မီးပြတ်နေချိန် မီးသွေးနဲ့ထင်းစျေးတစ်ဆမြင့်တက်လာ
မြစ်ကြီးနားမြို့နဲ့ဝိုင်းမော်မြို့နယ်မှာ မီးပြတ်နေတဲ့နှစ်ပတ်အတွင်း ထင်းနဲ့မီးသွေးတွေစျေးအဆမတန်မြင့်တက်လာနေတယ်လို့ မြို့ခံတွေပြောပါတယ်။
“မီးသွေးတွေစျေးထက်ဝက်လောက်တက်တယ် လောလောဆယ်မီးသွေးအဝယ်များတော့ စျေးကလည်းတစ်စစပြန်တက်လာပြီ ဟိုနေ့သွားဝယ်တာ အရင်က နှစ်သောင်းတန်က ခု သုံးသောင်းရှိနေပြီ”လို့ မြစ်ကြီးနားမှာနေထိုင်တဲ့အမျိုးသားတစ်ဦးပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့မှာ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးရုံးကနေ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိတဲ့ ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာရှိတဲ့ ဓာတ်အားပေးစက်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်မှာဖြစ်တဲ့အတွက် လျှပ်စစ်မီး ၂ ပတ်ခန့် ပြတ်တောက်မှာ ဖြစ်တယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီနောက် မီးသွေးနဲ့ထင်းစျေးတွေ စျေးစတင်မြင့်တက်လာတာဖြစ်ပြီး အရင်က ထင်းတစ်စီးကို ယခင် ကျပ်တစ်ထောင်ရှိရာကနေ လက်ရှိတစ်ထောင့်ငါးရာ၊နှစ်ထောင်ဝန်းကျင်အထိရှိလာပြီး ယခင် မီးသွေးအိတ်အသေး အရင်နှစ်သောင်းကနေ လက်ရှိ သုံးသောင်းဝန်းကျင်အထိရှိလာပြီဖြစ်ပါတယ်။
မြို့ခံတွေပြောပြချက်အရ မီးပြတ်နေချိန်နှစ်ပတ်တွင်း စစ်တပ်လက်အောက်ခံ ကချင်ပြည်နယ်အစိုးရ ဖုန်း၊ဆိုင်ကယ်အားသွင်းဖို့ ရပ်ကွက်အလိုက်ပြင်ဆင်ထားတဲ့အတွက် အခက်ခဲမရှိပေမယ့် ထမင်းဟင်းချက်ဖို့တွက်တော့ မီးသွေး၊ထင်းကိုသာအဓိက အသုံးပြုကြရတာဖြစ်ပါတယ်။
ဒါကြောင့် ထင်းနဲ့မီးသွေးဝယ်လိုအားများနေတာကြောင့် စျေးနှန်ုးတွေ ပိုမြင့်တက်လာတာဖြစ်တယ်လို့ပြောပါတယ်။
“ကျမတို့ကတော့ မီးမပြတ်ခင်ကတည်းက အိတ် ၃၀လောက်ဝယ်ထားတာလေ။ ကွက်တိဖြစ်သွားတာ ခုနေများသွားဝယ်ရင် စျေးက တစ်ဝက်လောက်ကွာနေပြီ။ ဒီမြစ်ကြီးနားကလည်း တစ်နေ့တစ်မျို့မရိုးရဘူး အဖက်ဖက်ကနေပိုခက်လာတာပဲသိတော့တယ်”လို့ မြို့ခံအမျိုးသမီးတစ်ဦးပြောပါတယ်။
တစ်ဖက်မှာလည်း ယခုအချိန်ဟာ နွေရာသီကာလ ရေခမ်းချိန်ဖြစ်တဲ့အတွက် ချီဖွေရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံပြုပြင်ပြီးပေမယ်လည်း အရင်အတိုင်း ခွဲတမ်းနဲ့သာ လျှပ်စစ်မီး ရရှိမှာဖြစ်ပြီး မိုးတွင်းကာလ ရေများတဲ့ အချိန်ရောက်မှသာ လျှပ်စစ်မီးရတဲ့အချိန် ပိုများလာမှာ ဖြစ်တယ်လို့ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းရဲ့ တာဝန်ရှိသူက ပြောဆိုထားသလို ဧပြီလ ၃၀ ရက်နေ့ကစပြီး မြို့တွင်းရပ်ကွက်တစ်ချို့မှာ မီးရနေပြီလို့ သိရပါတယ်။
ဘူးဂါးလျှပ်စစ် ဓာတ်အားပေး လုပ်ငန်းကနေပြီးတော့ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ချီဖွေရေအားလျှပ်စစ်၊ မလိခ ရေအားလျှပ်စစ်နဲ့ အမျိုးသားဓာတ်အားလှိုင်း( National Grid ) စတဲ့ နေရာသုံးခုကနေအဓိက ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၃ခုနှစ်မှာတော့ မလိခ ရေအားလျှပ်စစ် ချို့ယွင်းမှုရှိခဲ့ပြီး လက်ရှိချိန်ထိ မပြုပြင်နိုင်သေးဘဲ ရပ်နားထားရတယ်လို့ သိရပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့ကို ချီဖွေရေအား လျှပ်စစ်နဲ့ အမျိုးသားဓာတ်အားလှိုင်း နှစ်ခုတည်းကိုသာ အသုံးပြုနေရတယ်လြို သိရပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅ ဇူလှိုင်လ လောက်မှာတော့ အမျိုးသားဓာတ်အားလှိုင်းကနေလည်း လျှပ်စစ်မှု ရရှိမှုဟာ ရပ်တန့်သွားခဲ့ပြီး လက်ရှိ အချိန်မှာတော့ ချီဖွေရေအားလျှပ်စစ် တစ်ခုတည်းကနေဘဲ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေရတာဖြစ်တယ်လို့ ဘူးဂါးရုံးကနေ သိရပါတယ်။
By – Zami




