မြစ်ကြီးနားမြို့ အမှိုက်ပုံမှာ အမျိုး သမီးတစ်ဦးရဲ့ အလောင်းတွေ့ရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အမှိုက်ပုံတစ်ခုမှာ စွန့်ပစ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိတယ်လို့ မြစ်ကြီးနားဒေသခံတွေဆီကနေ သိရပါတယ်။
မတ်လ ၄ ရက်နေ့ ဒီမနက် ၇ နာရီဝန်းကျင် အင်ဂျန်ဒုံရပ်ကွက်၊ အမှတ် ၆ ကျောင်းရှေ့ရှိ အမှိုက်ပုံမှာ ပလက်စတစ်အိတ်နဲ့ထုပ်ထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို ရပ်ကွက်နေ ပြည်သူများတွေ့ရှိပြီး ဆက်သွယ်လာတာဖြစ်တယ်လို့ လူမူကယ်ဆယ်ရေး အသင်းက ပြောပါတယ်။
မြစ်ကြီးနားမြို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့ပြောကြားချက်အရ သေဆုံးသူရဲ့လည်ပင်း၊ ခြေထောက်တွေမှာ ကြိုးနဲ့ချည်ထားပြီး မျက်နှာမှာအနည်းငယ်ပျက်စီးစပြုနေပြီလို့ ပြောပါတယ်။
“ခြေထောက်မှာတော့ ဆိုင်ကယ်ချည်ကြိုးနဲ့ ချည်ထားတယ် ခေါင်းမှာတော့ ပလက်စတပ်တွေနဲ့ အုပ်ထားပြီး လည်ပင်းမှာလည်း ကြိုးနဲ့ချည်ထားတာဟုတ်တယ်။ တစ်ခြားဒဏ်ရာတွေတော့ သိပ်မတွေ့ရပေမယ့် မျက်နှာတော့ နည်းနည်းပျက်စီးပြီ”လို့ ဆိုပါတယ်။
သေဆုံးသူအမျိုးသမီးဟာ အသက် ၅၀ ဝန်းကျင်အရွယ်လို့ ခန့်မှန်းရပြီး လူမူကယ်ဆယ်ရေးအသင်းအကူညီနဲ့ မြစ်ကြီးနားရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
လက်ရှိချိန်ထိ သေဆုံးသူအမျိုးသမီးရဲ့ မိသားစုနဲ့ဆက်သွယ်လို့ မရသေးဘူးလို့သိရပြီး အခင်းဖြစ်တဲ့နေရာကိုတော့ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာတွေပြုလုပ်သွားတယ်လို့ ဒေသခံတွေ ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၂၈ ရက်ည အမျိုးသမီးတစ်ဦးပွဲချင်းပြီး ဓားနဲ့ ခုတ်သတ်ခံရပြီး၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ရှမ်းစုတောင်ရပ်ကွက် ကွန်ပျူတာက္ကသိုလ်နားမှာ ဆိုင်ကယ်လုယက်ခံရပြီး ဓါးခုတ်ခံရတဲ့ဖြစ်စဉ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ လယ်ကုန်းရပ်ကွက် ပေါ်ဦးအုပ်စုက နေအိမ်တစ်အိမ်မှာ ဓားထိုးခံရတဲ့ဖြစ်စဉ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ဂျပန်တံတား အမှိုက်ပုံနား လူငယ်တစ်ဦး ထိုးနှက်သတ်ဖြတ်ခံထားရတဲ့ဖြစ်စဉ် တွေ ဆက်တိုက်ဖြစ်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်တာအတွင်းမှာ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်နဲ့ စျေးဆိုင်၊ စားသောက်ဆိုင်တွေမှာ ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်ပေါ်နေပြီး တရားခံမပေါ်တဲ့ လူသတ်မှုဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်နေပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့အသွားအလာသတိထားကြဖို့ လိုတယ်လို့ မြစ်ကြီးနားမြို့ ကာကွယ် ရေးတပ် တာဝန်ရှိသူတစ်ဦး ခုလိုပြောပါတယ်။
“ဖြစ်နိုင်ရင် နေ့ခင်းမှာလည်း အမျိုးသမီးတွေဆို တစ်ယောက်ထဲ မသွားတာက ပိုကောင်းတယ်။ ဒီမှာက လူသတ်မှုတွေ ပိုဆိုးလာနေတယ်”လို့ ပြောပါတယ်။
လူဦးရေ တစ်သန်းကျော်ရှိတဲ့ ကချင်ပြည်နယ်မှာ ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့အပြင် မြို့တော်မြစ်ကြီးနားမှာတော့ ခိုးဆိုးလုယက်မှုက ပိုမိုဆိုးရွားလာနေတယ်လို့ မြို့ခံတွေပြောပါတယ်။
By – Hope