နွေရာသီ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် မြစ်ကြီးနားဒေသခံတွေရဲ့ အခက်

မြစ်ကြီးနားမြို့မှာ ဖုန်းအင်တာနက်လိုင်း ခက်ခဲမှုနဲ့ အတူ တစ်ဖက်မှာ လျှပ်စစ်မီးလုံလောက်စွာ မရရှိမှုကြောင့် မြစ်ကြီးနားဒေသခံတွေရဲ့ နေ့စဉ်ဘဝမှာ အခက်ခဲဆုံး ဖြတ်သန်းနေရပါတယ်။
မြစ်ကြီးနားမြို့မှာ နှစ်စဉ် နွေရာသီရောက်တိုင်း လျှပ်စစ်မီး လုံလောက်စွာ မရရှိတဲ့ ပြဿနာ ကြုံတွေ့ နေရပေမယ့် ၂၀၂၄ ရေကြီးပြီး နောက်ပိုင်းမှာတော့ ခါတိုင်း နှစ်ထက် ပိုမိုဆိုးရွားလာတယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် လျှပ်စစ်မီးတွေကို ရပ်ကွက်အလိုက် အလှည့်စီ တစ်ရပ်ကွက်ကို ၈ နာရီကြာပေးနေတာ ၂၀၂၅ ၁လပိုင်းရောက်တဲ့ အခါမှတော့ တစ်ရပ်ကွက်ကို မီးလာချိန် ၆ နာရီနဲ့ မီးပြတ်ချိန် ၁၂နာရီ ဆိုပြီး အလှည့်ကျ ပေးနေတာဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေ ဆီကနေ သိရပါတယ်။
အခုလိုလျှပ်စစ်မီး ရရှိချိန် ပိုမို လျှော့နည်းလာတဲ့ နောက်ဆက်တွဲအနေနဲ့ ထမင်းဟင်းချက်ပြုတ်ခြင်း၊ သောက်ရေ သုံးရေအတွက် ရေမော်တာ အသုံးပြခြင်၊ ညအချိန် ခိုးဆိုးလှုယှက်မှုတွေကို ပိုမို ကြုံတွေ့လာရတယ်လို့ မြစ်ကြီးနား ဒေသခံတွေက KNG ကို ပြောပါတယ်။
အဲ့လို အခက်အခဲကြုံတွေ့ရတဲ့ သူတွေထဲမှာ ပိုပြီး ဒုက္ခခံရတာက မြစ်ကြီးနားမြို့မှာ လာရောက်တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေဘဲ ဖြစ်ပါတယ်။
အဓိကအားဖြင့် စစ်ရှောင်စခန်း တွေမှာ အဝီစိနဲ့ ရေတွင်းလို နေရာမျိုးကနေ ရေမော်တာနဲ့ ရေစုပ်ပြီး ရေလှောင်ကန်ထဲ ထည့်ပြီး အားလုံးစုပေါင်း အသုံးပြုကြရတာ ဖြစ်ပါတယ်။
“ကျွန်တော်တို့က IDP စစ်ရှောင်စခန်းတွေလိုနေရာမျိုးမှာက လူအများကြီးနေတာဆိုတော့ အကုန်လုံးက ရေမော်တာနဲ့ဘဲ ရေစုပ်ပြီး ဝိုင်းသုံးကြတာပေါ့ မြစ်ကြီးနားမှာက လာတဲ့အချိန်ဆိုရင်လည်း ၆ နာရီ တခါတလေ လာတော့ လည်း မီးအားနည်းတဲ့ ပြဿနာတွေ ပြန်ကြုံရတော့ အရမ်းခက်ခဲတယ်”လို့ မြစ်ကြီးနား စီပူတာရပ်ကွက် စစ်ရှောင်စခန်းက လူငယ် အမျိုးသား တစ်ဦးက ပြောပါတယ်။
အခုလို လျှပ်စစ်မီးကောင်းမွန်စွာ မရရှိတဲ့အပြင် တစ်ခါတစ်ရံ မီးအားနည်းရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး KNG က မြစ်ကြီးနား ဘူးဂါးလျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ တစ်ခါတစ်ရံ လမ်းမီးတိုင် တစ်တိုင်နဲ့ တစ်တိုင်ကြားမှာရှိတဲ့ ကြွေသီးခေါ် လျှပ်ကာ ပစ္စည်းတွေ ကနေပြီးတော့ ရာသီဥတုကြောင့်ဖြစ်စေ၊ သက်တမ်းကုန်ဆုံး သွားလို့ဖြစ်စေ၊ မီးမငြိမ်လို့ဖြစ်ပါစေ ပျက်စီးသွားတဲ့ အခါမျိုးမှာ ပြန်လည်ပြုပြင်ရပြီး အဲဒီအချိန်ကာလမှာတော့ မီးအားနည်းလေ့ ရှိတာဖြစ်တယ်လို့ ပြောပါတယ်။
ဒါအပြင် မြစ်ကြီးနားမြို့ လျှပ်စစ်မီးဟာ တစ်တိုင်းပြည်လုံးကို ပေးနေတဲ့ လျှပ်စစ်လိုင်း ( National Grid) ကနေရယူနေတာ ဖြစ်ပြီး ချီဖွေရေအားလျှပ်စစ်က မီးအားတွေအနေနဲ့ National Grid ထဲမဝင်တဲ့အခါ မြစ်ကြီးနားမြို့မှာ အရင်လို ၂၄နာရီ လျှပ်စစ်မီး ရရှိဖို့ ပိုမိုခက်ခဲလာတာ ဖြစ်တယ်လို့ ဘူးဂါးလျှပ်စစ်ရုံးရဲ့ အမည်မဖော်လိုသူ ဝာာဝန်ရှိသူ တစ်ဦးက အခုလို ပြောပါတယ်။
“အခုရဲ့ အခြေအနေကိုကြည့်ရင်တော့ လျှပ်စစ်မီးရဖို့ ပိုခက်လာတယ်။ ဘယ်လိုပြောရမလဲဆိုတော့ ခြောက်သွေ့တဲ့ အချိန်တွေမှာ မီးစက်တွေကနေ မီးထုတ်လုပ်တာလည်း လျှော့လာတဲ့ အတွက်ကြောင့် ဖြစ်တယ်။ ဒီအခြေအနေအရဆိုရင် မိုးရာသီလောက်မှာဘဲ မီးလာတဲ့ အချိန်က ပိုများလာမယ်”လို့ ဆိုပါတယ်။
တစ်ဖက်မှာ ဆိုလာပြားတွေ ရောင်းချနိုင်ဖို့အတွက် လျှပ်စစ်မီးပိုမို ဖြတ်တောက်လာတာဖြစ်တယ် ဆိုတဲ့ သတင်းတွေလည်း မြစ်ကြီးနားမှာ ထွက်ပေါ်နေပေမယ့် KNG က အတည်မပြုနိုင်ခဲ့ပါဘူး။
လျှပ်စစ်ပြတ်တောက်မှုအခြေအနေနဲ့ ပတ်သက်ပြီး ဘူးဂါးလျှပ်စစ်ရုံးမှာ နှစ်ရှည်ကြာ အလုပ်လုပ်ကိုင်နေတဲ့ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးကို မေးမြန်းကြည့်ရာ လူဦးရေ၊ အိမ်ထောင်စုအများစုကို မီးခွဲပေးရတဲ့အတွက် အခုလိုဖြစ်လာတာလို့ သူက သုံးသပ် ပြောဆိုပါတယ်။
“ကျွန်တော့်ရဲ့ personal အမြင်ဆိုရင် ဒီထက်တော့ ပိုပေးနိုင်တယ်။ ဒါပေမယ့် ဒီထက်ပိုပေးရင် မီးအားတော့ အပြည့်ပေးနိုင်မှာ မဟုတ်ဘူး အဲတာကြောင့် ခွဲပေးလိုက်တာ အဲတာက တစ်ကြောင်း ၊ မီးသေမှ ဆိုလာတပ်နိုင်မယ် ဆိုလာတပ်မှဘဲ သူတို့ စီးပွားရေး ဖြစ်မယ် အဲတာကတစ်ကြောင်း၊ ဒီထက်ပိုပေးနိုင်မယ်လို့တော့ ထင်တယ် ဒါပေမယ့် ခုနပြောသလို သူတို့ဘက်က အကြောင်းပြချက်တစ်ခုကတော့ Grid မဝင်တဲ့ဟာတွေ အကုန်လုံးကိုပေးလိုက်ရင် မီးအားအပြည့် မပေးနိုင်တာမျိုးတွေ အကြောင်းပြချက် ပေးလာမယ်ထင်တယ်” လို့ သူက သုံးသပ်ပါတယ်။
ဒါအပြင် မြစ်ကြီးနားမြို့က မီးမလာတဲ့ ရပ်ကွက်တွေမှာ သူခိုး၊ ဓါးမြအုပ်စုတွေ လွတ်လွတ်လပ်လပ် သွားလာလို့ ရနေပြီး လုယက်မှုတွေလည်း ပိုပေါလာသလို နေရာတိုင်းမှာ လုံခြုံမှုမရှိပေမယ့် မီးမလာတဲ့ ရပ်ကွက်တွေမှာတော့ ခိုးဆိုးလုယက်သူတွေ ပိုပြီး လှုပ်ရှားမှုရှိလာတယ်လို့ မြစ်ကြီးနား ဒေသခံအမျိုးသမီး တစ်ဦးက ခုလိုပြောပါတယ်။
“အခုဆိုရင် အရမ်းရဲတင်းတယ် သူခိုးတွေကလေ ကြောက်စရာကြီးပါဆိုနေမှ သူမြတွေရောဘဲ အချိန်ပြည့် လူဘဲသတ်နေကြတယ် စိတ်ညစ်ဖို့ကောင်းတယ်”လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း မြစ်ကြီးနားမြို့မှာ တစ်နေ့ကို ၆နာရီကြာသာ လျှပ်စစ်မီးရရှိသည့်အပြင် တစ်ခါတစ်ရံ မီးပြတ်တဲ့ အချိန်က ထမင်းဟင်း ချက်ပြုတ်စားသောက်တဲ့ အချိန်တွေမှာလည်း ဖြစ်လေ့ရှိတာကြောင့် မြစ်ကြီးနား ဒေသခံတွေအတွက် လျှပ်စစ်မီးအသုံးပြုပြီး ချက်ပြုတ်စားသောက်ဖို့ ပိုမိုခက်ခဲလာတာဘဲ ဖြစ်ပါတယ်။
ဒါကြောင့် မြစ်ကြီးနား ဒေသခံတွေအနေနဲ့ ထမင်းဟင်းချက်ပြုတ်စားသောက်ဖို့ မီးသွေး၊ ထင်းနဲ့ ဂက်စ်မီးဖိုတွေကို ပြန်လည် အသုံးပြုလာကြ ပါတယ်။
ဒါပေမယ့်လည်း လက်ရှိ မီးသွေးတစ်အိတ်ကို ၇သောင်းကျော်၊ ထင်းခွဲခြမ်း ၄ပေပတ်လည် တစ်ကန့်ကို ၈သောင်းခွဲ၊ ဂက်စ်၁၀ပိဿာအိုးတစ်ခုကို ၁သိန်း ခြောက်သောင်းကျော် ထိမြင့်တက်နေတာဘဲ ဖြစ်ပါတယ်။
အရင်ကတော့ မီးသွေးတစ်အိတ်ကို ၅သောင်းကျော်၊ ထင်းတစ်ကန့်ကို ၅သောင်းကျော် နဲ့ ဂက်စ်တစ်အိုးကို ၈သောင်းကျော်လောက်သာ ကျသင့်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးအခြေအနေတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပိုမိုခက်ခဲလာပြီး ဒီနှစ်တစ်လပိုင်းလောက်ကနေ ဈေးတက်လာတာ ဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် မြစ်ကြီးနား မြို့နဲ့ လျှပ်စစ်မီး လုံလောက်စွာ မရရှိမှုနဲ့ အတူ စိတ်မလုံခြုံမှု၊ ချက်ပြုတ်စားသောက်ဖို့ ခက်ခဲလာမှုနဲ့ စစ်ရှောင်စခန်းလို နေရာမျိုးတွေမှာ သုံးရေ အသုံးပြုနိုင်ဖို့ ပိုမိုခက်ခဲလာတာကို မြင်တွေ့လာရတာ ဖြစ်ပါတယ်။
By – Hope