စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့အရပ်သားလေးဦးထိမှန်
ကချင်ပြည်နယ် ရွှေကူ–ငအိုးကားလမ်းပိုင်းမှာရှိတဲ့ ငို့စင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် အရပ်သားလေးဦးထိမှန်ခဲ့ကြောင်း ဒေသခံတွေက KNG ကိုပြောပါတယ်။
မေလ ၈ ရက် ည ၈ နာရီတိတိအချိန်မှာ စစ်ကောင်စီတပ်က ကချင်ပြည်နယ်၊ ရွှေကူနယ်နဲ့ ရှမ်းမြောက်၊ မဘိမ်းမြို့နယ်အစပ်မှာရှိတဲ့ ငို့စင်ကျေးရွာကို ဒရုန်းတစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တစ်လုံးထိမှန်ခဲ့ပြီး အရပ်သားလေးဦးထိခိုက်ထိမှန်ခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ငို့စင်ရွာထဲက လူရှိတဲ့အိမ်မှာ ဒရုန်းကျတာ မိသားစုဝင်လေးယောက်ထိသွားတယ် ဒဏ်ရာလည်းပြင်းထန်သွားတယ်။ ရွှေကူဘက်ဝင်ချင်တဲ့စစ်ကြောင်းက ကြဲတာလို့တော့ပြောတာပဲ”လို့ ငို့စင်ရွာခံတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ ဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦးထိမှန်ခဲ့တဲ့အပြင် ပျဥ်ထောင်အိမ်တစ်လုံးလည်း မီးလောင်ပြာကျခဲ့ကြောင်းသိရပါတယ်။
ဒရုန်းထိမှန်တဲ့ထဲမှာ အမျိုးသမီးတစ်ဦးပါဝင်ကြောင်းသိရပြီး ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေရဲ့အမည်နာမတွေကိုတော့ KNG ကအတည်ပြုနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ငအိုး–ရွှေကူကားလမ်းပိုင်းကိုအသုံးပြုပြီး ငအိုးကနေ ရွှေကူမြို့တွင်းထပ်ထဲကို အင်အားဖြည့်တင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်။
ပြီးခဲ့ မေလ ၅ ရက်နေ့မှာလည်း အင်အား ၅၀ ကျော်ပါတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းတစ်ကြောင်းငအိုးကနေ ရွှေကူမြို့ဘက်ကိုဦးတည်လာနေစဥ် ရွှေကူမြို့နယ် PDFပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်အထိနာပြီး ငအိုးရွာထဲပြန်ဆုတ်ခွာသွားတယ်လို့သိရပါတယ်။
အခုလို စစ်ကောင်စီတပ်တွေစစ်ရေးလှုပ်ရှားမှုတွေကြောင့် ငအိုး–ရွှေကူကားလမ်းပိုင်းမှာ ဒေသခံတွေသွားလာရေးခက်ခဲနေကြောင်းလည်းသိရပါတယ်။
မဘိမ်းမြို့နယ်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ရွှေကူမြို့နယ်မှာတော့ ကျေးရွာအားလုံးနီးပါးကို KIAနဲ့ PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပြီး မြို့ပေါ်ကိုတော့ စစ်တပ်ကထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဧပြီလ ၂၃ ရက်နေ့ ရွှေကူမြို့နယ်ကိုစစ်အုပ်ချုပ်ရေးကြေညာထားပြီးနောက် မဘိမ်းဘက်ကနေ အင်အားဖြည့်ဖို့ကြိုးပမ်းလာနေတာလို့ ကာကွယ်ရေးတပ်တွေဘဆိုပါတယ်။
By – Zaw Zaw




