အင်းတော်မြို့ကိုဦးတည်နေတဲ့ စစ်တပ် နဘားလမ်းဆုံအနီးရောက်လာ
စစ်ကိုင်းနဲ့ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ NUGသိမ်းပိုက်ထားတဲ့ အင်းတော်မြို့နယ်ကိုဦးတည်နေတဲ့ စစ်ကော်မရှင် တပ်ဖွဲ့တွေဟာ အင်းတော်မြို့နယ်နဘားလမ်းဆုံအနီး နတ်ပေါက်ဆင်စခန်းအထိရောက်ရှိလာပြီလို့ သိရပါတယ်။
အင်းတော်မြို့နယ်ကို ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့ကစလို့ ကသာ–နဘား–အင်းတော်လမ်းပိုင်းက နတ်ရေတွင်း၊ သူတော်တောင်ထိပ်အနီး တိုက်ပွဲဖြစ်ပွားနေခဲ့တာဖြစ်ပါ တယ်။
ဒါပေမဲ့ ဒီကနေ့နောက်ဆုံးသိရတာကတော့ အဆိုပါစစ်ကြောင်းဟာ ရှေ့ဆက်တိုးလာနိုင်ခဲ့ပြီး နဘားလမ်းဆုံနဲ့ ၅ မိုင်လောက်အကွာ က နတ်ပေါက်ဆင်စခန်းကို ရောက်ရှိလာပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပါတယ်။
“ကသာမြို့အထွက် ကသာနဲ့အင်းတော်ကြားမှာတိုက်ပွဲဖြစ်တာတော့ဟုတ်တယ်။ ကသာကနေဆိုရင် ၁၀ မိုင်ပေါ့ဗျာ အဲ့မှာ တိုက်ပွဲ ဖြစ်ပြီး ၈ မိုင်ကို စစ်ကောင်စီကပြန်ဆုတ်ခွာသွားတယ်ပေါ့။ အဲ့နောက် သရက်ခြံမှာထိတွေ့တိုက်ပွဲထပ်ဖြစ်ခဲ့တယ်။ သူတို့က နဘားနားကိုကပ်သွားတဲ့သဘောပဲ”လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပြပါတယ်။
အင်းတော်မြို့ကိုဦးတည်လာနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးအပတ်က တကောင်းမြို့နဲ့ ထီးချိုင့်မြို့တို့ကိုသိမ်းပိုက်ခဲ့တဲ့စစ်ကြောင်းဖြစ်ပြီး ကသာမြို့ကိုဧပြီလ ဒုတိယအပတ်လောက်မှာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ကသာမြို့ကိုရောက်ရှိလာတဲ့ စစ်အင်အားကတော့ စစ်ယာဥ်တန်း ၂၂ စီးခန့်ပေါ်လိုက်ပါလာတဲ့ အင်အားဖြစ်ပြီး အင်းတော်မြို့နယ် ကိုစစ်ကြောင်းထိုးဖို့ဦးတည်လာတာကြောင့် ကသာ–နဘား–အင်းတော်လမ်းပိုင်းမှာ ဒီနေ့အထိနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတယ် လို့သိရပါတယ်။

စစ်ကော်မရှင်တပ်ကိုထောက်ခံတဲ့ ဆိုရှယ်မီဒီယာအကောင့်တွေနဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာတော့ ဆယ်မိုင်ကုန်းကစခန်းကို တော်လှန်ရေးအင်အားစုတွေဘက်ကလက်လွှတ်လိုက်ရတယ်လို့ရေးသားနေကြပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက“သူတို့ပြောတဲ့ ဆယ်မိုင်ကုန်းကိုသိမ်းတယ်ဆိုတာ ဆယ်မိုင်ကုန်းမှာလည်း ကျနော်တို့ စခန်းမရှိပါဘူး။ တိုက်ပွဲဖြစ်ရင်းနဲ့ သူတို့ ရှေ့တိုးလာတဲ့သဘောပါ။ နတ်ပေါက်ဆင်စခန်းက နဘားနဲ့နီးသွားပြီ။ နဘားနားလေး မှာပေါ့ နည်းနည်းနီးသွားပြီ အဲ့နားလေးမှာ ရွာလိုလိုဘာလိုလို အဲ့နေရာလေးပဲ နတ်ပေါက်ဆင်စခန်းဆိုတာက”လို့ပြောပါတယ်။
တစ်ဖက်မှာတော့ အခုလို စစ်ကြောင်းထိုးလာတဲ့သတင်းတွေနဲ့ နှစ်ဖက်စစ်ရေးပြန်လည်တင်းမာလာတဲ့အခြေနေကြောင့် အင်းတော်မြို့နယ် မြောက်ဘက်ခြမ်း၊ အရှေ့ဘက်ခြမ်း၊ မော်လူးမြို့နဲ့ နဘားရွာက ဒေသခံတွေထောင်နဲ့ချီဘေးလွှတ်ရာတွေကို ထွက်ပြေးနေကြရတယ်လို့သိရပါတယ်။
အခုလို စစ်ကော်မရှင်တပ်ဘက်က အင်းတော်မြို့နယ်ကိုစစ်ကြောင်းမထိုးခင်ရက်ပိုင်းမှာဘဲ အင်းတော်မြို့ကို စစ်ကော်မရှင်တပ်ဖွဲ့ တွေဘက်က စစ်ကြောင်းထိုးနိုင်တဲ့သတင်းတွေထွက်ပေါ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ဆေးဝါး၊ရိက္ခာနဲ့ အရေးကြီးပစ္စည်း တွေ ထုပ်ပိုး ပြင်ဆင်ကြဖို့ Indaw Revolution ( IR) အဖွဲ့အသိပေး ထုတ်ပြန်ခဲ့ပါသေးတယ်။
အင်းတော်မြို့ဟာ စစ်ကိုင်း– ကချင်အစပ်က အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ မြို့ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဧပြီလထဲမှာ တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားခဲ့တာ ဖြစ်ပါတယ်။
By – အမိုး




