တိုက်ပွဲကြောင့် ခရီးသွားပြည်သူထောင်ချီပိတ်မိနေ
မန္တလေးမြို့ကနေ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကိုဦးတည်တဲ့ ခရီးသွားအရပ်သား ၁၀၀၀ ဝန်းကျင် ထီးချိုင့်–ကသာလမ်းပိုင်းနဲ့ ကသာမြို့တွေမှာပိတ်မိနေတာ ၄ ရက်ကြာရှိလာပြီလို့ ပိတ်မိနေသူတွေနဲ့ကားသမားတွေဆီကသိရပါတယ်။
မန္တလေး–မြစ်ကြီးနား ခရီးစဥ်ပြေးဆွဲနေတဲ့ကားသမားတွေရဲ့ပြောပြချက်အရတော့ ကသာ၊ အင်းတော် နဲ့ မော်လူး၊ မော်ဟန်၊ နန့်စီးအောင်တစ်ဝှိုက်ကတိုက်ပွဲတွေကြောင့် စစ်တပ်ဘက်က ထီးချိုင့်–ကသာလမ်းပိုင်းမှာ လက်တလောလမ်းပိုင်းအသုံးပြုခွင့်ကို ပိတ်ထားတာလို့သိရပါတယ်။
ပိတ်မိနေတဲ့ ခရီးသွားကားအစီးရေကတော့ ၅၀၀ ဝန်းကျင်လောက်ရှိပြီး ပိတ်မိနေသူတွေကတော့ ထီးချိုင့်ကသာလမ်းပိုင်းက တိုက်ပွဲနဲ့လွှတ်ကင်းတဲ့နေရာတွေ၊ ကသာမြို့ကဘုန်းကြီးကျောင်းတွေအထိပါ သွားရောက်ခိုလှုံနေကြရတယ်လို့ ကားသမားတွေက ပြောပါတယ်။
“အဲ့မှာက ကားအစီးရေ ၅၀၀ ဝန်းကျင်လောက်ဖြစ်နေပြီပြောတယ်။ လမ်းပွင့်တယ်ဆိုပြီး သွားတဲ့လမ်းမှာ တန်းနေတဲ့ကားတွေ ရှိတယ်ဗျာ။ တချို့ကလည်း ဘုန်းကြီးကျောင်းထဲမှာနေပြီး တိုက်ပွဲတွေဖြစ်ရင်လည်း အန္တရာယ်ကင်းအောင် ပေါ့ဗျာ။နန့်စီးအောင်–မော်ဟန်–မော်လူး အဲ့သုံးနေရာမှာဖြစ်နေတာ တိုက်ပွဲက။ ကားကလည်း ရာနဲချီဆိုတော့ လူက ထောင်ချီပေါ့ဗျာ။ “လို့ ကားသမားတစ်ဦးကပြောပြပါတယ်။

လက်တလောပြင်းထန်နေတဲ့တိုက်ပွဲတွေကြောင့် စစ်တပ်ဘက်ကလည်း ထီးချိုင့်–ကသာ–အင်းတော်–မော်လူး–နန့်စီးအောင် လမ်းပိုင်းကိုပိတ်ထားသလို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အမှတ် ၁ စစ်ဒေသကလည်း အဲ့ဒီလမ်းပိုင်းတွေကို အသုံးမပြုဖို့အတွက် မနေ့က မေလ ၂၄ ရက်နေ့ကဘဲထုတ်ပြန်ခဲ့ပါသေးတယ်။
ဒါ့ကြောင့် ထီးချိုင့်–ကသာ–အင်းတော်–မော်လူး–နန့်စီးအောင် လမ်းပိုင်းကို နှစ်ဖက်တပ်တွေကအပြန်အလှန်ပိတ်ဆို့ထားတဲ့ အခြေနေဖြစ်ပြီး နှစ်ဖက်တပ်တွေအကြား တိုက်ပွဲကပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာလို့သိရပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း ကသာမြို့ကိုဖြတ်ပြီး ပျံသန်းသွားတဲ့ ရဟတ်ယာဥ်တွေကိုမကြာခဏတွေ့ရတယ်လို့ ကသာမြို့ခံတွေရဲ့ ပြောပြချက်အရသိရပေမဲ့ နှစ်ဖက်တိုက်ပွဲရဲ့အခြေနေအသေးစိတ်ကိုတော့ KNG က စုံစမ်းနေဆဲဖြစ်ပါတယ်။
“ကျနော်တို့ကလောလောဆယ်တော့ ဘေးကင်းနေတုန်းပါပဲ။ တိုက်ပွဲတွေကတော့တအားကိုဖြစ်နေတာ။ ရဟတ်ယာဥ်တွေက ကျနော်တို့ဆီကနေကို ဖြတ်ဖြတ်သွားတာ တစ်နေ့ကိုမနည်းဘူး”လို့ ကသာမြို့ခံတစ်ဦးက ပြောပါတယ်။
လက်တလော ခရီးသွားတွေပိတ်မိနေတဲ့ အဲ့ဒီလမ်းပိုင်းဟာ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူးမြို့တွေကို သိမ်းပိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က စစ်တပ်ဘက်ကသွားလာခွင့်ပေးခဲ့တဲ့ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မန္တလေး–မတ္တရာ–ထီးချိုင့်ဘက် ကနေ မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပဲဖြစ်ပါတယ်။
ဒါ့အပြင် အဲ့ဒီလမ်းပိုင်းအတိုင်း ဌာနဆိုင်ရာဝန်ထမ်းတွေ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတင်ယာဉ်တွေကို လမ်းတစ်လျှောက်က မြို့တွေ အပါအဝင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့အထိ ပြန်လည်ပို့ဆောင်နိုင်ခဲ့တယ်လို့စစ်တပ်ကိုထောက်ခံတဲ့သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
By – အမိုး




