KIO ရဲ့ အုပ်ချုပ်ရေးယန္တရားကို နှောက်ယှက်တာမလုပ်ဖို့ ကိုးကန့်နဲ့ သဘောတူထား

ရှမ်းမြောက်၊ နမ့်ဖတ်ကာမြို့မှာ ကိုးကန့်ရဲ့ ရုံးထားရှိမှာဖြစ်ပေမယ့် KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို အနှောက်အယှက်ပြုတာမျိုးတွေ မလုပ်ဖို့ KIO နဲ့ MNDAA နှစ်ဖွဲ့ ဆွေးနွေး ညှိနှိုင်းထားတယ်လို့ သိရပါတယ်။

KIO အုပ်ချုပ်နေတဲ့ နမ့်ဖတ်ကာမြို့မှာ ကိုးကန့် MNDAA တပ်ဖွဲ့က TNLA ရှိရာနေရာအားလုံးကို သိမ်းပိုက်ပြီးနောက် KIO နဲ့လည်းတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ကိုးကန့် MNDAA က ဒီမှာ ဆက်ဆံရေးရုံးအဖြစ်ထားရှိပြီး နေနေတယ်။ ပြီးခဲ့တဲ့ TNLA ရှိနေတဲ့ နေရာတွေကို သိမ်းယူလိုက်ပြီးနောက် KIO နဲ့လည်းတွေ့ဆုံပြီးပြီ။ KIO ရဲ့ အုပ်ချူပ်ရေးယန္တရားလည်ပတ်နေတဲ့မြို့ဖြစ်တာကြောင့် MNDAA အနေနဲ့လည်း အချင်းချင်းကြား အနှောက်အယှက်ပြုတာမျိုးတွေ မလုပ်ဖို့ ဆွေးနွေးညှိနှိုင်း သဘောတူထားတာရှိတယ်လို့ နမ့်ဖတ်ကာမြို့ အုပ်ချုပ်ရေးလုပ်ငန်း လုပ်ဆောင်နေသူတစ်ဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်း နမ့်ဖတ်ကာရှိ ကိုးကန့်တာဝန်ရှိသူတွေနဲ့ KIO အုပ်ချုပ်ရေးအဖွဲ့တို့ နမ့်ဖတ်ကာမြို့မှာအတူယှဉ်တွဲနေထိုင်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကာ သဘောတူညီမှုတွေ ရယူထားတာလို့ သိရပါတယ်။

လက်ရှိမှာတော့ နမ့်ဖတ်ကာမှာ MNDAA ဆက်ဆံရုံးထားရှိမှာဖြစ်ပြီး အုပ်ချုပ်ရေးဆိုင်ရာတွေကို KIO အဓိက တာဝန်ယူလုပ်ဆောင်နေတာဖြစ်ပါတယ်။

PSA

အဲဒါအပြင် MNDAA နေရာယူထားတဲ့ နေရာတွေထဲမှာ ဒေသခံပြည်သူတွေရဲ့ အိမ်ခြေတွေလည်း ပါဝင်နေတာကြောင့် အိမ်ပိုင်ရှင်တွေကို ပြန်လည်အပ်နှံပေးဖို့လည်း ပြောဆိုညှိနှိုင်းထားတယ်လို့ ဆက်လက်သိရပါတယ်။

၂၀၂၆ ခုနှစ်ကစပြီး နမ့်ဖတ်ကာမြို့မှာ ဒေသခံတိုင်းရင်းသားအားလုံးပါဝင်တဲ့ အုပ်ချူပ်ရေးကော်မတီအသစ် ပြန်လည်ဖွဲ့စည်းထားကာ KIO အုပ်ချုပ်ရေးယန္တရားအောက်မှာ လုပ်ငန်းများဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြို့အုပ်ချုပ်ရေးအဖွဲ့ ကော်မတီအောက်မှာ အုပ်ချုပ်ရေးရုံး၊ ရပ်ကွက်ရုံးတွေ ဆက်လက်အကောင်အထည်ဖော် လုပ်ငန်းလုပ်တဲ့ စနစ်နဲ့ သွားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ နမ့်ဖတ်ကာမြို့ အဝင်အထွက်တွေမှာလည်း KIA ဂိတ်တွေ၊ လုံခြုံရေးဂိတ်တွေ ပုံမှန်အတိုင်းထားရှိထားတာဖြစ်ပြီး လမ်းသွားလမ်းလာ ကုန်ကားတွေ၊ ခရီးသည်ကားတွေကိုတော့ တားဆီး စစ်ဆေးတာမျိုးတွေ ရပ်နားထားတယ်လို့ သိရပါတယ်။

ကွတ်ခိုင်နဲ့ မူဆယ်ကြား နမ့်ဖတ်ကာမြို့ကို KIO အုပ်ချုပ်နေတာ ၂ နှစ် ရောက်ရှိနေပြီဖြစ်ပါတယ်။

နမ့်ဖတ်ကာမှာ ကိုးကန့် MNDAA တပ်ဖွဲ့နဲ့ တအာင်း(TNLA) တို့လက်နက်ကိုင်နှစ်ဖွဲ့ရဲ့ ရုံးအသီးသီးလည်း ရှိခဲ့ပေမယ့် တအာင်း TNLA ရှိတဲ့နေရာတိုင်းကို MNDAA က တိုက်ခိုက်သိမ်းပိုက် နေရာယူထားတဲ့ အနေအထားဖြစ်ပါတယ်။

အရင် TNLA ရှိတဲ့နေရာအားလုံးကို MNDAA က ဆက်လက်နေရာယူထားတာဖြစ်တယ်။ လောလောဆယ်တော့ အခြားဘာမှမရှိပါဘူး။ ဒီမှာကလည်း KIA/KIO ဦးဆောင်နေတာဆိုတော့ အချင်းချင်းအနှောက်အယှက်မပြုဖို့ ပြောထားတာတွေ ရှိတယ်ဆိုတော့။ နမ့်ဖတ်ကာ မြို့အဝင် အထွက် KIA ဂိတ်တွေကိုလည်း ဖြုတ်လိုက်တာမျိုး မရှိပါဘူး။ လုံခြုံရေးဂိတ်တွေ ဆက်လက်ထားထားတယ်။ ကားတွေကို တားဆီးတာတွေပဲ မလုပ်တာလို့ ဒေသခံအမျိုးသားတစ်ဦး ဆက်ပြောပါတယ်။

 လက်ရှိမှာတော့ နမ့်ဖတ်ကာမှာ KIO နဲ့ ကိုးကန့် MNDAA တို့အကြား အချင်းချင်းညှိနှိုင်းထားကြကာ အတူယှဉ်တွဲနေထိုင်နေတဲ့အနေအထားဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၉ ရက်နေ့မှာတော့ သိန်းနီမြို့နယ် သိန်းနီနဲ့ ကွမ်းလုံကြား နားတီးကျေးရွာမှာရှိတဲ့ KIO ရုံးကို MNDAA က ရုတ်သိမ်းခိုင်းထားကြောင်း စကားနဲ့လာရောက် အကြောင်းကြားပြောဆိုမှု ရှိခဲ့တယ်လို့ သိရပါတယ်။  

နမ့်ဖတ်ကာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ၂၀၂၄ နှစ်ဆန်းပိုင်းမှာ သိမ်းပိုက်လိုက်တာဖြစ်ပြီး မြို့အဆင့်မြှင့်တင်ကာ KIO အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။

ဒီမြို့မှာ တအာင်း(ပလောင်) TNLA ၊ ကိုးကန့် MNDAA တပ်နဲ့ KIA တို့ လက်နက်ကိုင်အားလုံးရှိကြတာဖြစ်ပေမယ့် ပြီးခဲ့တဲ့ မတ်လ တတိယအပတ်မှာ ကွတ်ခိုင်မြို့နယ်တစ်ခုလုံးနဲ့ နမ့်ဖတ်ကာမူဆယ်တစ်ကြောက တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တွေကို ကိုးကန့် MNDAA က ပစ်ခတ် တိုက်ခိုက် ရှင်းလင်းခဲ့ပြီးနောက် လားရှိုးမူဆယ်လမ်းကြောတစ်ခုလုံးကို ကိုးကန့်က ထိန်းချုပ်လိုက်ခြင်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button