Starlink အသုံးပြုခွင့်အပေါ် ကချင်ဒေသပြည်သူတွေရဲ့ စိုးရိမ်မှုအခြေနေ ဘယ်လိုရှိနေလဲ

ဖုန်းလိုင်းနဲ့ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေ ပြတ်တောက်နေတဲ့ ကချင်ပြည်နယ်မှာ Starlink ဟာ သတင်းအချက်အလက်ရယူဖို့၊ ဆက်သွယ်ရေးနဲ့ နေ့စဉ်လူမှုဘဝအတွက် ပြည်သူတွေ အားထားနေရတဲ့ အဓိက ဆက်သွယ်ရေးနည်းလမ်းတစ်ခု ဖြစ်လာနေပါတယ်။

ကချင်ဒေသမှာ ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး ဖုန်းနဲ့ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာမှာ Starlink အသုံးပြုနိုင်လာတာကြောင့် ဒေသခံတွေဟာ မိသားစုဆက်သွယ်ရေး၊ သတင်းရယူမှုနဲ့ အွန်လိုင်းလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်လာနိုင်ခဲ့ပါတယ်။

ဒါပေမယ့် Starlink ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်လာတဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် မြန်မာနိုင်ငံမှာ ဝန်ဆောင်မှု ဆက်လက်အသုံးပြုနိုင်မယ့် အခြေအနေအပေါ် စိုးရိမ်မှုတွေ ရှိလာနေပါတယ်။

အကယ်၍ ကချင်ပြည်နယ်မှာ Starlink ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုလို့ မရတော့ရင် ဆက်သွယ်ရေး၊ သတင်းရယူမှု၊ လူမှုကူညီရေးနဲ့ နေ့စဉ်ဘဝလုပ်ငန်းတွေမှာ အခက်အခဲတွေ ပြန်လည်ကြုံလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် လူမှုကူညီရေးအသင်းတွေဟာ အရေးပေါ်လူနာရှာဖွေမှု၊ ကယ်ဆယ်ရေးလမ်းကြောင်းညှိနှိုင်းမှုနဲ့ ဖြစ်စဉ်သတင်းပေးပို့မှုတွေမှာ အင်တာနက်ကို အဓိကအသုံးပြုနေရတာကြောင့် Starlink မရှိတော့ရင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုနှေးကွေးလာနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ ပညာရေးနဲ့ စီးပွားရေးကဏ္ဍတွေမှာလည်း အွန်လိုင်းသင်ယူမှု၊ အစည်းအဝေးတွေ၊ ငွေပေးချေမှုနဲ့ ဆက်သွယ်ရေးလုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ Starlink ရဲ့ တရားဝင်ဝန်ဆောင်မှုပေးတဲ့ နိုင်ငံစာရင်းထဲမှာ မပါဝင်သေးတာကြောင့် ဝန်ဆောင်မှု ဆက်လက်ရရှိနိုင်မယ့် အခြေအနေအပေါ် မသေချာမှုတွေ ရှိနေပါတယ်။

ဒီလိုစိုးရိမ်မှုတွေကြားမှာ ကချင်ပြည်နယ်မှာ Starlink ပြန်လည်အသုံးပြုလို့ မရတော့ရင် ပြည်သူတွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ကြုံလာနိုင်မလဲဆိုတာကို မြစ်ကြီးနားမြို့ခံတွေကို မေးမြန်းထားပါတယ်။

ရန်ကုန်မြို့မှာ သင်တန်းတက်နေတဲ့ မြစ်ကြီးနားသူ

လိုင်းတွေ မရတော့ရင်က အရမ်းခက်ခဲတော့မှာဘဲ ရန်ကုန်မှာနေနေတော့။ တစ်ခုခုလိုတာမျိုးတွေ၊ အဆက်အသွယ်တွေ မရှိတော့ရင်တော့။  ၁၇ရက်နေ့ထိလိုင်းရပြီး အဲဒီနောက် လိုင်းရမယ်မရဘူးဆိုတာကို ဘယ်သူက မပြောနိုင်တော့ဘူးပေါ့။ တစ်ခုခုလိုလို့ ဖုန်းနဲ့ဘဲ ပိုက်ဆံလွှဲတာတွေက ခက်သွားတော့မယ်ထင်တယ်။  ခုအိမ်မှာလိုင်းရနေတော့ အိမ်ကလူတွေဘဲ ပိုက်ဆံလွှဲပေးနေတာ ဟုတ်တယ်။

မြစ်ကြီးနားမြို့ခံ ဘောလုံးသမား တစ်ဦး

လိုင်းမရရင်တော့ အရမ်းခက်ခဲသွားမယ်ထင်တယ်။ သတင်းရရှိမှုတွေကလည်း အရမ်းနောက်ကျသွားမယ်။ ကျွန်တော်တို့ star-link မရဘဲ တစ်နှစ်လောက် နေလိုက်ရတယ်လေ။ အဲဒီတုန်းကဆို ရပ်ကွက်ထဲမှ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ဘဲ ကျင်လည်နေတာ။ ဒီတစ်နှစ်လောက် star-link ပြန်သုံးပြီး နေရတဲ့ အတောအတွင်းမှာက တစ်ကမ္ဘာလုံးက အကြောင်းတွေကို အားလုံးသိပြီးတော့မှ လွတ်လွတ်လပ်လပ် သိချင်တာတွေ ကောက်သိလို့ရတဲ့ ခံစားချက်မျိုး။ အသိပညာနဲ့ ပညာရေးပိုင်း သိသိသာသာပြန်နောက်ကျသွားလိမ့်မယ်။ ဒီခေတ်စားနေတဲ့အရာတွေက အစ အကုန်နောက်ကျသွားလိမ့်မယ်။ ပြီးရင် မြစ်ကြီးနားမှာ ဆိုရင်လည်း ၅ပုံပုံရင် သုံးပုံလောက်ဘဲ ဖုန်းဆက်ရတာ အဆင်ပြေတာကွာ။ တချို့ တစ်ရာရာခိုင်နှုန်းကြီး ဖုန်းဆက်ပြီးမှ ဝင်သွားတဲ့နေရာတွေ မရှိတဲ့နေရာတွေ ရှိသေးတယ်။ ဒီcommunication နဲ့ network ပိုင်းတွေက ပြန်အခက်တွေ့လာမယ်ထင်တယ်။ လိုင်းရှိရင်က ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ဆက်သွယ်လို့ရတယ်ကွာ။ မြစ်ကြီးနားမှာက ဖုန်းလိုင်းမရှိတဲ့နေရာတွေ ရှိသေးတော့ အချင်းချင်းဆက်သွယ်တဲ့နေရာမှာ ခက်လာလောက်တယ်။

လူမှုကူညီရေးအသင်းက အမျိုးသမီး အဖွဲ့ဝင်တစ်ဦး

လမ်းကြောင်းတင်တဲ့ဟာတို့ပေါ့။ အခုက ဖုန်းလိုင်းမမိဘူးလေ။ ဖုန်းလိုင်းမမိတဲ့အခါကြတော့ တချို့ဆို လိုင်းပေါ်မှာဘဲရှိနေတဲ့အတွက် လိုင်းပေါ်က ဆက်သွယ်မှ ဘယ်နေမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ပြောပြနိုင်နေတဲ့ဟာတွေ ခက်ခဲသွားမှာပေါ့။ ပွင့်ပွင့်လင်းလင်း ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင်တော့ လမ်းကြောင်းပြောပြမယ့် ကိစ္စတွေမှာ ခက်ခဲသွားနိုင်တယ်။ ကျွန်တော်တို့ အက်စီးဒင့် ဖြစ်တဲ့ဟာတို့၊ ဓားထိုးးမှုတို့၊ ပိုင်ရှင်မဲ့တို့ လိုင်းပေါ်မှာ တင်ပေးရင် လိုင်းပေါ်မှာ ကြည့်မှ သိရတာလေ။ လိုင်းမရှိတော့လို့ရှိရင် ဘယ်သူမှမသိနိုင်တော့ဘူးလေ။ အဲလိုတွေ ဖြစ်ရင် အများကြီး ခက်ခဲသွားမှာပေါ့။

မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦး

တကယ်လို့ အင်တာနက်တွေ ပြန်ပျက်သွားရင်က သွားရေးလာရေး။ ဈေးအရောင်းအဝယ်တွေ လုပ်နေတာတွေက ခုထက် ဆယ်ဆလောက် ပြန်လျော့နည်းသွားမယ်လို့ ထင်တယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ဆယ်သွယ်တာတွေပေါ့။ ဥပမာ မန္တလေးက မိသားစုတွေနဲ့ နေ့ရောညပါ ဆက်သွယ်လို့ ရနေတာတွေက ပိုခက်ခဲသွားမှာပေါ့။ ဟိုတစ်လောတုန်းကတော့ သူတို့ရဲ့ mytel အင်တာနက်နဲ့ ဖုန်းလိုင်းတွေက ပြန်ကောင်းလာတယ်။ ဒါပေမယ့်လည်း ခနလေးပါဘဲ သူတို့ရဲ့ ဖုန်းကတ်တွေ ရောင်းချင်လို့နေမယ်။ အခုက ပြန်မကောင်းတော့ဘူး

ပညာရေးနယ်ပယ်မှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ဦး

စတားလင့် မရတော့ရင်က social networkတွေက အခက်အခဲဖြစ်သွားမှာပေါ့။ ဥပမာ ကျွန်မတို့ ကျောင်းဘက်က သူတွေဆိုရင် အွန်လိုင်းက စာလေ့လာတာတွေ၊  သင်တန်းပို့ချမှုတွေနဲ့ ဆိုင်တဲ့ စာအုပ်ရှာတာတွေက ခက်ခဲသွားမှာပေါ့။ ကျွန်မတို့လက်ရှိ အဲစာကို သိပ်နားမလည်လို့ရှိရင် google တို့ YOUTUBE တို့မှာ ကြည့်ပြီး နားလည်သွားတဲ့ဟာတွေ ရှိတာပေါ့။ လိုင်းပြန်မရှိတော့ရင်တော့ အဲဒီစာတွေကို သေချာလုပ်နိုင်ဖို့ အနည်းငယ်ပြန်ခက်သွားမယ်ထင်တယ်။ ပြီးတော့ ရုံးပိုင်းဆိုင်ရာဆိုရင် တစ်ခါတလေ zoom meetingတွေ လုပ်ရတယ်လေ။ ပြီးတော့ donor တွေနဲ့ အစည်းတွေလုပ်ရင်လည်း ခက်ခဲသွားနိုင်တယ်။ သူတို့နဲ့ကလည်း အွန်လိုင်းကနေဘဲ ပြောတာဆိုတော့

By – Hope

Show More

Leave a Reply

Back to top button