ထိန်းသိမ်းခံထားရတဲ့ MGM Director မရန်ဆိုင်းနော်အမှုကို သက်ညာပေးဖို့ ကချင်အနုပညာရှင်များ တောင်းဆို

Miss Grand Myanmar အလှမယ် ပြိုင်ပွဲ စီစဉ် ကျင်းပသူ National Director ဖြစ်တဲ့ Maran Seng Naw (မရန်ဆိုင်းနော်) အပါ ၄ ဦးကို အာဏာပိုင်တွေ ဖမ်းဆီးထားတာ ၃ ရက် ကြာမြင့်လာချိန် အမှုကို သက်ညာနားလည်ပေးဖို့ ကချင်အနုပညာရှင် အသိုင်းအဝိုင်းကလည်း တောင်းဆိုနေကြပါတယ်။

Maran Seng Naw အနေနဲ့ ဘာသာရေးညှိုးနွမ်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင်လုပ်ဆောင်ခဲ့ခြင်းမဟုတ်တဲ့အတွက် ခံဝန်ချက်ထိုးပြီး ပြန်လည်လွတ်ပေးဖို့ ကချင်အနုပညာရှင်တစ်ဦးကလည်း တောင်းဆိုထားပါတယ်။

ကိုယ်တို့မြင်တဲ့အတိုင်းပြောရမယ်ဆိုရင် ဘာသာရေးညှိုးနွမ်းအောင် ရည်ရွယ်ချက်နဲ့ လုပ်တာမဟုတ်ဘူးလို့ လုံးဝပြောချင်တယ်။ လုပ်လို့လည်းမရဘူး လုပ်လိုက်ပြီဆိုကတည်းက ဒီလိုတွေဖြစ်လာမယ်ဆိုတာ ကြိုသိထားပြီးသားဖြစ်တယ်။ ဒါပေမယ့် အခုက ဖြစ်လည်းဖြစ်သွားပြီတော့ နောက်တစ်ကြိမ် မလုပ်မှားဖို့ ခံဝန်ချက်နဲ့ ပြန်လွတ်ပေးရင်ကောင်းမယ်။ သာသနာရေးနဲ့ ဆိုင်တဲ့ တာဝန်ရှိသူတွေကို ပြည်သူကို ပြန်ပြီးတောင်းပြန်ခိုင်းတာဖြစ်ဖြစ်၊ တာဝန်ရှိတဲ့သူတွေအနေနဲ့ နားလည်ပေးစေချင်တယ်လို့ ကချင် အနုပညာရှင်တစ်ဦးက ပြောပါတယ်။

Miss Grand Myanmar ရဲ့ National Director ဖြစ်တဲ့ မရန်ဆိုင်းနော်ကို အမှုဖွင့် ဖမ်းဆီးထားတဲ့အမှုကို သက်ညာစွာ ဆောင်ရွက်ပေးဖို့ Wunpawng Shingni Hpung Ginjaw ကချင်အနုပညာရှင်အသင်းချုပ် ကလည်း မေလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်တောင်းဆိုထားပါတယ်။

ကချင်အနုပညာရှင်အများအပြားကလည်း မရန်ဆိုင်းနော်အမြန်လွတ်မြောက်လာဖို့ လူမှုကွန်ယက်စာမျက်နှာ ပေါ်တွေမှာ ရေးသားတောင်းဆို နေကြပါတယ်။

မရန်ဆိုင်းနော်အပါ ၄ ဦးကို ဘာသာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က) နဲ့ ရပ်ကျေး ဥပဒေ ပုဒ်မ ၂၆ စတဲ့ ပုဒ်မနှစ်ခုနဲ့ ကျောက်တံတားမြို့ရဲစခန်းမှာ အမှုဖွင့်ဆိုထားကြောင်း သိရပါတယ်။

မရန်ဆိုင်းနော်နဲ့ နီးစပ်သူတစ်ဦးက အခုက ရဲစခန်းမှာ ထိန်းသိမ်းထားတာဖြစ်တဲ့အတွက် တွေ့ခွင့်လည်းရပါတယ်။ စားသောက်စရာ တွေလည်း ပုံမှန်ပို့ပေးတယ်။ လောလောဆယ်တော့ သူ့ရဲ့ လမ်းကြောင်းအတိုင်း ပုံမှန် ဆက်လုပ်နေပါတယ် လို့ KNG ကို ပြောပါတယ်။

တရားစွဲဆိုဖို့ အမှုဖွင့်ထားတာနဲ့ ပတ်သက်ပြီး ရက်ပေါင်း ၁၄ ရက်အကြာမှ အသေးစိတ် အခြေအနေကို သိရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မရန်ဆိုင်းနော်အပါအဝင် မရန်ဆိုင်းနော်ရဲ့ ညီအစ်မဖြစ်သူ၊ တာချီလိတ် City Director နဲ့ တာချီလိတ်အလှမယ် တို့ဖြစ်ကြပါတယ်။

မေလ ၄ ရက်နေ့ Miss Grand Myanmar က ပြုလုပ်ကျင်းပခဲ့တဲ့ အမျိုးသားဝတ်စုံပြိုင်ပွဲမှာ တာချီလိတ်အလှမယ်က မေသီလရှင် ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေဖန်ပြောဆိုမှုမြင့်တက်ခဲ့ပြီးနောက် အမှုဖွင့် ဖမ်းဆီးခံထားရတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

မေသီလရှင်ဝတ်စုံဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်အခြေအနေကို National Director ဖြစ်တဲ့ Manran Seng Naw ကိုယ်တိုင်လည်း ကြိုတင်သိရှိခဲ့ခြင်း မရှိဘဲ ဖြစ်ပွားခဲ့တာကြောင့် မေလ ၅ ရက်နေ့ မနက်မှာ လူမှုကွန်ရက်ကတဆင့် တောင်းပန်ခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button