ပယင်းမှော်ဒေသကိုရဖို့ စစ်ကောင်စီပူးပေါင်းတပ်ထိုးစစ်ဆင်ပြီး ဗုံးကြဲတိုက်ခိုက်နေ

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်ဒေသတွေဘက်ကို စစ်ကောင်စီပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်လာတာကြောင့် မေလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ဝေလောမှော်ဘက်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့သလို ရေကြည်ချောင်းနဲ့ ပယင်းတောင်မှော်ဘက်မှာလည်း အခြေအနေတင်းမာနေတယ်လို့ လက်ရှိ ပယင်းမှော်ဒေသမှာ ရောက်ရှိနေတဲ့ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

စစ်တပ်ဘက်က ထိုးစစ်ဆင်နေတာ ပြီးခဲ့တဲ့လကတည်းက ဖြစ်လိုက်နားလိုက်နဲ့ ဖြစ်နေတယ်။ ဟိုတနေ့ (မေလ ၁၆၊ ၁၇မှာတော့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်တယ်။ ဝေလောဘက်မှာ ရေကြည်ချောင်းနဲ့ ပယင်းတောင်ဘက်လည်း အခြေအနေ လုံးဝမကောင်းဘူး” လို့ သူက ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေဟာ လက်ရှိ ဝေလော၊ ပယင်းတောင်နဲ့ ရေကြည်ချောင်းဘက်တွေမှာ ထိုးစစ်ဆင်နေသလို နာမ့်ကွမ်းမှော်ဘက်ကိုလည်း ဒရုန်းနဲ့ ဗုံးကြဲတာ၊ ကင်းထောက်တာတွေ လုပ်ဆောင်နေတယ်လို့ လက်ရှိ နာမ့်ကွမ်းမှော်မှာ ရောက်ရှိနေတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

နာမ့်ကွမ်းမှော်ကိုတော့ ထိုးစစ်မဆင်ဘူး။ ဒရုန်းနဲ့ပဲ ဗုံးကြဲနေတာ။ ဟိုနေ့က (မေလ ၁၉ ရက်ဗုံးသီးနှစ်လုံး ချသွားတယ်။ တစ်လုံးကွဲတယ်၊ ထိခိုက်မှုတော့ မရှိဘူး။ တစ်လုံးကတော့ မကွဲဘူး။ မနေ့ကတော့ တစ်နေ့လုံး ဒရုန်းတွေဝဲနေတယ်။ ကောင်းကင်ပေါ်က အခြေအနေကတော့ မကောင်းဘူး လို့ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရေးတင်းမာနေတဲ့ ဝေလော၊ ရေကြည်ချောင်း၊ ပယင်းတောင်၊ စံလွန်၊ နာမ့်ကွမ်း စတဲ့ မှော်ဒေသတွေဟာ KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်ပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွေမှာလည်း ပယင်းမှော်ဒေသကို ထိန်းချုပ်နိုင်ဖို့ အင်အားသုံး ထိုးစစ်ဆင်ခဲ့ပေမယ့် အထိနာပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စကစတွေက ပယင်းမှော်ဒေသကို လိုချင်နေတာ ကြာပြီ။ မနှစ်က ပွင့်လင်းရာသီမှာ ထိုးစစ်ဆင်တယ်။ အထိနာတော့ ပြန်ဆုတ်သွားပြီး ခဏငြိမ်နေကြတာ။ အခု ဧပြီလလောက်ကစပြီးတော့ ထိုးစစ်ပြန်ဆင်နေတာ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့အတွက် ပယင်းမှော်ဒေသဘက်မှာ နေရာကွက်ကျားတိုက်ပွဲတွေ နေ့စဉ်လိုလို ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ပယင်းမှော်ဒေသမှာ တိုက်ပွဲတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေပေမယ့် ပယင်းမှော်နဲ့ ရွှေမှော်လုပ်ငန်းတွေကို ပိတ်ထားတာမျိုး မရှိဘဲ ပုံမှန်လည်ပတ်နေဆဲ ဖြစ်တယ်လို့ နာမ့်ကွမ်းမှော်မှာ ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မှော်တွေကို လုံးဝပိတ်ထားတာတော့ မရှိဘူး။ လုပ်ရဲတဲ့သူတွေကတော့ ဆက်လုပ်နေကြတာပဲ။ နာမ်ဗျူ၊ လပူခ၊ လမုန်ခ ဘက်တွေဆို အခြေအနေကောင်းတယ်။ နာမ့်ကွမ်းတို့၊ ဝေလောတို့ဘက်မှာ ဗုံးကြဲနေတာတောင် မှော်ထဲမှာ လူတွေရှိသေးတယ်။ အလုပ်တွေလည်း ဆက်လုပ်နေကြတယ် လို့ သူက ပြောပါတယ်။

လက်ရှိ တနိုင်း ပယင်းမှော်ဒေသထဲကို ထိုးစစ်ဆင်နေတဲ့ တပ်ဖွဲ့တွေထဲမှာ တနိုင်း .က. လက်အောက်ခံတပ်ရင်းတွေ၊ မင်းဇင်သန့် ပြည်သူ့စစ်တပ်ဖွဲ့နဲ့ ဦးရွှေမင်း ဦးဆောင်တဲ့ လီဆူပြည်သူ့စစ်တပ်ဖွဲ့တွေ ပါဝင်တယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း စစ်ကောင်စီတပ်က ပယင်းမှော်ဒေသဘက်ကို ထိုးစစ်ဆင်ဝင်ရောက်စဉ် မှော်ဒေသသွား ကားလမ်းပိုင်းတွေကို ပိတ်ပင်ခဲ့တာကြောင့် ပြည်သူထောင်ချီ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

တနိုင်း ပယင်းမှော်ဒေသဟာ ကချင်ပြည်နယ်အတွင်း ကမ္ဘာ့အရည်အသွေးမြင့် ပယင်းတွေ ထွက်ရှိရာ တစ်ခုတည်းသော မှော်ဒေသဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်းမြို့နယ်အတွင်းရှိ ပယင်းမှော်ဒေသတွေမှာ စစ်ရေးတင်းမာမှုတွေ မကြာခနရှိလာပြီး အထူးသဖြင့် KIA ထိန်းချုပ်ထားတဲ့ ဝေလော၊ နာမ့်ကွမ်း၊ ပယင်းတောင်၊ ရေကြည်

ချောင်း၊ စံလွန် စတဲ့မှော်ဒေသကိုရဖို့  စစ်ကောင်စီတပ်တွေက အကြိမ်ကြိမ် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

ပယင်းမှော်ဒေသတွေဟာ ကချင်ပြည်နယ်အတွင်း ကမ္ဘာ့အရည်အသွေးမြင့် ပယင်းတွေ ထွက်ရှိတဲ့ အရေးပါတဲ့ စီးပွားရေးနယ်မြေတွေဖြစ်တာကြောင့် စစ်ရေးအရသာမက စီးပွားရေးအရလည်း အရေးပါနေတဲ့ဒေသတွေ ဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၅ ခုနှစ်အတွင်းမှာ စစ်ကောင်စီပူးပေါင်းတပ်တွေက ပယင်းမှော်ဒေသကို ထိုးစစ်ဆင်ဖို့ အင်အားအများအပြား အသုံးပြုခဲ့ပြီး မှော်ဒေသသွား လမ်းပိုင်းတွေကို ပိတ်ဆို့တာ၊ ဒရုန်းနဲ့ ကင်းထောက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

အဲဒီလို စစ်ရေးတင်းမာမှုတွေကြောင့် မှော်ဒေသအတွင်း အလုပ်လုပ်ကိုင်နေတဲ့ ပြည်သူထောင်ချီ ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ကြားကပဲ ပယင်းတူးဖော်ရေးနဲ့ ရွှေမှော်လုပ်ငန်းတွေကိုတော့ ဒေသခံတချို့နဲ့ လုပ်ငန်းရှင်တွေက ဆက်လက်လုပ်ကိုင်နေကြဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button