မိုးသက်လေပြင်းဒဏ်သင့်ခဲ့တဲ့ စစ်ရှောင်များ ကူညီထောက်ပံ့မှုလိုအပ်နေ
ကချင်ပြည်နယ်အတွင်း မိုးသက်လေပြင်းတိုက်ခိုက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းများနှင့် လူနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ရှောင်တာဝန်ခံတွေဆီကနေ သိရပါတယ်။
ဧပြီလ ၂၅ ရက်နေ့ည ၉ နာရီခွဲဝန်းကျင် ကချင်ပြည်နယ်တစ်ခုလုံး မိုးသက်လေပြင်းပြင်းပြင်းထန်ထန်ကျရောက်ခဲ့တာကြောင့် အဓိက စစ်ဘေးရှောင်စခန်းတွေ ၊ လူနေအိမ်တွေ အတော်များများထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“လေပြင်းမုန်တိုင်းတော်တော်ကြမ်းလို့ သစ်ပင်တွေပြိုတယ်၊ ဓါတ်တိုင်တွေ ကျိုးကျ၊ သွပ်အိမ်တွေဆို ပြောင်ပြန်လှန်ကုန်တယ်။ ဒီနေ့က မိုးကောင်းအတွင်း အထိအခိုက်၊ အပျက်အစီးတွေကို လိုက်လံရှင်းလင်းနေတယ်။ ဒီမှာက စစ်ဘေးရှောင်တွေ တော်တော်များတယ်။ စစ်ဘေးရှောင်စခန်းတွေ တော်တော်ပျက်စီးကုန်တယ်။”လို့ မိုးကောင်းမြို့ အမှုတော်ဆောင်တစ်ဦးက ပြောပါတယ်။
မိုးသက်လေပြင်းကြောင့် မိုးကောင်းမြို့အတွင်း လူနေအိမ်တော်တော်များအပြင် စစ်ဘေးရှောင်စခန်းတွေမှာ အမိုးအကာတွေ လှန်ပြီး ၊ အဆောင်တွေ ပြိုကုန်လှဲကုန်တယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာ မိုးသက်လေပြင်းကြား ထိခိုက်ပျက်စီး၊ ပြိုကျပျက်စီးခဲ့တဲ့ သစ်ပင်တွေ၊ နေအိမ်တွေ ကို ရှင်းလင်းပြီး ပြန်လည်တည်ဆောက်မွမ်းမံတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
မိုးကောင်းမြို့နယ်အတွင်း အထိအခိုက်၊ ပျက်စီးမှု အများဆုံးဖြစ်ပွားခဲ့တဲ့နေရာတွေကတော့ ပင်းခါး၊ လွဲလော၊ လွဲစော၊ မာန်ပင်း ၊ ခွေးအော်၊ ထိုပူး ၊ တစ်ကြော တွေအပြင် နမ္မတီးမြို့ ၊ မရမ်းကျေးရွာ တစ်ကြောလုံး ပျက်စီးမှု များခဲ့တာလို့ သိရပါတယ်။

မိုးကောင်းမြို့နယ်တွင်း ခိုလှုံနေတဲ့စစ်ရှောင်တွေဟာ အင်းတော်ကြီး မိုင်းနောင်စစ်ဘေးရှောင်တွေအပြင် ဖားကန့်လမ်းပိုင်းတိုက်ပွဲကြောင့် ကျေးရွာတော်တော်များများက စစ်ဘေးရှောင်များ ခိုလှုံနေကြရတာဖြစ်ပါတယ်။
လက်ရှိ နမ္မတီးမြို့မှာ စစ်ဘေးရှောင်စခန်း ၇ ခုခန့်ရှိပြီး အဲဒီစစ်ဘေးရှောင်စခန်းတွေဟာလည်း မိုးသက်လေပြင်းဒဏ်ကြောင့် အားလုံးထိခိုက်ပျက်စီးမှု နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
“နမ္မတီးမြို့မှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေလည်း အတော်ထိခိုက်တယ်၊ စစ်ရှောင်စခန်းတွေဆိုတော့ ဝါးနဲ့ပဲဆောက်ထားကြတော့ သွပ်တွေမိုးတယ်၊ တချို့က မိုးကာလောက်နဲ့ပဲ အမိုးအကာတွေ ပြုလုပ်ထားတော့ လေပြင်းကြောင့် အားလုံးလှန်ကုန်တယ်။ ပျက်စီးကုန်တာပေါ့။” လို့ သူက ဆက်ပြောပါတယ်။
လေပြင်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု အတော်များကြုံတွေ့ခဲ့ရပြီး စစ်ဘေးရှောင်စခန်းတွေမှာ ကူညီမှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
“အခုက မိုးတွေ ဆက်တိုက်အုံ့နေသေးတယ်၊ မိုးသက်လေပြင်းမုန်တိုင်းကျရောက်အုံးမလား စိုးရိမ်နေကြသေးတယ်။ လောလောဆယ်က သွပ်မိုးတွေ လိုအပ်တယ်၊ ကျိုးကျသွားတဲ့အဆောင်တွေ ပြန်လည်တည်ဆောက်ယူနိုင်ဖို့ ငွေကြေးအကူအညီ၊ သွပ်၊ အမိုးအကာ အကူအညီတွေလိုအပ်နေတယ်။”လို့ မိုးကောင်းမြို့နယ် အမှုတော်ဆောင်ဆရာက ဆက်ပြောပါတယ်။
မိုးကောင်းမြို့နယ်အပြင် မြစ်ကြီးနားမြို့အတွင်းလည်း မိုးသက်လေပြင်းမုန်တိုင်းကြောင့် ပြောင်းရွှေ့ဖို့ ဆောက်လုပ်နေဆဲ စစ်ဘေးရှောင်စခန်းတွေ၊ ဆောက်လုပ်ပြီးစီးထားဆဲ စစ်ဘေးရှောင်စခန်း အဆောင်တွေ အားလုံးသွပ်များ လွင့်ကုန်ပြီး ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆက်လက်သိရပါတယ်။
ကချင်ပြည်နယ်အတွင်း ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသက်လေပြင်းမုန်တိုင်း မကြာခဏကျရောက်နေတာဖြစ်ကာ စစ်ဘေးရှောင်တွေအများဆုံး တိမ်းရှောင်နေကြရတဲ့ မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ် တို့မှာ စစ်ဘေးရှောင်စခန်းတွေ မကြာခဏ ပျက်စီးမှု ဒဏ် ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းနဲ့ ဧပြီလဆန်းပိုင်းကလည်း မိုးသက်လေပြင်းမုန်တိုင်းကြောင့် အင်းတော်ကြီးဒေ အနောက်ဘက်ခြမ်း စစ်ဘေးရှောင်နေကြရတဲ့ စစ်ရှောင်စခန်းများ၊ နမ္မတီးမြို့တွင်း စစ်ဘေးရှောင်စခန်းများ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ




