KIA ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်ဘက် စစ်တပ်ကစစ်ကြောင်းထိုးနေ
ပူတာအိုမြို့နယ် ဆွမ်ပရာဘွမ်ကိုဦးတည်ပြီး စစ်ကော်မရှင်တပ်က စစ်ရေးလှုပ်ရှားလာတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်ပွားကာ စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့ဘက်ကို ဦးတည်ကာ စစ်ကော်မရှင်တပ် စစ်ကြောင်းတွေ ထိုးစစ်ဆင် လှုပ်ရှားလာတာကြောင့် ဧပြီလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့တော့ ထွေထွေထူးထူးမရှိဘူး။ ဟိုနေ့က စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားလာတာကြောင့် ဆွမ်ပီယန်ရွာအထက်မှာ တိုက်ပွဲဖြစ်ပွားတာရှိတယ်။ ဘယ်လိုဆက်ဖြစ်လာမယ်တော့ သေချာမသိသေးဘူး။ ဒီရက်ပိုင်း စစ်တပ်ဘက်က စစ်ကြောင်းတွေ တော်တော်လှုပ်ရှားလာတာ ဖြစ်တယ်”လို့ ဆွမ်ပီယန်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်တပ်ဘက်က ပူတာအို – လုံရှာယန်ဘက်ကနေအောက်ဘက်ကို စစ်ရေးလှုပ်ရှားလာတာကြောင့် ဆွမ်ပီယန်ရွာအထက် ၀ဒတ်ကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒီနေ့တော့ ပစ်ခတ်သံတွေ ပြန်ငြိမ်နေတာဖြစ်ပေမယ့် စစ်ကော်မရှင်တပ် စစ်ကြောင်းတွေကတော့ စစ်ရေးသိသိသာသာ လှုပ်ရှားနေတာကို တွေ့ရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
လက်ရှိ ဆွမ်ပီယန်ကျေးရွာမှာ စစ်ကော်မရှင်တပ်တွေက နေရာယူတပ်ချထားတာဖြစ်ပြီး ပူတာအို – လုံရှာယန်ဘက်ကနေ စစ်ကြောင်းတွေ ပြန်လည်ဖြည့်တင်းလာကာ စစ်ရေးလှုပ်ရှားလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အရေးပေါ်ကြေငြာချက်ထုတ်ပြန်ချက်အပြီးလို့ ပြောလို့ရတယ်။ အဓိကတော့ ပူတာအိုဘက်ကနေ စစ်ကော်မရှင်တပ်တွေ သိသိသာသာလှုပ်ရှားလာတာ။ မြစ်ကြီးနားဘက် လမုန့်ဇွပ်ဂိတ်နဲ့ တန်ဖရဲဂိတ်မှာလည်း အရင်ထက် ပိုပြီး တင်းတင်းကြပ်ကြပ် အစစ်အဆေးလုပ်နေတယ်။ Y8 လေယာဉ်တွေ ပူတာအိုဘက် သွားနေတာတွေ့တယ်”လို့ ဆွမ်ပီယန်ဒေသခံက ဆက်ပြောပါတယ်။
မြစ်ကြီးနားဘက်ကနေ စစ်ကော်မရှင်တပ်တွေ ထိုးစစ်ဆင် လှုပ်ရှားလာတာမျိုးတော့မရှိပေမယ့် လက်ရှိ မြစ်ကြီးနား – ဆွမ်ပရာဘွမ်လမ်း လမုန်ဇွပ်ဂိတ်နဲ့ တန်ဖရဲကျေးရွာစစ်တပ်ဂိတ်တွေမှာ လမ်းသွားလမ်းလာပြည်သူတွေကို အစစ်အဆေး တင်းကြပ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၃ ရက်နေ့က မင်းအောင်လှိုင် သမ္မတဖြစ်ပြီး ပထမဆုံးအကြိမ် မြန်မာတနိုင်ငံလုံးအတိုင်းအတာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်အသီးသီးကို အရေးပေါ်အခြေအနေကြေငြာခြင်း ထုတ်ပြန် လာတာဖြစ်ပါတယ်။
အဲဒီ အရေးပေါ်အခြေအနေထုတ်ပြန်ကြေငြာချက်မှာ ကချင်ပြည်နယ်ထဲက KIO အုပ်ချုပ်နေတဲ့ မြို့နယ် ၅ ခုဖြစ်တဲ့ ဆွမ်ပရာဘွမ်မြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ရွှေကူမြို့နယ်၊ ဆော့လော်မြို့နယ်၊ ချီဖွေမြို့နယ် စတဲ့မြို့နယ်တွေ ပါဝင်တာဖြစ်ပါတယ်။
အဲဒီထုတ်ပြန်ချက် ထုတ်ပြီးနောက် ပူတာအိုဘက်ကနေ စစ်ကော်မရှင်နဲ့ ပြည်သူ့စစ်တပ် ပူးပေါင်းတပ်တွေဟာ ဆွမ်ပီယန် – ဆွမ်ပရာဘွမ်ဘက်ကို ဦးတည်ပြီး စစ်ရေးလှုပ်ရှားလာခြင်းဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ဆွမ်ပရွာဘွမ်လမ်းပိုင်းခရီးသွားပြည်သူတွေလည်း သတိထားကြဖို့ တော်လှန်ရေးဘက်ကလည်း သတိပေးပြောဆိုထားတာ ရှိပါတယ်။
မြစ်ကြီးနား – ဆွမ်ပရာဘွမ် လမ်းပိုင်းမှာ ဆွမ်ပီယန်ကျေးရွာဒေသခံများ စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင်စခန်းလည်းရှိတာဖြစ်ပါတယ်။ စစ်ရေးအခြေအနေ အရ အဲဒီကြားနေ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ လုံခြုံရေးလည်း ထပ်မံစိုးရိမ်နေရတာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




