ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ သူခိုးတစ်ဦးဖမ်းမိ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဓားမြှောင်ကိုင်ဆိုင်ထားတဲ့ သူခိုးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက်   နာရီခွဲအချိန် ဝိုင်းမော်ပြည်သူ့ဆေးရုံကြီးမှာ အမျိုးသားတစ်ဦး ဆေးရုံဝင်ပေါက်ကနေမဝင်ဘဲ ပြတင်းပေါက်ကနေခိုးဝင်သွားတဲ့အချိန် သူနာပြုဆရာမတစ်ဦးက မြင်တွေ့ခဲ့တာာဖြစ်တယ်လို့ ဆိုပါတယ်။

ပြတင်းပေါက်ကနေအထဲကိုခိုးဝင်သွားတာကို သူနာပြုဆရာမကမြင်လိုက်တာ အဲဒါကြောင့် ပြတင်းပေါက်၊တံခါးရှိသမျှကို အပြင်သွားပိတ်ချလိုက်ပြီး ဘေးပတ်ဝန်းကျင်ကလူတွေကိုအော်ခေါ်တာ အဲဒါကြောင့်အားလုံးဝိုင်းဖမ်းလိုက်တာဟုတ်တယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးပြောပါတယ်။

ဆေးရုံထဲခိုးလာဝင်လာတဲ့သူခိုးကို သူနာပြုဆရာမတွေက အပြင်ကနေတံခါးပိတ်ချထားပြီးနောက် ဘေးပတ်ဝန်းကျင်ကို အကူအညီပြန်တောင်းခဲ့တာကြောင့် မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းနဲ့အတူ ပြည်သူတချို့ ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ခုလိုပြောပါတယ်။

နည်းနည်းလေး အချိန်ယူရတာပေါ့ သူက ဓားချပါဆိုတာကို မချတော့။ လူလေးငါးယောက်လောက် ရောက်လာတော့  ရှေ့ကနေရာ နောက်ကရော ဘေးကရော။ လူလစ်တဲ့အချိန် အဖွဲ့ဝင်တစ်ယောက်က ဓားကိုင်ထားတဲ့လက်ကို ဝင်လုပြီးတဲ့အချိန် ကျန်တဲ့သူတွေပါ ဝင်လုံးတာပေါ့လို့ ဆိုပါတယ်။

သူခိုးဖြစ်သူဟာ ဓားမြှောင်ကိုင်ဆောင်ပြီး ဆေးရုံအဆောင်အခန်းထဲမှာရှိနေတာဖြစ်တဲ့အတွက် နာရီဝက်လောက် အချိန်ယူပြီး ခက်ခက်ခဲခဲဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ မူးယစ်ဆေးသုံးစွဲထားတဲ့ ပုံစံဖြစ်နေပြီး  သူ့ရဲ့ လွယ်အိတ်ထဲမှာတော့ ဖုန်းတစ်လုံးနဲ့ ပိုက်ဆံအနည်းငယ်ကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံထဲ ခိုးဝင်လာတဲ့ အဆိုပါအမျိုးသားဟာ အသက် ၃၅ နှစ်ဝန်းကျင်ရှိပြီး ဓားလည်း ကိုင်ဆောင်ထားတာဖြစ်တဲ့အတွက် ရဲစခန်းက ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဝိုင်းမော်ဆေးရုံကြီးမှာ ယခင်ကလည်း အမြဲလိုလို ပိုက်ဆံ၊ ဖုန်းနဲ့ ဆိုင်ကယ်တွေလည်း ပျောက်လေ့ရှိပြီး ဖမ်းမိတဲ့သူတွေ ရှိသလို ဖမ်းမမိတဲ့ သူခိုးတွေလည်း အများကြီး ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း ဝိုင်းမော်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေ များပြားနေပြီး ခုလို ခိုးမှုတွေ လုယက်မှုတွေဟာ မကြာခန ဖြစ်ပွားနေတာ ဖြစ်တယ်လို့ ဝိုင်းမော်ဒေသခံတွေက ပြောပါတယ်။

By – Hope

Show More

Leave a Reply

Back to top button