ဖားကန့် တိုက်ပွဲ ၄ ရက်အတွင်း စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများ
ဖားကန့် ၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဝင်ရောက်တပ်စွဲနေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။
ဧပြီလတွင်း လုံးခင်း၊ ဂေါက်ကွင်း၊ ဆေးရုံနဲ့ သင်္ချိုင်းကုန်းနေရာတစ်လျှောက် စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားဝင်ရောက်တပ်စွဲနေတဲ့ စစ်ကြောင်းတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေဘက်နေ တန်ပြန်တိုက်ခိုက်နေတာ ၄ ရက်ကြာမြင့်လာပြီဖြစ်ပါတယ်။
“စစ်တပ်က စစ်အင်အားဖြည့်တင်းလာလို့ နယ်မြေမတိုးလာနိုင်အောင် လုံးခင်း၊ မှော်ဆီစာ တဝိုက်ကို KIA နဲ့ PDF တပ်တွေက ဝိုင်းပတ်ပြီး ပိတ်ဆို့ထားတယ်။ စစ်တပ်ဘက်က စစ်အင်အား ၃၀၀၊ ၄၀၀ လောက်ရှိတယ်။ မှော်ဆီစာ ဘုရားကုန်းနဲ့ ဂေါက်ကွင်း၊ ဆေးရုံတစ်လျှောက်၊ Sky Hotel နားတွေမှာပါ နေရာယူထားကြပြီး တဖြည်းဖြည်းနဲ့ စစ်ကြောင်းထိုးနေတာပေါ့။ ဖားကန့် ဗျူဟာကုန်းဘက်ကနေ လက်နက်ကြီးတွေပစ်ကူနေတာ”လို့ ဖားကန့် တော်လှန်ရေးနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ လုံးခင်းကျေးရွာအုပ်စုရဲ့ စစ်ရေးအတွက် အရေးပါတဲ့ တောင်ကုန်းနေရာ ၃ ခုလောက်မှာ တပ်စွဲထားပြီးနောက် မေလဆန်းပိုင်းမှာပဲ KIA နဲ့ PDF တပ်တွေ စစ်တပ်ရှိတဲ့နေရာတွေကို ပိတ်ဆို့တိုက်ခိုက်နေသလို ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာဖြစ်ပါတယ်။
လုံးခင်းဆေးရုံကုန်းနဲ့ သင်္ချိုင်းကုန်းနေရာတစ်လျှောက် စစ်တပ်ရှိတဲ့နေရာတွေကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲဖြစ်တဲ့ ၄ ရက်အတွင်း စစ်တပ်ဘက်က သေဆုံးသူ ၁၂ ဦးခန့် ရှိတယ်လို့ ဆက်ပြောပါတယ်။
“စစ်ဖြစ်နေတာ ဒီကနေ့အထိ တိုက်ပွဲဖြစ်နေတာ ၃ ရက်၊ ၄ ရက်လောက်ရှိလာပြီ။ အဓိကတော့ စစ်ကြောင်းထိုးနေလို့ဖြစ်တာ။ ဆေးရုံကုန်းတစ်ဝိုက်မှာ စစ်ကြောင်းထိုးနေတဲ့အဖွဲ့ကို တော်လှန်ရေးတပ်တွေဘက်ကနေ နယ်မြေကျွမ်းကျင်တဲ့အခါကျတော့ ဒရုန်းတွေနဲ့ သေချာစောင့်ကြည့်ပြီးပစ်တဲ့အခါကျတော့ စစ်တပ်ဘက်က အထိအခိုက်များတယ်။ အခုထိ မကောက်ရသေးတဲ့ အလောင်းတွေ ၈ လောင်းလောက်ကျန်သေးတယ်။ ကောက်ရတဲ့အလောင်းဆိုရင် ၄ လောင်းရှိတယ်”လို့ပြောပါတယ်။
မေလ ၃ ရက်နေ့ ကနေ ၆ ရက်နေ့အထိ လုံးခင်း ဆေးရုံနဲ့ သင်္ချိုင်းကုန်းနေရာ တစ်လျှောက်မှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး KIA လက်အောက်ဖမ်းဆီးခံရသူ စုစုပေါင်း ၁၅ ဦးခန့်ရှိသွားပြီလို့ ပြောပါတယ်။
တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ စစ်တပ်ရဲ့ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖော်ပြထားတာတွေ့ရှိရပါတယ်။
ဒီကနေ့ မတ်လ ၇ ရက်နေ့မှာလည်း စစ်တပ်နေရာယူထားတဲ့ ဂေါက်ကွင်းနဲ့ သင်္ချိုင်းကုန်းနေရာက စစ်ကြောင်းတစ်ချို့ထွက်ခွာလာတဲ့အတွက် KIA နဲ့ PDF တပ်ဖွဲ့တွေ လမ်းကြောင်းပိတ်ဆို့ပြီး တိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက်တပ် အပြန်အလှန်တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
အဲ့ဒီစစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်း ၆ ရက်နေ့နောက်ပိုင်း ကားမိုင်း – နန့်ယားလမ်းကိုအသုံးပြုပြီး စစ်ကြောင်းထိုးဝင်ရောက်လာကြတဲ့ စစ်ကြောင်းတွေဖြစ်ပြီး လုံးခင်း၊ မှော်ဆီစာ ကျေးရွာတွေမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတာ တစ်လကျော်ခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။
ဧပြီလအတွင်းမှာပဲ အဲဒီစစ်ကြောင်းတွေက KIA ထိန်းချုပ်နေရာတွေဖြစ်တဲ့ မော်ဝမ်းကြီးအနီးက ဆွတ်ဘွမ့်(အမှိုက်ပုံ) ၊ လုံးခင်း သင်္ချိုင်းကုန်းနေရာနဲ့ မရှီကထောင် အနောက်ဘက်ခြမ်း KBC ဆုတောင်းကုန်းနေရာတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အဲ့ဒီစစ်ကြောင်းတွေက နောက်ထပ် KIA သိမ်းပိုက်နယ်မြေဖြစ်တဲ့ ဆိုင်းတောင်ကျေးရွာအပြင် နောက်ထပ် ကျေးရွာတွေကို သိမ်းပိုက်ဖို့ လုံးခင်းကျေးရွာရဲ့ အရေးပါတဲ့နေရာတွေမှာ နေရာတွေမှာ တပ်စွဲထားပြီး စစ်ရေးလှုပ်ရှားနေတာဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေသုံးသပ်ပြောဆိုပါတယ်။
နောက်ပြီး KIA သိမ်းပိုက်နယ်မြေတွေကို လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးပမ်းပြီး ရွေးကောက်ပွဲက အနိုင်ရရှိတဲ့ လွှတ်တော်အမတ်တွေ အစိုးရဖွဲ့စည်းနိုင်ဖို့ လုပ်ဆောင်နေတာလည်းဖြစ်တယ်လို့ နောက်ထပ် ဖားကန့် ပြည်သူတစ်ဦးက ဆက်ပြီးသုံးသပ်ပါတယ်။
“ဒီအခြေအနေကိုကြည့်ရင် ဖားကန့်ဒေသတစ်ခုလုံးကို ထိန်းချုပ်ဖို့ဖြစ်တယ်။ ပြီးရင်အခုသူတို့ရွေးကောက်ထားတဲ့ လွှတ်တော်အမတ်တွေကို ဖားကန့်မှာ အခြေချနေထိုင်နိုင်အောင် စစ်တပ်က ကြိုးစားနေတဲ့သဘောရှိပါတယ်”လို့ပြောပါတယ်။
ဒါကြောင့် စစ်တပ်ဟာ ဖားကန့်ဒေသထဲကို စစ်အင်အားဖြည့်တင်းထားတဲ့ ပြည်သူ့စစ်အင်အားတွေကို လုံးခင်း၊ မှော်ဆီစာ ကျေးရွာတွေမှာ တပ်စွဲထားတာဖြစ်ပါတယ်။
တစ်ဖက်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကလည်း ဧပြီလအတွင်းမှာပဲ လက်လွတ်လိုက်ရတဲ့နေရာတွေကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေသလို စစ်တပ်က စစ်အင်အားဖြည့်တင်းနေတဲ့ ကားမိုင်း – နန့်ယားလမ်းပိုင်းကိုလည်း သွားလာခွင့်တားမြစ်ထားတာဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ ၂၀၂၆ နှစ်ဆန်းပိုင်းကနေ နှစ်တပ်အပြန်အလှန်ဖော်ဆောင်တဲ့တိုက်ပွဲတွေကြောင့် တိုက်ပွဲပြင်းထန်နေတာ ၄ လကျော်ခန့်ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



