ဖမ်းဆီးခံထားရတဲ့ ‘မိုင်’ ဆေးခန်းက ဒေါက်တာနဲ့ လူနာတွေကို တရားစွဲဆိုဖို့ပြင်ဆင်နေ

ဖားကန့်မှာ ဧပြီလအတွင်း စစ်တပ်ဖမ်းဆီးသွားတဲ့ မိုင် (Mai) ဆေးခန်းက ဒေါက်တာရာဇာထွန်းအပါအဝင် ဆရာဝန်တစ်ချို့နဲ့  ဦးဇော်မိုးတို့ လွတ်မြောက်လာခြင်းမရှိသေးဘဲ သူတို့ကို စစ်တပ်က တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဧပြီလ ၂၁ ရက်နေ့ စစ်ကြောင်းထိုးလာချိန် လုံးခင်း အောင်ရာကျေးရွာရှိ မိုင်ဆေးခန်း ဝင်ရောက်စီးနင်းခံရပြီးတော့ ဒေါက်တာရာဇာထွန်းအပါ ဆေးဆရာဝန်၊ လူနာနဲ့ လူနာစောင့် ၂၀ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရက်ပေါင်း ၂၀ ခန့်ကြာမြင့်လာပြီး ဆေးရာဝန်တစ်ချို့က လွတ်မြောက်သွားပြီဖြစ်ပေမယ့် ဒေါက်တာရာဇာထွန်းနဲ့ ဆရာဝန် ၃ ဦး၊ လူနာတစ်ဦးနဲ့ လူနာစောင့် ၆ ဦးလွတ်မြောက်လာခြင်းမရှိသေးတဲ့အပြင် တရာစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ ဖားကန့်ပြည်သူတစ်ဦးဆီကနေ သိရပါတယ်။

မိုင်ဆေးခန်းက ဒေါက်တာရာဇာထွန်းနဲ့ ဆရာဝန်တစ်ချို့၊ နောက်လူနာ၊ လူနာစောင့်တွေ မလွတ်သေးဘူး။ ကြားရသလောက်က ဒေါက်တာနဲ့ လူနာတွေကို တရားစွဲမယ်ဆိုပြီး ကြားထားတယ်။ အဓိကတော့ ဆရာဝန်က လူနာကို ဆေးကုပေးလို့ဆိုပြီးအမှုတွဲထဲမှာ ပါနေတဲ့အခြေအနေဟုတယ်။ ဥရုဆွတ်အောင်တည်ခိုခန်းက ဖမ်းဆီးခံရသူတွေကတော့ အကုန်လွတ်ပြီလို့ကြားတယ် လို့ ပြောပါတယ်။

မိုင်ဆေးခန်းဝင်စီးခံရချိန် ဒေါက်တာရာဇာထွန်းအပါ အယောက် ၂၀ ကို ဖမ်းဆီးသွားပေမယ့် ဧပြီလကုန်ပိုင်းမှာပဲ ဆရာဝန်တစ်ချို့ကို ပြန်လွတ်ပေးခဲ့တယ်လို့သိရပါတယ်။

လက်ရှိမှာ လူနာတစ်ဦးနဲ့ လူနာစောင့် နှစ်ဦးက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတယ်လို့ စွပ်စွဲပြောဆိုပြီးတော့ လွတ်မြောက်ဖို့ ကျန်ရှိနေသူများကို ဖားကန့်ရဲစခန်းမှာ တရားစွဲဆိုဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့ည မိုင် ဆေးခန်း ဝင်ရောက်စီးနင်းခဲ့တဲ့အချိန် တပြိုင်နက် ဥရုဆွတ်အောင် တည်းခိုခန်းက မန်နေဂျာအပါ ၁၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပါတယ်။

ဖားကန့်လုံးခင်းထဲမှာ ဧပြီလအတွင်းမှာပဲ နောက်ထပ် ဖားကန့်ဒေသရဲ့ မြေပြင်အခြေအနေတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပြပေးနေတဲ့ ဦးဇော်မိုးကိုလည်း စစ်တပ်က ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဦးဇော်မိုးကိုလည်း စစ်တပ်က ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။

ဦးဇော်မိုးရဲ့ အခြေအနေက ကြားရသလောက် လုံးခင်း ယမ်းချက်စခန်းထားရှိတယ်လို့ကြားတယ်။ အမှုဖွင့်တာတော့မကြားသေးဘူး။ ဘယ်ချိန်ပြန်လွတ်လာမလဲတော့မသိဘူးပေါ့လေလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက ဖားကန့် လုံးခင်းကျေးရွာအုပ်စုထဲရှိ ကျေးရွာ ရပ်ကွက်တွေထဲ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပြည်သူ ၃၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

အဲ့ဒီစစ်ကြောင်းတွေဟာ ဧပြီလ ၆ ရက်နေ့ ကားမိုင်းနန့်ယား ဖားကန့်လမ်းပိုင်းကနေ စစ်အင်အားဖြည့်တင်းပြီး လုံးခင်းကျေးရွာတစ်ခုလုံးမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားခဲ့နေတဲ့ စစ်ကြောင်းတွေဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button