ငအိုးရွာ ဒေသခံဆီက အလှူငွေ သိန်း ၇၀ ကျော် စစ်တပ်က လုယူရိုက်နှက်ခဲ့ဟုဆို
ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မဘိမ်းမြို့နယ် ငအိုးရွာထဲကို ဝင်ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းက ဒေသခံတစ်ဦးဆီက အလှူလုပ်ဖို့ ယူဆောင်လာတဲ့ ငွေကျပ်သိန်း ၇၀ ကျော်ကို လုယူခဲ့ပြီး လူကိုပါ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ အဲ့ဒီစစ်ကြောင်းဟာ ငအိုးရွာထဲ ဝင်ရောက်လာချိန်မှာ လမ်းသွားလမ်းလာတချို့ကို စစ်ဆေး မေးမြန်းခဲ့ပြီး ငွေကြေးယူဆောင်လာသူတစ်ဦးကို တားဆီးစစ်ဆေးကာ ငွေကြေးသိမ်းယူ ခဲ့သလို ရိုက်နှက်မှုလည်း ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
“ငအိုးရွာထဲကို ဝင်သွားတဲ့အခါ သူတို့ရှေ့က ဖြတ်သွားတဲ့သူကို စစ်ဆေးပြီးတော့ ပိုက်ဆံယူတယ်၊ လူကို ရိုက်နှက်ပြီး ပြန်လွှတ် လိုက်တာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ ငြိမ်းချမ်းရေးအဖွဲ့ စည်းရုံးရေးတပ်လို့ ပြောဆိုနေခဲ့ပေမယ့် လက်တွေ့မှာတော့ ပြည်သူတွေအပေါ် အကြမ်းဖက်မှု ပြုလုပ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က အခုတက်လာတဲ့စစ်ကြောင်းကို ငြိမ်းချမ်းရေးအဖွဲ့ဆိုပြီး ပြောနေကြတာ။ ဒါပေမယ့် တကယ်တမ်းကျတော့ ငအိုးကို ရောက်နေတဲ့အဖွဲ့က ပြည်သူတစ်ဦးဆီက အလှူလုပ်ဖို့ ပါလာတဲ့ ငွေသိန်း ၇၀ ကျော်လောက်ကို အကုန်ယူပြီး လူကိုပါ ရိုက်နှက်လွှတ်လိုက်တာ”လို့ သူက ဆက်ပြောပါတယ်။

ဒီလုယက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် ဒေသခံတွေကြားစိုးရိမ်မှုမြင့်တက်နေပြီး ငအိုး–ရွှေကူ လမ်းကြောင်းတစ်လျှောက် လုံခြုံရေးအခြေအနေကို ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ရေးသတင်းရင်းမြစ်တွေအရ အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ထီးချိုင့်မြို့နယ် မြတောင်ဘက်ကနေတက်လာတဲ့ တပ်ဖွဲ့တွေဖြစ်ပြီး ငအိုးရွာ ခလရ ၁၂၁ တပ်နဲ့ပူးပေါင်းအထိုင်ချထားတာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့မေလ ၅ ရက်နေ့ မနက်ပိုင်းကတော့ အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ ရွှေကူမြို့ကိုဦးတည်စစ်ကြောင်းထိုးခဲ့ပြီး လမ်းမှာ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ငအိုးတပ်ထဲကို ပြန်လည်ဆုတ်ခွာသွားခဲ့တာဖြစ်ပါတယ်။
ထီးချိုင့်မြို့နယ် မြတောင်ဘက်ကနေ ငအိုးတပ်ထဲ ဝင်ရောက်လာတဲ့ စစ်ယာဉ်တန်းမှာ ရိက္ခာတင်ယာဉ်တွေအပါအဝင်အစီး ၃၀ ခန့် ပါဝင်တယ် လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာတော့ ကချင်ပြည်နယ် စစ်ကိုင်းတိုင်းထဲက ရွှေကူမြို့ကို ဘယ်အဖွဲ့အစည်းဘက်ကအပြည့်အဝထိန်းချုပ်ထားတာ မရှိသေးသလို မြို့ပတ်ဝန်းကျင်နဲ့ လမ်းကြောင်းပိုင်းတွေမှာ KIA နဲ့ PDF တပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ ဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ဖက်မှာ စစ်တပ်က မိုးမိတ်ကနေ မဘိမ်း – ငါးအိုး လမ်းပိုင်းကိုထိန်းချုပ်နိုင်ဖို့အတွက် ထိုးစစ်ဆင်ပြီး ကချင်ပြည်နယ် ကို ဝင်ရောက်နိုင်ဖို့အတွက် ပြင်ဆင်နေတဲ့အနေအထားဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကသုံးသပ်နေကြပါတယ်။
By – အမိုး




