ယာဉ်မတော်တဆဖြစ်ပြီး မိန်းကလေးငယ်တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ယာဉ်မတော်တဆမှုကြောင့် မိန်းကလေးတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီကနေ သိရပါတယ်။
ဧပြီလ ၂၇ ရက် နေ့လည် ၁၂နာရီ ၁၅မိနစ်ဝန်းကျင် စက်မှုဇုံရပ်ကွက်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုကြောင့် မိန်းကလေး ၂ ဦးလုံးဦးခေါင်းဒဏ်ရာရရှိခဲ့ရာ တစ်ဦးပွဲချင်းပြီးသေဆုံးပြီး နောက်တစ်ဦးက အရေးပေါ်အခြေအနေကြောင့် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦး ခုလိုပြောပါတယ်။
“အတွင်းဒဏ်ရာတော့ ဟုတ်မယ်ထင်တယ်။ အရှိန်ကြောင့် ခေါင်းပိန့်သွားတာ နှစ်ယောက်လုံးက ခေါင်းမှာဘဲ ထိတာဟုတ်တယ်”လို့ ဆိုပါတယ်။
အဆိုပါ မိန်းကလေးနှစ်ဦးဟာ ယာဉ်မတော်တဆဖြစ်ချိန် ဆိုင်ကယ်ဦးထုပ်လည်း ဆောင်းထားခြင်းမရှိတာကြောင့် ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိသွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ယာဉ်မတော်တဆမှု ဖြစ်တာနဲ့ ပက်သက်ပြီးတော့ ကားတစ်စီးနဲ့တိုက်မိလို့ဆိုင်ကယ်လှဲကျသွားတာကြောင့်ဖြစ်တယ်လို့ ပြောဆိုကြပေမယ့် အသေးစိတ်တော့မသိရသေးပါဘူး။
“ဆိုင်ကယ်မှောက်လှဲသွားတာပဲမြင်ကြတာ တစ်ချို့ပြောတာတော့ ကားတစ်စီးကအရှိန်နဲ့ဝင်တိုက်သွားတာလိုလို၊တစ်ချို့ပြောတာတော့ မိန်းကလေးနှစ်ယောက် သူတို့ဖာသာလှဲတာလိုလိုပြောနေကြတာ။ တိတိကျကျဘယ်သူမှမသိရ ဘူး”လို့ စက်မှုရပ်ကွက်နေအမျိုးသားတစ်ဦးပြောပါတယ်။
ဒါ့အပြင် ယာဉ်မတော်တဆမှုဖြစ်တဲ့ မိန်းကလေး ၂ဦးဟာ မိုင်နားကျေးရွာမှာနေပြီး အသက်အရွယ်အားဖြင့် ၁၅၊ ၁၇ ဝန်းကျင်အရွယ်ဖြစ်ပြီး ညီအမအရင်းဖြစ်တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ဒီီလအတွင်း ယာဉ်မတော်တဆမှုကြောင့် ကလေးသူငယ်အပါအဝင် လူ ၃ ဦးသေဆုံးမှုရှိလာသလို ပြီးခဲ့တဲ့ မတ်လမှာ ယာဉ်တိုက်မှုပေါင်း ၂၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သလို ဖေဖော်ဝါရီလမှာ ယာဉ်မတော်တဆမှု ၂၃ ခု ဖြစ်ပွားခဲ့ပ့ါတယ်။
အလားတူ ဇန်နဝါရီလမှာလည်း တစ်လအတွင်း ယာဉ်မတော်တဆပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူအမျိုးသမီး၂ဦးထိ ရှိခဲ့တာ ဖြစ်ပါတယ်။
လတ်တလောဖြစ်ပွားနေတဲ့ ယာဉ်မတော်တဆမှုတွေဟာများသောအားဖြင့် အရက်သေစာ သောက်စားမှုပြီး မောင်းနှင်မှု၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာမှုတွေကြောင့် ဖြစ်တယ်လို့လည်း လူမှု ကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။
By – Hope



