သတင်း

ချီဖွေ၊ပန်ဝါဒေသရောက် ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ကြုံ

ကချင်ပြည်နယ် ချီဖွေ၊ပန်ဝါဒေသမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက်ရွှေ့ပြောင်းလုပ်သားများ စားဝတ်နေရေးအခက်ခဲကြုံနေတယ်လို့ ရွေ့ပြောင်းလုပ်သားများဆီကနေ သိရပါတယ်။

မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ပန်ဝါဒေသကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းလိုက်တဲ့နောက်ပိုင်း မြေရှားလုပ်ကွက်အများပိုင်းကို ပိတ်သိမ်းလိုက်တာကြောင့် အလုပ်အကိုင်ရှားပါးလာတာဖြစ်တယ်လို့ ပန်ဝါ‌ဒေသရောက် ရွှေ့ပြောင်းလုပ်သား အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်၊၊ 

ဒီမှာဆက်နေမယ်ဆိုရင်လည်း အလုပ်ကမရှိ စားဖို့တောင်မရှိလာတော့ဘူး။ သတ္တုဆိုဒ်အားလုံးလိုလို နားထားကြပြီလို့ ပြောပါတယ်။

ချီဖွေ၊ပန်ဝါဒေသဟာ တရုတ်နယ်စပ်အနီးဆုံးတည်ရှိပြီး စစ်တပ်ကအာဏာသိမ်းလိုက်တဲ့နောက် အလုပ်အကိုင်ရှားပါးလာမှုကြောင့် မြန်မာပြည်နေရာအနှံ့ လူငယ်၊လူလတ်ပိုင်း‌တွေဟာ မြေရှားသတ္တုလုပ်ကွက်မှာ အလုပ်လာရောက်လုပ်ကိုင်သူတွေများတဲ့ဒေသဖြစ်ပါတယ်။

ဒါပေမယ့် နယ်ခြားစောင့်ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့အပါအဝင် ချီ‌ဖွေမြို့ကို KIA ပူးပေါင်းတပ်သိမ်းပိုက်လိုက်တဲ့နောက် နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြတ်သန်းခွင့်အပါအဝင်၊ မြေရှားသတ္တုလုပ်ကွက်အများပိုင်း ပိတ်သိမ်းလိုက်တဲ့အတွက် ရွှေ့ပြောင်းလုပ်သားများ အလုပ်လက်မဲ့များလာပြီး နေရပ်ပြန်ဖို့ ခရီးစရိတ်မရှိတဲ့အထိ ခက်ခဲကြပ်တည်းနေကြတယ်လို့ ပန်ဝါဒေသရောက် ရွေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးကလည်း ခုလိုပြောပါတယ်။

ဒီမှာအလုပ်လာရှာနေတာလည်းကြာပြီ၊ အိမ်ကယူခဲ့ပိုက်ဆံလည်းကုန်နေပြီ။ အိမ်ကိုပြန်သွားရအောင်လည်း လမ်းစရိတ်ကမရှိ၊အခုတောင်သူငယ်ချင်းဆီကပ်နေတာ။ အလုပ်အရမ်းရှားသွားပြီလို့ ပြောပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေဟာ စားဝတ်နေရေးခက်ခဲကြပ်တည်းတဲ့အပြင် ပန်ဝါချီဖွ– မြစ်ကြီးနား လမ်းပိုင်းမှာလည်း KIA တပ်ဖွဲ့ တပ်သားသစ်စု ဆောင်းတာတွေရှိနေတဲ့အတွက် နေရပ်ပြန်ဖို့လည်း စိုးရိမ် နေရတယ်လို့ ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။

နှစ်ပေါင်း ၅၅ ထိန်းချုပ်ထားတဲ့  ကချင်အထူးဒေသ ၁ ဌာနချုပ် ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်က ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ သိမ်းပိုက်ပြီး၊ ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့ သိမ်းပိုက်လိုက်တဲ့နောက် မြေရှားသတ္တုလုပ်ကွက် အားလုံးနီးပါးပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။

ခုလို အလုပ်ကိုင်ရှားပါးမှု‌ကြောင့် ရွှေ့ပြောင်းလုပ်သားများအပြင် ဒေသခံတွေတစ်ဖက်တစ်လမ်းဝင်ငွေရရှိနေတဲ့ ကုန်စုံဆိုင်နဲ့ တစ်ခြားစီးပွားရေးလုပ်ငန်း‌တွေမှာလည်း ခက်ခဲမှုရှိလာတယ်လို့ ချီဖွေမြို့မှာ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။

အရင်လို ရောင်းမကောင်းတော့ဘူး ပန်ဝါဘက်က အလုပ်ဖွင့်မှ အလုပ်သမားတွေပဲ အများပိုင်းဝယ်တာဟုတယ်တယ်။ ခုက ကုန်ခြောက်နည်းနည်းပါးပါးပဲရောင်းရတယ်လို့ပြောပါတယ်။ 

ပန်ဝါ၊ချီဖွေဒေသမှာ မြေရှားလုပ်ကွက်ပေါင်း ၃၀၀ ခန့်ရှိတယ်လို့ သိရပြီး လုပ်ကွက်အကြီးအသေးပေါ် မူတည်ကာ လုပ်ကွက်တစ်ကွက်မှာ လုပ်သား ၃၀ နဲ့ ၅၀ ကြားမှာရှိတယ်လို့ သိရပါတယ်။

သို့သော် ၂၀၂၄ ခုနှစ် အောက်တိုဘာလနောက်ပိုင်း မြေရှားလုပ်ကွက်အများပိုင်းပိတ်သိမ်းသွားပြီး လတ်တလောတူးဖော်နေတဲ့ မြေရှားလုပ်ကွက် ၁၀ ခုခန့်သာရှိတော့တယ်လို့ မြေရှားလုပ်ကွက်မှာ စာရင်းကိုင်လုပ်ခဲ့ဖူးတဲ့ ရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုပါတယ်။

မြေရှားသတ္တုထွက်ရှိရာ ချီဖွေ၊ပန်ဝါဒေသဟာ နယ်ခြားစောင့်တပ်ထိန်းချုပ်ခဲ့တဲ့ ဒေသဖြစ်သလို တရုတ်နိုင်ငံကို မြေရှားအများဆုံးတူးပို့နေတာဖြစ်ပြီး စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ပန်ဝါမြို့နဲ့ချီဖွေမြို့မှာ မြေရှားတူးဖော်မှု လေးဆယ်ရာခိုင်နှုန်းမြင့်တက်လာတယ်လို့ Global Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်သို့ မြေရှားသတ္တုတင်ပို့မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၁၉,၅၀၀ သာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် ၄၁,၇၀၀ တန်အထိ တိုးမြှင့်လာခဲ့ပြီး တူးဖော်ရေးမိုင်းအရေအတွက်အနေဖြင့် ၄၀ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့တယ်လို့ Global Witness က ပြောထားပါတယ်။

By – အက်စတာ

Show More

Related Articles

Back to top button