အာဏာသိမ်းစစ်တပ်ဟာ ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့ တန်ပြန်ထိုးစစ်ဆင်နေတာ ၄ လခန့်ကြာမြင့်လာပြီဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကနေ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားပြီဖြစ်တဲ့ စစ်ကိုင်း – ကချင်အစပ်ဒေသ မော်လူး၊ ထီးချိုင့် ၊ အင်းတော်၊ ကသာနဲ့ ဗန်းမောက်မြို့တွေကို စစ်တပ်က ထိုးစစ်ဆင်ပြီး ပြန်ပြီးထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။
ကချင်ပြည်နယ်ဝင်ပေါက် မန္တလေး – မြစ်ကြီးနားလမ်းပိုင်းက အဲ့ဒီမြို့နေရာတွေကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း စစ်တပ်က ဧပြီလ (၆) ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီနောက် စစ်တပ်ဟာ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကနေ အထိန်းအကွပ်မရှိ သွားလာနိုင်ပြီဖြစ်ကြောင်းထုတ်ပြန်ခဲ့သလို သံချပ်ကာ ကားအပါ စစ်အင်အား၊ စစ်လက်နက်၊ ရိက္ခာတင်တဲ့ စစ်ကား ၄၀၀ ဝန်းကျင်ပါရှိတဲ့ စစ်ယာဉ်တန်းက သိမ်းပိုက်ရာမြို့နေရာတွေနဲ့ ကချင်ပြည်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။
ဒီအခြေအနေဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်ချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးရဲဝင်ဦးကို လွှဲပြောင်းပြီးတဲ့ တစ်ပြိုင်နက်ဖြစ်ပေါ်လာခဲ့ပါတယ်။
နောက်ပြီး မင်းအောင်လှိုင်က ဧပြီလ ၃ ရက်နေ့မှာ သမ္မတရာထူးကို ခံယူပြီး ဧပြီလ ၂၀ ရက်နေ့မှာ အစိုးရအသစ်ဖော်ဆောင်နိုင်ဖို့ ရက် ၁၀၀ အတွင်း အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နိုင်ဖို့ ပြောဆိုခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နေရာအများဆုံး လက်လွတ်လိုက်ရတဲ့ ဒေသတွေကို ပြန်ရဖို့ လက်ရှိမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ကချင်ဒေသအပါ သိမ်းပိုက်နေရာတွေမှာ ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်နေပြီဖြစ်ပါတယ်။
ကချင်ဒေသထဲမှာဆိုရင်လည်း မေလ ၁၂ ရက်နေ့ စစ်ရိက္ခာတင်ယာဉ်တန်းတွေ မြစ်ကြီးနားမြို့ထဲ ဝင်ရောက်သွားပြီးနောက် KIA ထိန်းချုပ်နယ်မြေထဲမှာပါဝင်တဲ့ ဖားကန့်၊ ဝိုင်းမော်၊ ဆွမ်ပရာဘွမ့် နဲ့ မိုးညှင်းဒေသတွေဘက်မှာ စစ်အင်အားတွေတဖြည်းဖြည်း ဖြည့်တင်းနေပြီလို့လည်းသိရပါတယ်။
လက်ရှိမှာ ကချင်ဒေသအပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးဖော်ဆောင်လာတဲ့ စစ်တပ်ရဲ့ စစ်ရေးရည်မှန်းချက်ဘယ်လောက်ထိအကောင်ထည်ဖော်နိုင်မလဲ။ ကချင်ဒေသထဲက ဘယ်နေရာတွေမှာ တိုက်ပွဲဘယ်လောက်ထိ ပြင်းထန်လာနိုင်ခြေရှိပါသလဲ။ ကချင်စစ်ရေးလေ့လာသုံးသပ်တစ်ဦးနဲ့ KNG ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံး စစ်တပ်ရဲ့ တစ်ခါပြန် စစ်ရေးကြိုးပမ်းလာတဲ့အပေါ် မှာ ဘာကြောင့်လဲ၊ ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ။ ။ ပြောရမယ်ဆိုရင် အချက် နှစ်ချက်တွေ့ရပါတယ်။ စစ်တပ်ရဲ့ စစ်မှုထမ်း ဥပဒေဆိုပြီး လုပ်လာတာ (၂) နှစ်လောက်ရှိလာပြီ။ အင်အားတော်တော်စုမိပြီလို့ယူဆပါတယ်။ အဲ့ဒါကြောင့် အရင်သူတို့ စစ်ရေးရှုံးနှိမ့်ခဲ့ရတဲ့ နေရာတွေမှာ ပြန်ပြီးအစားထိုးပြီး ရှေ့တန်းကိုပို့လာတယ်လို့မြင်တယ်။ ဒါက (၁)အချက်ဖြစ်တယ်။ နောက်တစ်ခုက နိုင်ငံခြားအကူအညီနဲ့ ဥပမာ – တရုတ်နဲ့ရားရှားလို စစ်ရေးနဲ့ဆိုင်တဲ့ အကူအညီတွေများကြီးရနေပြီလို့မြင်တယ်။ ပြီးရင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရသစ်အောက်မှာလည်း ဒီမိုကရေစီယောင်ပြပြီး လုပ်လာတော့ အာဆီယံထဲမှာလည်း တစ်ချို့နိုင်ငံတွေ လက်ခံလာတာတွေရှိတယ်။ ဒီလိုဖြစ်စဉ်တွေကြောင့် လိုအပ်နေတဲ့ နည်းပညာပိုင်း ၊ အဆင့်မြင့်တဲ့ စစ်ရေးအကူအညီတွေပိုပြီးရလာတယ်။ ဒါကြောင့်လည်း အခုလို အင်အားလည်း တဖြည်းဖြည်းကြီးထွားလာတယ်လို့ပြောလို့ရပါတယ်။
မေး။ ။ ဒါဆိုရင် စစ်တပ်ရဲ့ စစ်ရေးရည်မှန်းချက်တွေကို ဘယ်ရှု့မြင်မိသလဲ။
ဖြေ။ ။ အဓိကလည်း အဲ့ဒါပဲ။ သူက ခိုင်မာအစိုးရတစ်ခုဖြစ်ကြောင်း နိုင်ငံတကာကို ပြဖို့၊ စစ်တပ်ကိုထောက်ခံတဲ့ သူတွေကို ပြန်ပြီး စိတ်ထက်သန်လာအောင် ပိုပြီး ယုံကြည်မှုရှိလာအောင်ဆိုပြီး သူတို့လက်လွတ်လိုက်ရတဲ့နေရာတွေကို ပြန်ရဖို့ဆိုပြီး လုပ်လာတယ်လို့ ကြိုးပမ်းလာတာတွေ့ရတယ်။ ဒါပေမယ့် အနည်းနဲ့အမြန်တော့ဖြစ်လိမ့်မယ် သူတို့ ဘယ်လောက်အခြေအနေအထိ ပြန်သိမ်းနိုင်မလဲ။ သူတို့ဘက်က တော်တော်ပြင်ဆင်နေတာတွေလည်းတွေ့ရပါတယ်။
မေး။ ။ အခုအခြေအနေနဲ့ဆိုရင် လက်လွတ်ထားတဲ့နယ်မြေတွေကို ပြန်သိမ်းနိုင်မလား။
ဖြေ။ ။ ခဏက ပြောသလို စစ်တပ်က တစ်ခါပြန်ပြီး အင်အားကြီးလာတယ်။ ပိုပြီးတော့ စစ်ရေးအရ ဗျူဟာကျတဲ့ မြို့နေရာဒေသတွေကို ဦးစားပေးဦးတည်လာမယ်လို့ထင်ပါတယ်။ ဥပမာ – အခုကချင်ဒေသနဲ့ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းကို ရှင်းလင်းဖော်ဆောင်နေသလိုမျိုးပေါ့။ အဲ့ဒီလမ်းပိုင်းကိုလည်း ထိန်းချုပ်ထားပြီးဆိုတော့ စစ်အင်အား၊ စစ်လက်နက် ခဲယမ်းတွေကို သယ်ယူတဲ့ဘက်ကို ရောက်လာတယ်။ ထိုနည်းတူ ချင်းပြည်နယ်ဘက်မှာလည်း ဖလန်းလိုမြို့တွေကို ပြန်သိမ်းနိုင်တယ်။ အဲ့ဒီကနေ တဆင့် နယ်စပ်တွေကိုဘက်ကို ပြန်ပြီး ဦးတည်လာနေတာမျိုးတွေ့ရတယ်။ ပြောချင်တာက အရေးပါတဲ့နေရာတွေကို အရင်စစ်ရေးဖော်ဆောင်မယ်လို့ထင်ပါတယ်။
မေး။ ။ နောက်တစ်ခုကလေ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်ရဲ့ စစ်ရိက္ခာတင်ယာဉ်တန်တွေက ဘာကြောင့် အလွယ်တကူကျောက်ဖြတ်သွားနိုင်တယ်လို့ထင်ပါသလဲ။
ဖြေ။ ။ အချက် (၂) ကြောင့် လမ်းပိုင်းတစ်လျှောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်လွတ်လိုက်ရတယ်လို့မြင်ပါတယ်။ ပထမတစ်ချက်က စစ်အင်အားမမျှလို့ဖြစ်မယ်ထင်တယ်။ နောက်တစ်ခုက တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စိတ်အားထက်သန်မှုအားနည်းလာတယ်လို့မြင်ပါတယ်။ ပိုဆိုးတာက မန္တလေးတစ်လျှောက် နေရာယူထားတဲ့ PDF တပ်ဖွဲ့တွေက တဖြည်းဖြည်းနဲ့ လျှော့နည်းသွားတယ်လို့မြင်တယ်။ မတ္တရာ၊ သပိတ်ကျင်း တကောင်း လက်လွတ်လိုက်ရတော့ အင်းတော်၊ ထီးချိုင့်၊ ကသာတွေအထိ ထိသွားတယ်။
မေး။ ။ ကချင်ပြည်နယ်ရဲ့အစပ်ဖြစ်တဲ့ ‘က’သုံးလုံး ဒေသဆိုပြီးရှိတဲ့ မြို့တွေ တဖြည်းဖြည်းနဲ့ လက်လွတ်လိုက်ရရင် ကချင်ဒေသအတွက် ဘယ်လောက်ထိစိုးရိမ်ဖွယ်ရှိလာနိုင်သလဲ။
ဖြေ။ ။ ဒါက ကချင်အတွက်တစ်ခုတည်း စိန်ခေါ်မှုရှိတာမဟုတ်ဘူး။ NUG နဲ့ တခြား KIA နဲ့ မဟာမိတ်ဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအတွက်လည်း တော်တော်လည်းခက်ခဲသွားနိုင်ပါတယ်။ နောက်ပြီး လမ်းပိုင်းကို ထိန်းချုပ်ထားနိုင်သေးတဲ့အချိန်ဆိုရင် အလွယ်တကူနဲ့ သွားလာလို့ရပါသေးတယ်။ အခုက အဲ့နေရာတစ်လျှောက်ကိုလည်း စစ်တပ်ဘက်က ပြန်ထိန်းချုပ်သွားနိုင်ပြီဖြစ်တဲ့အတွက် အတားအဆီးတွေက အများကြီးဖြစ်သွားနိုင်တယ်။ KIA ကလည်း အအောက်ပိုင်းဘက်ကူညီပေးဖို့ခက်ခဲသွားနိုင်တယ်။ တကယ်လို့ ကူညီမယ်ဆိုရင်တောင် အချိန်ကုန်ကျန့်ကြာသွားမယ်။ စိုးရိမ်စရာတွေများကြီးရှိလာနိုင်ပါတယ်။
မေး။ ။ ကချင်ဒေသမှာဆိုရင်ကော ဘယ်ဒေသတွေမှာ တိုက်ပွဲအဓိကဖြစ်လာနိုင်သလဲ။
ဖြေ။ ။ ကြည့်မယ်ဆိုရင်လည်း ဖားကန့်ဒေသက ပိုပြီးဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုရင် KIA အတွက်တင်မကဘူး တခြားလက်နက်ကိုင်တော်လှန်ရေးတွေရဲ့ ကျောက်စိမ်းလုပ်ကွက်တွေအများကြီးရှိတယ်။ အားလုံးအတွက် ဓိကဝင်ငွေရရှိနေတဲ့ဒေသတစ်ခုဖြစ်တယ်။ စစ်တပ်ကလည်း အရင်ကတည်းကနေ ဝင်ငွေလမ်းကြောင်းပိတ်ဆို့ပေးတာတွေ လုပ်နေတာဖြစ်တယ်။ အခုဆက်ပြီးတော့လည်း ကသာအောက် ရွှေကူ၊ ရှမ်းအစပ် မဘိမ်းတွေဘက်မှာလည်း လက်ရှိအချိန်အထိ စစ်ကြောင်းနေတာရှိတယ်။ နောက် ဝိုင်းမော်ဘက်ခြမ်းမှာလည်း ဆက်ပြီး ထိုးဖို့လာဖို့ရှိနေတယ်။ ဘာလို့လဲဆိုတော့ အောက်ပိုင်းကနေ လက်နက်ခဲယမ်တွေများကြီးနေရာက်ရှိနေပြီဖြစ်တယ်။ ဒါကြောင့် ဒီလမဟုတ်ရင်တောင် နောက်လတွေမှာ စစ်ရေးပြင်းထန်လာနိုင်တယ်။ ပြီးရင် တနိုင်းဘက်မှာလည်း စစ်အင်အားတွေဖြည့်တင်းပြီး စစ်ကြောင်းထိုးဖို့ လုပ်နေတာတွေရှိနေတယ်။ ကချင်ဒေသတစ်ခုလုံးလို့တောင်ပြောလို့ရနေပြီ။
မေး။ ။ ဒါဆိုရင် ဘယ်ဒေသတွေမှာ KIA ဘက်က စစ်ရေးအရလက်လွတ်လာနိုင်သလဲ။
ဖြေ။ ။ တကယ်လို့ မြို့နေရာတွေလက်မလွတ်ရင်တောင် လမ်းပိုင်းတွေဟန့်တားနိုင်မလားဆိုတာပါပဲ။ အဓိကတော့ ရွှေကူနဲ့ မံစီဒေသတွေအတွက်တော့ စိုးရိမ်ဖွယ်ရာရှိနေပါတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ ဗန်းမော်တွေနဲ့ ချိတ်ဆက်သွားပြီး မံစီဘက်မှာ စိုးရိမ်စရာဖြစ်တဲ့ဒေသတွေထဲမှာပါဝင်နေပါတယ်။ ဖားကန့်ဆိုင်းတောင်၊ ဂွေခါဘက်မှာလည်း အင်းတော်ကြီး – ဂွေခါလမ်းဘက်ထိုးဖောက်သွားနိုင်တယ်။ ဝိုင်းမော်ဘက်မှာက KIA ဘက်က ဟန့်တားမှုပေါ်မှာပဲဆိုင်ပါတယ်။ တကယ်လို့ အင်အားထောင်နဲ့ချီထိုးဝင်လာရင်တော့ ခက်ခဲလာမယ်လို့ထင်တယ်။
မေး။ ။ နောက်ပြီး ကချင်ပြည်နယ်မှာဆိုရင် ဗန်းမော်တိုက်ပွဲက တော်တော်လေးကြာမြင့်သွားပြီ။ ပျက်စီးဆုံးရှုံးမှုတွေလည်း အရမ်းများသွားပြီ။ ဘာတွေဆက်ဖြစ်လာနိုင်အုံးမလဲ။
ဖြေ။ ။ လက်ရှိအခြေအနေအထိတော့ KIA ဘက်ကလည်း သိမ်းပိုက်နိုင်းမရှိဘူးလို့တော့ပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ စစ်တပ်ဘက်က အရင်ထက် စစ်အင်အားတွေတအားများသွားပြီ။ အခြေအနေကိုသုံးသပ်ကြည့်ရင် ခက်ခဲအုံးမယ်ထင်ပါတယ်။ အဓိကတော့ လက်ရှိနေရာယူထားတဲ့နေရာက ဆက်ပြီးထိန်းထားဖို့ရယ်။ နောက် မိုးမောက်နဲ့ မံစီဘက်မထိုးဖောက်နိုင်အောင် ဘယ်လောက်ထိထိန်းထားနိုင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်သွားလိမ့်မယ်။
မေး။ ။ အဲ့ဆိုရင် တကယ်လို့ ဗန်းမော်ကို KIA ဘက်က ဆက်ပြီးမထိန်းချုပ်နိုင်ဘူးဆိုရင် နယ်စပ်မြို့တွေက ဘာတွေဆက်ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ စစ်တပ်ဘက်ကလည်း လွယ်ဂျယ်မြို့လို နေရာတွေက ပြန်ပြီးလုပ်လာဖို့ဖြစ်နိုင်ပါတယ်။ စစ်တပ်ဘက်ကနေ မိုးမောက်တွေဘက်မှာ ထိုးဖောက်သွားနိုင်ရင်တော့ အခုသိမ်းထားတဲ့နယ်စပ်မြို့တွေကလည်း အလွယ်တကူဝင်ရောက်လာနိုင်ပါတယ်။ ပြီးရင် မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်က ကုန်းလော၊ ဒေါ့ဖုန်းယန်ဘက်အထိ၊ နောက် ဝိုင်းမော်ဘက်က ပြန်တက်လာနိုင်ရင် မြစ်ကြီးနား – ဗန်းမော်ကားလမ်းမကြီးအတွက်လည်း စိုးရိမ်ဖွယ်ရှိပါတယ်။
မေး။ ။ ဆက်ပြီး ရှမ်းပြည်နယ်အစပ်ဘက်ကို ပြန်ပြီးမေးချင်ပါတယ်။ အခုက မဘိမ်း ၊ နမ့်ဖက်ကာလိုနေရာတွေကို အလွယ်တကူနဲ့ ပြန်ပြီး လက်လွတ်သွားနိုင်မလားဆိုပြီး တစ်ချို့က စိုးရိမ်မှုတွေလည်းရှိနေကြတာပေါ့လေ။ ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ ရှမ်းပြည်နယ်ဘက်မှာက တိုက်ပွဲက လွယ်လွယ်နဲ့မဖြစ်နိုင်လောက်ဘူး။ ဘာလို့လဲဆိုတော့ စစ်တပ်နဲ့ လက်နက်ကိုင်တစ်ချို့က လက်မှတ်ထိုးထားကြတယ်။ ပြီးရင် TNLA တပ်တွေနဲ့လည်း စစ်တပ်က တွေ့ဆုံမှုတွေရှိနေတယ်ဆိုတော့။ စစ်တပ်ကတော့ နမ့်ခမ်းနဲ့ နမ္မတူလို မြို့ နှစ်ခုလောက်ကို တောင်းတာမျိုးတော့ကြားနေရပါတယ်။ သဘောတူညီချက်တော့ မရသေးဘူးတဲ့ ဇူလိုင်လောက်မှာ ပြန်တွေ့မယ်လို့တော့ကြားပါတယ်။ အဲ့တော့ စစ်တပ်က တောင်းဆိုတဲ့အပိုင်းဖြစ်နေတာပေါ့လေ။ တောင်းလို့မရရင်တော့ အင်အားတွေသုံးရင် သုံးလာလိမ့်မယ်။ ဒီနှစ်ကုန်တဲ့အထိတော့ တိုက်ပွဲတော့ရှိမယ်မထင်ပါဘူး။ အခုတိုက်ပွဲဖြစ်နေတဲ့ မဘိမ်းကလည်း ရှမ်းအစပ်ဆိုပေမယ့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ထိန်းချုပ်မှုထဲပါနေတော့ ရအောင်ဆိုပြီး စစ်ရေးဖော်ဆောင်နေတယ်လို့မြင်ပါတယ်။
မေး။ ။ ဒါဆိုရင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာက ဒီနှစ်အတွင်းမှာက တိုက်ပွဲဖြစ်ဖို့ ရာခိုင်နှုန်းနည်းတယ်လို့ပြောလို့ရမှာပေါ့နော်။
ဖြေ။ ။ ဟုတ်တယ်။ လောလောဆယ်က ဖြစ်ဖို့မရှိလောက်ဘူး။ ဒါပေမယ့် ခဏက ပြောသလို မိုးမိတ်အထက် မဘိမ်းဘက်မှာတော့ ဆက်ပြီးပြင်းထန်လာနိုင်ပါတယ်။
မေး။ ။ နောက်တစ်ခုက ကချင်ဒေသထဲက KIA ရဲ့ အလွန်အရေးပါတဲ့ ၊ နိုင်ငံရေးအရကောထိန်းချုပ်ထားနိုင်တဲ့ ချီဖွေ၊ ပန်ဝါ တွေဘက်မှာကော ဘယ်လိုတွေဆက်ဖြစ်လာမယ်လို့ထင်မိပါသလဲ။
ဖြေ။ ။ အရင်ကတည်းကလည်း ကြားနေရတာ စစ်တပ်က တရုတ်ကို သူတို့ပြန်သိမ်းမှာဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံတာတွေမလုပ်ဖို့ ပြောဆိုနေတာတွေလည်းကြားနေရပါတယ်။ ပြောချင်တာက တစ်နေ့ကြရင် ပြန်ယူဆိုတဲ့သဘောတော့တွေ့ရတယ်။ ဒါကြောင့်လည်း ရအောင်ဆိုပြီး လုပ်လာတဲ့ပုံစံတွေ မြင်တွေ့လာရသလို မရရင်တော့ အင်အားတွေသုံးပြန်သိမ်းယူမယ်ဆို့တဲ့အခြေအနေမြင်တွေ့ရပါတယ်။ ပြီးရင် ချီဖွေ၊ ဆော့လော်ဘက်မှာ မြစ်ဆုံစီမံကိန်းအသေးစားတွေလုပ်ဖို့ ဖော်ဆောင်ဖို့ လုပ်နေတာလည်းပါနေတယ်။ ဒီဟာကိုကြည့်ရင်လည်း ဒီဒေသတွေကို ပြန်ရဖို့ဆိုပြီး ကြိုးပမ်းလာတယ်လို့မြင်ပါတယ်။
မေး။ ။ တရုတ်နိုင်ငံခြားရေးဝန်းကြီး နဲ့ မင်းအောင်လှိုင်တွေ့တဲ့နောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးက ပိုပြီးရှုပ်ထွေးလာတယ်လို့ပြောလို့ရမလား။
ဖြေ။ ။ ဒါကလေ တရုတ်နဲ့ မတွေ့ပေမယ့်လည်း စစ်တပ်က ပုံမှန်ကြိုးပမ်းနေတာဖြစ်တယ်။ တရုတ်ကတော့ အဓိကအားဖြင့် နိုင်ငံရေးဘက်မှာလာရောက် ဆွေးနွေးပြောဆိုပေးတာမျိုး၊ အစိုးရကို အတိအမှတ်ပြုကြောင်း ၊ ပြီးရင် လက်နက်ကိုင်တောလှန်ရေးတပ်ဖွဲ့တွေနဲ့ အပစ်ခတ်ရပ်နိုင်ဖို့ ဒေသငြိမ်းချမ်းလာနိုင်တဲ့ဘက်ကို လုပ်ဆောင်ဖို့ လာရောက်ပြောဆိုတဲ့သဘောမျိုးတွေ့ရတယ်။
မေး။ ။ နောက်ပြီးဆက်မေးချင်တာက စစ်တပ်က စစ်ဆင်ရေးအပေါ်မှာ NUG , K3c တို့က SCEF ဆိုပြီး ဖွင့်ထားတဲ့ အခန်ကဏ္ဍက ဘယ်မြင်မိလဲ။
ဖြေ။ ။ SCEF ကိုပြီးခဲ့တဲ့မတ်လမှာ ဖွဲ့စည်းလိုက်ကြောင်း ပြောဆိုလာတယ်။ တကယ်လို့များ နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်လာရင် လက်တွဲလုပ်ဆောင်နိုင်ဖို့၊ ပြီးရင် စစ်ရေးဖော်ဆောင်ရင်လည်း အတူတကွလုပ်ဆောင်ရအောင်ဆိုပြီး လုပ်ဆောင်ထားတယ်လို့မြင်ပါတယ်။ ဒါပေမယ့် စစ်ရေးဘက်မှာ ကြည့်မယ်ဆိုရင်လည်း ဒီကနေ့အထိ တိတိကျကျတော့မရှိသေးပါဘူး။ နိုင်ငံရေးလမ်းကြောင်းဆိုရင်လည်း ဒီလိုဖွဲ့စည်းထားပြီ။ ကောင်စီအနေနဲ့ လုပ်ငန်းစဉ်တွေကို ဆက်ပြီးလုပ်ဆောင်သွားမယ်ဆိုတဲ့သဘောတရားပါပဲ။
မေး။ ။ နောက်ဆုံးပေါ့ ကချင်ပြည်နယ်ရဲ့ စစ်ရေးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေကိုဘာများပြောပြချင်သေးသလဲ။
ဖြေ။ ။ အဲ့ဒီတော့ အားလုံးသိတဲ့အတိုင်း စစ်ရေးက ပြန်ပြီးပြင်းထန်လာနိုင်တဲ့အခြေအနေကို ပြန်ရောက်လာတယ်။ ဒါပေမယ့် ပြောချင်တာက ငြိမ်းချမ်းရေးဆွေးနွေးပြီး အဖြေရှာတဲ့အခြေအနေဘက်ကို လုပ်ဆောင်ဖို့လိုအပ်လာပြီလို့မြင်ပါတယ်။ စစ်တပ်သွားနေတဲ့သဘောက ငြိမ်းချမ်းရေးဆွေးနွေးတဲ့ဘက်ခံမလား။ ဆက်တိုက်မလားဆိုတဲ့သဘောတရားကို မြင်တွေ့လာရတယ်။ ဒါကြောင့် KIA ဘက်ကလည်း ဒီအခြေအနေတွေကို သေချာလေး လုပ်ဆောင်သင့်တယ်။ ထိန်းချုပ်ထားတဲ့နယ်မြေတွေဆက်ပြီး လက်မလွတ်ရအောင်၊ ပြည်သူလူထုတွေ ဆက်ပြီး မထိခိုက်အောင်က ဆွေးနွေးပြီးအဖြေရှာသင့်ပြီလို့မြင်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)
Related
URL Copied