်ဆေး ထိုးပေးနေတဲ့ ကျေးလက်ကျန်းမာရေး ဆေးခန်းတွေ ရပ်တန့်သွားတာပါ။

ဒါကြောင့် ဗန်းမော်ခရိုင်အတွင်းက ဒေသခံတွေဟာ နီးစပ်ရာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့အထိ ငွေကုန်ကျခံပြီး ကာကွယ်ဆေးသွားရောက်ထိုးနှံနေရတယ်လို့ ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ဗန်းမော်မှာက တိုက်ပွဲ စဖြစ်လာတဲ့နောက်ပိုင်း ဘယ်နေရာမှာ ကာကွယ်ဆေးတွေ လုံးဝ မထိုးနိုင်တော့တာဖြစ်ပါတယ်။ မြစ်ကြီးနားကို သွားဖို့ဆိုရင်လည်း ခရီးအရမ်းဝေးသွားပြီ။ အခုက ဗန်းမော်မြို့တစ်ခုတည်းမဟုတ်ဘူး။ ခရိုင်တစ်ခုလုံးက ကလေးကာကွယ်ဆေးထိုးနိုင်ဖို့ ခက်သွားတာ။ တစ်ချို့အရမ်းစွန့်စားတဲ့သူတွေက မြစ်ကြီးနားကို သွားတယ်။ ဗန်းမော်ပြည်သူတွေက များသောအားဖြင့် မူဆယ်မြို့ကို ကြိုးစားပြီး သွားကြတယ်” လို့ ပြောပါတယ်။

ဗန်းမော်ခရိုင်ထဲမှာ ၂၀၂၃ ခုနှစ် နှစ်ဝက်လောက်ပိုင်းအထိ မြို့နယ်၊ ကျေးရွာတွေမှာ ပုံမှန် ကာကွယ်ဆေးထိုးနိုင်ခဲ့ပေမယ့် မြို့သိမ်းတိုက်ပွဲ ဆင်နွဲလာတဲ့ ၂၀၂၄ ခုနှစ်မှာတော့ အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်သွားတာဖြစ်ပါတယ်။

ဗန်းမော်ခရိုင်ထဲက ပြည်သူများ မူဆယ်မြို့မှာ ကလေးကာကွယ်ဆေးသွားထိုးနေရ

တိုက်ပွဲကြား ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးတော့ မွေးကင်းစအရွယ်ကနေ ၉ နှစ်ပြည့်တဲ့အထိ ကလေးငယ်တွေက ကာကွယ်ဆေး မထိုးနိုင်တော့ပဲ စစ်ဘေးရှောင်နေရာတွေမှာ တိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ဒါကြောင့် ဗန်းမော်ခရိုင်တစ်ခုတည်းကနေ တစ်နှစ်ကျော်အတွင်း ကာကွယ်ဆေး မထိုးနှံ နိုင်တော့တဲ့ ကလေးငယ် ထောင်ချီအထိ ရှိလာနိုင်ပြီးတော့ ငွေကြေးတတ်နိုင်သူတစ်ချို့သာ မြစ်ကြီးနားမြို့နဲ့ ရှမ်းပြည်နယ် မူဆယ်မြို့ပေါ်တွေမှာ သွားရောက် ခံယူနိုင်တာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဗန်းမော်ခရိုင် မံစီမြို့နယ်ကနေ ရှမ်းပြည်နယ် မူဆယ်မြို့အထိကို ခရီးစရိတ်တစ်ခုတည်း ၅ သိန်းဝန်းကျင်ခန့် ကုန်ကျခံပြီး သွားရောက်ရတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ ရက်မှာပဲ ကျနော့်ကလေးကို သွားထိုးတာ လူတအားများတော့ တုံကင်နဲ့ တန်းစီပြီး ထိုးရတယ်။ တစ်ရက်ကို အယောက် ၃၀၀ ကန့်သတ်ပြီး မြို့နယ်ခွဲ ထိုးပေးတယ်။ ဒါတောင် လူအရမ်းများလို့ တစ်ချို့က ညစောင့်အိပ်ကြတယ်။ ကျနော်တောင် အစောကြီး ထပြီး မနက် ၄ နာရီခွဲလောက် တုံကင်သွားတိုးတာ အရမ်းကြာတယ်။ လာတန်းစီပြီး မထိုးရဘဲ ပြန်သွားတဲ့ သူတွေလည်း အများကြီးရှိတယ်” လို့ ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

ကလေးကာကွယ်ဆေး ထိုးနိုင်ဖို့ မူဆယ်ဆေးရုံးမှာ တန်းစီးနေကြတဲ့ ပြည်သူများ

မူဆယ်မြို့အထိ တစ်ခါသွားရင် ငွေကြေးကုန်ကျတဲ့အပြင် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြားမှာ သွားလာလှုပ်ရှားရာမှာ လုံခြုံရေးအတွက်လည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက် ပြင်းထန်လာတဲ့အတွက် ဒေသအတွင်း လူမှုအကူညီရေးအဖွဲ့တွေရဲ့  ဆေးဝါးကုသပေးတေဲ့ လုပ်ငန်းတွေစဉ်တွေ ရပ်တန့်လိုက်ရတာဖြစ်ပါတယ်။

တိုက်ပွဲကြောင့် မြို့နယ်တစ်ခုနဲ့ တစ်ခုကြား သွားလာဖို့ နဲ့ ဆေးဝါး သယ်ယူဖို့ ခက်ခဲသွားတဲ့အတွက် ကာကွယ်ဆေး မထိုးနိုင်တော့တဲ့ အခြေအနေ ရင်ဆိုင်ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် ယခုနှစ် ၂၀၂၅ မှာ ဆေးဝါးကုသမှုတွေ ပြန်လည် ရရှိလာအောင် Kachin Backpack အဖွဲ့က ကြိုးစားခဲ့ပေမယ့် အမေရိကန်အစိုးရရဲ့ ကူညီမှု ရပ်ဆိုင်းခြင်းကြောင့် ကုသရေးအစီစဉ် အထမမြောက်သေးဘူးလို့ ဆိုပါတယ်။

“၂၀၂၅ ဇန်နဝါရီနောက်ပိုင်းမှာက USIAD ထောက်ပံ့မှုတွေရပ်ဆိုင်းလိုက်ရတယ်။ အဲ့ဒီအခြေအနေအောက်မှာ အရင်ကလုပ်နေသေးတဲ့ လုပ်ငန်းစဉ်တွေနဲ့ ၂၀၂၅ မှာ ဆက်လုပ်သွားဖို့ စီစဉ်ထားတဲ့ အရာတွေလည်း ရပ်နားထားရတဲ့ အခြေအနေပေါ့လေ။ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း ညှိနှိုင်းထားပြီးပြီ။ လုပ်ငန်းစတော့မယ်လို့ လုပ်တာနဲ့ အခုလိုဖြစ်သွားတာပေါ့လေ”လို့ပြောပါတယ်။

မွေးကင်းစကလေးငယ်တွေကို သတ်မှတ်ထားတဲ့ အရွယ်တစ်ခုရောက်တဲ့အထိ ကာကွယ်ဆေးထိုးဖို့ မဖြစ်မနေ လိုအပ်တစ်ခုဖြစ်ပြီး ကိုယ်ခံအားကောင်းဖို့၊ ကူးစက်ရောဂါကြောင့် အသက်သေဆုံးမှု လျှော့ကျစေဖို့နဲ့ ကလေးဘဝ ဖြစ်လာနိုင်တဲ့ ရောဂါလက္ခာဏာများကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

အခုလို ကချင်ပြည်နယ် မြို့ပေါ်နဲ့ဝေးတဲ့ နေရာဒေသအသီးသီးမှာ ကာကွယ်ဆေးထိုးဖို့ ခက်ခဲနေတဲ့အပြင် စစ်ကောင်စီဘက်ကလည်း ကချင်ပြည်နယ်ထဲကို ဆေးဝါးတွေ ဝင်ရောက်ဖို့ ကန့်သတ်ထားတာတွေကြောင့် ခရိုင် ၄ ခုက မြို့နယ်အသီးသီးမှာ ဆေးဝါးတွေ ပြတ်လပ်နေတာလည်း ဖြစ်ပါတယ်။

အဓိကအားဖြင့် တိုက်ပွဲနေရာဖြစ်နေတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အဓိကထိန်းချုပ်ထားတဲ့ နေရာဒေသတွေမှာ ဆေးဝါးရရှိဖို့ ခက်ခဲသွားပြီး ပြည်သူတွေလည်း အချိန်မှီဆေးကုသမှု မခံယူနိုင်တဲ့အတွက် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။

KIO အစိုးရအနေနဲ့ လက်ရှိ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍမှာ အားနည်းချက်တွေ ရှိနေသေးပေမယ့် နည်းလမ်းတွေ ရှာဖွေနေဆဲ ဖြစ်တယ်လို့ KIO ဘက်က ပြန်လည် ပြောဆိုပါတယ်။

“မွေးကင်းစ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးတာတွေက ခက်ခဲနေပါတယ်။ အဓိကတော့ ဆေးရရှိဖို့ကို ခက်နေတာ ပေါ့လေ။ ဘာလို့လဲဆိုတော့ အရင်တုန်းကတော့ တရုတ်နိုင်ငံဘက်ကနေ ရရှိတာဖြစ်တယ်။ ဒါပေမယ့် အခုနောက်ပိုင်း တရုတ်အစိုးရက ကာကွယ်ဆေးထုတ်လုပ်တာကို ရပ်နားလိုက်တယ်။ သူတို့နိုင်ငံမှာ ဒီလိုမျိုးရောဂါ မရှိတော့ဘူး။ ဥပမာ – ပိုလီယို၊ ငှက်ဖျား၊ တိုက်ဖိုက်တို့ ကင်းစင်သွားပြီလို့ ကြေညာလိုက်ပြီဖြစ်တာကြောင့် ဆေးတွေ ဆက်မလုပ်တော့တဲ့အတွက် ဆေးရရှိဖို့ အရမ်းခက်သွားတယ်။ ပြီးရင် မြန်မာပြည်ဘက်ကလည်း ဆေးရရှိဖို့ ခက်နေသေးတယ်။ မကြာခင်နည်းလမ်းရှာသွားမယ်” လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

အခုလို မွေးကင်းစ ကလေးငယ်တွေ ကာကွယ်ဆေး မထိုးနိုင်တော့တဲ့ အခြေအနေဟာ ကချင်ဒေသတစ်ခုထဲမှာတင် မဟုတ်ဘဲ အဓိက တော်လှန်ရေးတပ်ဖွဲ့တွေ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ နေရာတိုင်းမှာ အလားတူ ရင်ဆိုင်ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် မတ်လလောက်ကနေ မြို့နယ်တစ်ချို့မှာ မြို့သိမ်းတိုက်ပွဲတွေစတင် ဖြစ်လာပြီးတဲ့ နောက်ပိုင်း ကချင်ပြည်နယ်အတွက် အရေးပါတဲ့ တရုတ်နယ်စပ်အဝင်ပေါက် ဂိတ်အားလုံးနဲ့ ဖုန်းအင်တာနက် လိုင်းအားလုံးဖြတ်တောက် ခံထားရတာ ဖြစ်ပါတယ်။

မြစ်ကြီးနား – မန္တလေး ပြည်ထောင်စုကားလမ်မကြီးတစ်လျှောက်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေပြီးတော့ ကချင်ပြည်နယ်ဘက်ကို ဝင်ရောက်မယ့် စားသောက် ကုန်ပစ္စည်းနဲ့ ဆေးဝါးပစ္စည်းတွေဟာ လိုအပ်သလောက် မရရှိဘဲ ကုန်စျေးနှုန်းမြင့်တက်တဲ့ ဒဏ်ကို ပြည်သူလူထုတွေက ကြုံတွေ့နေရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button