မီတာကြေး အဆမတန်မြင့်တက်မှုအတွက် ပန်ဝါဒေသခံတချို့ မေးခွန်းထုတ်
မပေးရသေးတဲ့ လတွေပေါင်းထားတဲ့အတွက် များလာတာလို့ အုပ်ချုပ်ရေးအဖွဲ့ တုံ့ပြန်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အုပ်ချုပ်နေတဲ့ ကချင်–တရုတ် နယ်စပ် ပန်ဝါမြို့မှာ လျှပ်စစ် မီတာကြေး အရင်ကထက် ပိုလွန် ပေးဆောင်နေရမှုအတွက် ဒေသခံတချို့ မေးခွန်းထုတ်နေကြပါတယ်။
ချီဖွေမြို့နယ်၊ ပန်ဝါမြို့မှာ မီတာကြေးကို တရုတ်ယွမ်ငွေနဲ့သာ ပေးဆောင်ရတာဖြစ်ပြီး လစဉ် သုံးစွဲမှုယူနစ်ထက် ကုန်ကျမှုက ပိုများနေတယ်လို့ ဆိုပါတယ်။
“ရွာသားတွေ အရမ်းပြောနေတယ်၊ ဒီမီတာကြေးကိစ္စ။ ကျမတို့လို လက်လုပ်လက်စားတွေက ဘယ်လိုလုပ်တော့မလဲ။ ခက်ခက်ခဲခဲ စစ်ရှောင်ပြီး သူတို့ကိုယုံကြည်လို့ ပြန်လာပါတယ်ဆိုမှ။ အိမ်ခန်းငှားစားတဲ့သူတွေဆို တစ်အိမ်မှာ မီတာကြေး ယွမ် ၄,၀၀၀ ကျော်ထိရောက်တော့ မအံ့ဩဘူးလား။ မီတာကြေးမဆောင်ရင်လည်း မီးကဖြတ်သေးတယ်။ “ လို့ ပန်ဝါဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပန်ဝါမြို့မှာ ပြည်သူ့စစ်အုပ်ချုပ်တုန်းက မီတာကြေး တစ်ယူနစ်ကို ၁ ယွမ်နှုန်းနဲ့ ပေးဆောင်ရတယ်လို့ သိရပါတယ်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပန်ဝါကို အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေချိန် နေအိမ်မှာ မနေရပေမဲ့ မီတာကြေး တစ်လမှာ ယွမ် ၂၀၀ ဝန်းကျင် ကုန်ကျမှု၊ အိမ်ခန်းငှား မိသားစုတွေမှာ မီတာခ ယွမ် ၄,၀၀၀ အထိ ကုန်ကျမှုတွေအတွက် သဘောမကျတဲ့အကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

“မီးပုံးတွေ မီးဆွဲလို့တဲ့။ မီးဘယ်လောက်ဆွဲဆွဲ ကျမတို့ သုံးစွဲခဲ့ဖူးတယ်။ ပြည်သူ့စစ်တွေရှိတုန်းကလည်း သုံးတာပဲ။ အဲဒီလောက်မကုန်ဘူး တစ်လမှာ။ ဒါကြောင့် အိမ်ခန်းငှားစားတဲ့သူတွေ အရမ်းပြောလာတာလေ။ အလုပ်လည်းမရှိ၊ ငွေလည်ပတ်စီးဆင်းမှုလည်း မရှိတဲ့ဒေသမှာ မီတာကြေးပဲ အဲဒီလောက်ကုန်တော့ ဆင်းရဲကုန်မှာပေါ့။ အလုပ်က မရှိ အားလုံးဒုက္ခရောက် နေတယ်။” လို့ သူမက ဆက်ပြောပါတယ်။
KIO ကတော့ ပန်ဝါမြို့မှာ မီတာခ တစ်ယူနစ် ၁ ယွမ်နှုန်း ဆက်လက်သတ်မှတ်ကြောင်း၊လုပ်ငန်းခွင်တွေကို တစ်ယူနစ် တစ်ယွမ်နဲ့ တစ်ပြား သတ်မှတ်ကောက်ခံကြောင်း၊ လက်ရှိမီတာခများနေတာဟာ ယူနစ်စျေးနှုန်းတက်သွားတာ မဟုတ်ဘဲ တိုက်ပွဲကာလအတွင်းလျစ်ဟာသွားတဲ့ ကုန်ကျစရိတ်တွေ ပေါင်းပြီး ကောက်ခံတာကြောင့် ဖြစ်တယ်လို့ ပန်ဝါမြို့ အုပ်ချုပ်ရေးအဖွဲ့ဝင် KIO အရာရှိတစ်ဦးက KNG ကို ပြောပါတယ်။
“ဒေသခံပြည်သူတွေ မီတာကြေးအရမ်းတက်တယ်လို့ ပြောနေတာဟာ ယူနစ်စျေးတက်တာတော့ မဟုတ်ဘူး။ တိုက်ပွဲကာလတွေမှာ မဆောင်လိုက်နိုင်တဲ့ မီတာကြေးတွေကို အခုအခြေအနေမှာ သွားကောက်တော့ ၂ လစာ၊ ၃ လစာဖြစ်သွားတာတွေ ရှိနေတော့ တစ်ခါတည်းဆိုတော့ များသွားတဲ့အနေအထားဖြစ်တယ်။” လို့ ပြောပါတယ်။
လက်ရှိ ပန်ဝါမြို့မှာ KIO ဘက်က အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဌာနတိုင်းအတွက် KIO အရာရှိတွေ၊ KIA အရာရှိတွေလည်း ပါဝင်သလို ဒေသခံတွေလည်း ပါဝင်ကာ စုစုပေါင်း လူ ၇ ယောက်ပါဝင်တဲ့ အဖွဲ့ဖွဲ့ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်သူ အစိုးရအပြောင်းအလှဲ ကြားကာလမှာ ဒေသခံတွေနဲ့ အုပ်ချုပ်သူ နှစ်ဦးနှစ်ဖက်ကြား အခက်အခဲ စိန်ခေါ်မှုတွေ ကြုံနေရတယ်လို့ ပန်ဝါမြို့ အုပ်ချုပ်ရေးအဖွဲ့ဝင် KIO အရာရှိတစ်ဦးက KNG ကို ဆက်ပြောပါတယ်။
“စိန်ခေါ်မှုကတော့ အစိုးရတစ်ခုရဲ့ယန္တရားအောက်ရှိနေရာမှာ နောက်ထပ်အစိုးရတစ်ခုက ချက်ချင်းပြောင်းလဲ လိုက်တယ်။ စာရင်းဇယားစသဖြင့် ဘာမှလွဲပြောင်းတာမျိုးတွေမရှိဘဲ အစိမ်းသက်သက်ပြောင်းလဲအုပ်ချုပ်မှုဖြစ်တာကြောင့် အစိုးရတစ်ခုရဲ့ခြေရာမှာ နောက်အစိုးရက ပြန်လည်တည်ဆောက်ယူတာဖြစ်တာကြောင့် လုပ်ငန်းတွေမှာ အခက်အခဲတွေ အရင်ထက် လုပ်စရာတွေက ပိုများပြားတာတွေ ကြုံရတယ်”လို့ ပန်ဝါဒေသ KIO အရာရှိက ဆက်ပြောပါတယ်။
တရုတ်နယ်စပ်ရှိ ပန်ဝါမြို့နဲ့အတူ အဲဒီဒေသအားလုံးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ကမ္ဘာ့မြေရှားသတ္တုတူးဖော်ရာ ပန်ဝါမြို့မှာ လက်ရှိ KIO အစိုးရအောက် မြေရှားလုပ်ကွက်အများစုကို ရပ်နားထားဆဲ ဖြစ်တာကြောင့် ဒေသခံတွေကြား ဝင်ငွေရှာရခက်တဲ့ အနေအထားဖြစ်နေတာလို့ ဒေသခံတွေ ပြောပါတယ်။
တစ်ဖက်မှာလည်း ပန်ဝါမှာ ခိုးဆိုး၊လုယက်မှုတွေလည်း ရှိလာနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု လည်း ဆက်လက်ရှိနေတယ်လို့ ဒေသခံတွေ ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေး ထိုးစစ်မှာ ကချင်ပြည်နယ်အတွင်း KIO/KIA သိမ်းပိုက်၊ ထိန်းချူပ်ရာ နယ်မြေ ပိုမိုကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိထိလည်း ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိဖို့ KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဆက်လက်ကြိုးစားနေဆဲဖြစ်ပါတယ်။
ကချင်ပြည်နယ် မြို့ရွာ အပါအဝင် နယ်မြေအမြောက်အများ ထိန်းချူပ်ထားတဲ့ KIO အစိုးရဘက်က မိမိသိမ်းပိုက် ထိန်းချူပ်ရာနယ်မြေတွေမှာ အစိုးရတစ်ရပ်အနေနဲ့ အုပ်ချူပ်ရေးယန္တရားလည်ပတ်ရာမှာ အရပ်သားတွေနဲ့ ဆံဆက်ရေးအပါအဝင် အခွန်ကိစ္စရပ်တွေမှာလည်း ပြည်သူကိုအဓိက ငဲ့ညာတဲ့ အုပ်ချူပ်မှုတွေ ဖြစ်လာစေဖို့ ပြည်သူလူထုက မျှော်လင့်ကြောင်း ပြောဆိုနေကြပါတယ်။
By – ဂျာဘောက်ရာ