မြို့သိမ်းတိုက်ပွဲ ၇ လခန့်မြင့်လာတဲ့ဗန်းမော်တိုက်ပွဲ နောက်ဆုံးအခြေအနေကို ဆက်သွယ်မေးမြန်းချက်

ကချင်ပြည်နယ်ရဲ့ ကြီးမားတဲ့ မြို့သိမ်းတိုက်ပွဲအဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ထိုးစစ်ဆင် တိုက်ပွဲဆင်နွှဲနေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဒီဇူလိုင်ထဲမှာဆိုရင် တိုက်ပွဲကာလ ၇ လခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
KIA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းရှိ စစ်တပ်ရဲ့ဗျူဟာမြောက်တပ်စခန်းများစွာနဲ့ မိုးမောက်၊ မံစီ စတဲ့မြို့နေရာတွေကို သိမ်းပိုက်လိုက်ပြီး ဗန်းမော်မြို့ကိုပါ သိမ်းပိုက်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ဒီဇင်ဘာလဆန်းပိုင်းကနေ စတင်တိုက်ခိုက်လာခဲ့ရာ ၂၀၂၅ နှစ်ဆန်းပိုင်းကနေ တိုက်ပွဲ ပိုပြင်းထန်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်ကျော်အထိ KIA နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတွေက ဗန်းမော်မြို့ရဲ့ စစ်တပ်နေရာတွေဖြစ်တဲ့ ဗန်းမော် အမတ ၃၆၆၊ ခလရ ၂၃၆ ၊ ဗန်းမော်လေယာဉ်ကွင်း၊ အမှတ် ၇၀၀၆ သံချပ်ကာတပ်၊ ၅၀၁၄ တင့်ကားတပ်၊ တက္ကသိုလ်ကျောင်းဝင်းနဲ့ ရှေ့တန်းကာကင်းတပ်စခန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် မတ်လ ၁၀ ရက်နေ့နောက်ပိုင်း ဗန်းမော်မြို့ကို အဓိက ထိန်းချုပ်ထားတဲ့ စစ်ဆင်ကွပ်ကဲမှုဌာနချုပ် စကခ (၂၁) နဲ့ ခလရ ၄၇ တပ်ရင်းရှိရာ ဘက်ကို ဦးတည်ပြီး တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တပ်ရင်းနေရာတစ်ချို့ကို လက်လွတ်လိုက်ရပြီး ဗန်းမော်မြို့ တစ်ခုလုံးလက်မလွတ်ရေးအတွက် စစ်ကောင်စီတပ်တွေက ခေတ်မှီလက်နက်ကြီး ဒရုန်းတွေအဓိက အသုံးပြုပြီး ဂျက်လေယာဉ်၊ Y – 12 ၊ Y – 8 ၊ စစ်ရဟတ်ယာဉ် စတဲ့ စစ်လေယာဉ်တွေအသုံးပြုပြီး ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မတ်လအတွင်းမှာပဲ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားပြီးတဲ့ တက္ကသိုလ်ဝင်းနေရာနဲ့ အစိုးရရုံးတစ်ချို့ကို ပြန်လည်လက်လွတ်လိုက်ရတာတွေလည်းရှိပါတယ်။
အဲဒီနောက် KIA ပူးပေါင်းတပ်တွေက ဧပြီလ ၂၅ ရက်နေ့မှာ စကခ (၂၁) နေရာနဲ့ ခလရ ၄၇ တပ်ရင်းနေရာတွေကို တစ်ကျော့ပြန် တိုက်ပွဲပြန်လည်ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။
မေလ ၂၀ ရက်နေ့မှာတော့ ဗန်းမော်တိုက်ပွဲဖြစ်နေတဲ့ နေရာကို စစ်ရိက္ခာနဲ့ စစ်လက်နက်တွေကို လာရောက်ပို့ဆောင်ပေးတဲ့ စစ်ရဟတ်ယာဉ် ၃ စင်းကနေ ၂ စင်းကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်တပ်သုံး စစ်ရဟတ်ယာဉ် ၂ စင်းပစ်ချနိုင်တာဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးအတွက် အောင်မြင်မှုတစ်ခုဆိုနိုင်ပါတယ်။
ဗန်းမော်မှာ စစ်ရဟတ်ယာဉ် ၂ စင်းပစ်ချလိုက်တဲ့ နောက်ပိုင်း ဇွန်လကုန်တဲ့အထိ စစ်ကောင်စီတပ်နဲ့ KIA နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲအနည်းငယ်ငြိမ်သက်သွားတယ်လို့ ဆိုနိုင်ပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ တိုက်ပွဲကာလကြာမြင့်လာတာနဲ့အညီ မြေပြင်မှာ တကယ်ပဲ နှစ်ဖက်စစ်တပ်ရဲ့ စစ်ရှိုန်လျော့နည်းသွားတာလာ။ ဘယ်လိုဆက်ဖြစ်နေပါသလဲ။ ဗန်းမော်တိုက်ပွဲ နောက်ဆုံးအခြေအနေကို ရှေ့တန်းရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကို KNG က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ ဗန်းမော်မှာ တိုက်ပွဲတွေ ပြန်ငြိမ်သွားတယ်လို့ ပြောတယ်ပေါ့လေ။ တကယ်ပဲ တိုက်ပွဲက ငြိမ်သွားတာလား။ ဗန်းမော်ရဲ့ စစ်ရေး နောက်ဆုံးအခြေအနေကို ပြောပြပေးပါလား။
ဖြေ ။ ။ ပြီးခဲ့တဲ့ တစ်ပတ်အတွင်းအထိ တိုက်ပွဲကဖြစ်နေဆဲပါ။ လောလောဆယ် ဒီအပတ်အတွင်း နားထားက သုံးရက်လောက်ပဲရှိသေးတယ်။ နားထားတယ်ဆိုပေမယ့် ဆုတ်သွားတာမျိုးမဟုတ်ပါဘူး။ ကာကင်းတွေလည်းထိုးထားပါတယ်။ ထိုးစစ်ခဏနားထားတဲ့သဘောပါ။ တိုက်ပွဲက ရပ်လိုက် နားလိုက်နဲ့ ဆက်ဖြစ်နေတဲ့သဘောပါပဲ။
မေး ။ ။ အခု KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဗန်းမော်မြို့တွင်းအခြေအနေနဲ့ ပတ်သက်ပြီးပြောပေးပါအုံး။
ဖြေ ။ ။ စကခ (၂၁) ဝင်းနဲ့ စုပေါင်းရုံးတစ်လျှောက်၊ အကျဉ်းထောင်ရှိတဲ့ ထောင်နားဝန်းကျင်ပေါ့။ ထိုးစစ်ဆင်တယ်။ ဒီလိုနဲ့ပဲ ဖြည်းဖြည်းချင်းသွားနေတာပေါ့။ အဲဒီနေရာတွေကို ကာကင်းတွေထိုးပြီး ဝိုင်းထားတဲ့အနေအထားပါ။ ကျနော်တို့က အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ရတာဖြစ်တဲ့အတွက် အချိန်းအပြောင်းလုပ်နေတဲ့အချိန်မှာလည်း တိုက်ပွဲတွေက ခဏနားရတဲ့အပိုင်းတွေလည်းရှိပါတယ်။
မေး ။ ။ စစ်ကောင်စီကနေ ခေတ်မှီ လက်နက်ကြီး ဒရုန်းတွေအပါ လေကြောင်းနဲ့ ပြင်းပြင်းထန်ထန် အသုံးပြုပြီးတော့ အသာစီးကနေ ရနေတယ်လို့လည်း သတင်းတွေထွက်နေတာပေါ့လေ။ တကယ်ပဲ လက်ရှိ မြေပြင်မှာ ဘယ်ဖြစ်နေတာလဲ။
ဖြေ ။ ။ စစ်ကောင်စီတပ်ကဘက်ကနေ ခါတိုင်းလို ထိုးစစ်ဆင်နိုင်တဲ့ အတိုင်းအတာတောမဟုတ်ဘူး။ ဗန်းမော်တိုက်ပွဲက အနီးကပ်စောင့်ကြည့်ပြီးပြီး တိုက်နေရတဲ့တိုက်ပွဲဖြစ်တယ်။ တစ်ခါတစ်ရံသူတို့ဘက်ကနေ လှည့်ထိုးလာတာမျိုးတော့ရှိပါတယ်။ ဒါပေမယ့် အလုံးစုံလာပြီးတော့ စိုးမိုးနိုင်တဲ့အတိုင်းအတာတော့မရှိပါဘူး။
မေး ။ ။ ဒါဆိုရင် စစ်တပ်တွေက ဘယ်လိုနေရာတွေမှာ အဓိက နေရာယူထားတာလဲ။
ဖြေ ။ ။ စစ်တပ်နေရာတွေမှာပဲရှိတော့တယ်။ မြို့ပေါ်ထဲကိုတော့ အရင်ကလို သိပ်မလှုပ်ရှားနိုင်တော့ဘူး။ ပြောရမယ်ဆိုရင် ခံစစ်သဘောပဲရှိနေတာ။ အဓိကတော့ စကခ(၂၁) တွေထဲမှာပေါ့။ ပြီးရင် ဗန်းမော်အကျဉ်းထောင်၊ စုပေါင်းရုံး၊ နောက်ပြီး ခလရ ၄၇ တပ်ရင်းနေရာတွေမှာရှိကြပါတယ်။
မေး ။ ။ လေယာဉ်လာကြဲတဲ့အခြေအနေလည်း ပြောပေးအပါအုံး။ ဘယ်လိုအချိန်တွေမှာ အဓိကလာကြဲတာလဲ။
ဖြေ ။ ။ လေယာဉ်ကတော့ အချိန်ပြည့်လာကြဲပါတယ်။ ဘယ်လိုအချိန်လာလဲဆိုတော့ နေ့လည် ၁၂ နာရီကနေ ၂ နာရီဝန်းကျင်လောက်မှာ၊ ဂျက်ဖိုက်တာနဲ့ အမြန်လာပြီး ဗုံးချသွားတယ်။ ဟိုအရင် တိုက်ပွဲအစကလိုတော့ ခေါက်ရေမစိပ်တော့ဘူး။ အကြိမ်ရေနည်းလာတယ် ခါတိုင်းထက်စာရင်။
မေး ။ ။ ဗန်းမော်တိုက်ပွဲက အခုဆိုရင် ၆၊ ၇ ထဲရှိလာပြီပေါ့လေ။ စစ်ရေးအချိန်ကျန့်ကြာလာရတဲ့ အခြေအနေက ဘာကြောင့်လဲလို့ ထင်သလဲ။
ဖြေ ။ ။ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်နေပေမယ့် စစ်တပ်ဘက်ကနေ ကြိုတင်ပြင်ဆင်မှုများတယ်လို့ မြင်ပါတယ်။ နယ်မြေအနေအထားအရ ထင်တိုင်းဝုန်းဒိုင်းကြဲပြီး တိုးပေါက်ဖို့က မလွယ်ဘူးလေ။ အဲ့ကြောင့် အားစိုက်နေရတဲ့ အတိုင်းအတာလေးတွေလည်း ရှိပါတယ်။ အဲ့ကြောင့် အချိန်းအပြောင်းလေးတွေနဲ့ သွားနေရတယ်။ တစ်ဖက်မှာ တော်လှန်ရေးကာလကြာလာတော့ လူပင်ပန်း၊ စိတ်ပင်ပန်း ၊ ကုန်ကျတာတွေလည်း များလာတယ်။
မေး ။ ။ ဗန်းမော်သိမ်းနိုင်ဖို့ ဘာတွေဆက်လုပ်ဖို့ လိုအပ်နေတာလဲ။
ဖြေ ။ ။ ရေရှည်မှာ ကျနော်တို့ ဆက်ပြီး ဇွဲကောင်းဖို့လိုတယ်။ ဆက်ပြီးတောင့်ခံသေးရင်တော့ အားလုံးဖြစ်ချင်တဲ့အတိုင်းဖြစ်လာမယ်လို့ ယုံကြည်တယ်။ လောလောဆယ်တော့ အချိန်ကာလတစ်ခုတော့ စောင့်ဆိုင်းရအုံးမှာပေါ့။ ရင်းနှီးမှုတွေတော့ လိုအပ်အုံးမှာပေ့ါ။
မေး ။ ။ စစ်ကောင်စီအသုံးပြုတဲ့ ဒရုန်းတွေကျတော့ကော ဘယ်လို ဒရုန်းမျိုးတွေလဲ။ ဘယ်လောက်ထိ ပြင်းအားကြီးသလဲ။
ဖြေ ။ ။ တကယ်တမ်းပြောရရင် မံစီသိမ်းတုန်းကထက်တော့ မဆိုးဘူး။ မံစီမှာဆိုရင် အဝေးပစ်တဲ့ 122 ဆိုတဲ့လက်နက်တွေ သုံးတယ်။ အခုကျတော့ ခဏပြောသလို အနီးကပ်တိုက်ပွဲဖြစ်တဲ့အတွက် သူတိုရဲ့အလစ်အငိုက်ကိုပဲ စိုးရိမ်ရတာပေါ့။ လက်နက်ကြီးတွေ အရမ်းကြီးသုံးလို့မရတော့တာ။
မေး ။ ။ ပြီးခဲ့တဲ့ မေလ ၂၀ ရက်မှာလည်း စစ်ကောင်စီတပ်ရဲ့ ရိက္ခာပို့တဲ့ စစ်လေယာဉ် ၂ စီးပစ်ချခံရတယ်ဆိုတော့ စစ်ရိက္ခာတွေက ဆက်တိုက် လာပို့ပေးတာရှိသေးလား။
ဖြေ ။ ။ ရှိပါတယ်။ ဒီတလော Y – 8 အမျိုးအစားနဲ့တော့ မကြာမကြာလာပို့တာရှိတယ်။ တစ်ခါတစ်လေ Y – 12 နဲ့လည်း လာပို့ပါတယ်။
မေး ။ ။ ကြားရတဲ့သတင်းက တိုက်အမြင့်နေရာတွေမှာ၊ နောက်ပြီး စစ်တပ်နဲ့ နီးတဲ့ လူနေအိမ်တွေကို ပစ်ကွင်းရှင်းလိုက်ပြီး စစ်တပ်က ပျောက်စနစ်နဲ့ တိုက်ခိုက်နေတယ်လို့ပြောပါတယ်။ ဘယ်လိုအခြေအနေရှိနေလဲ။
ဖြေ ။ ။ အရင်တုန်းက ဝင်းလိုက်ဟိုတယ်ကို ကျနော်တို့ဘက်က မရခင်းကတည်းကတော့ အနည်းအကျဉ်းတော့ရှိတယ်။ အခု ဝင်းလိုက်ဟိုတယ်ကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရလိုက်ကတည်းက အဲလိုတော့မရှိတော့ပါဘူး။ KIA က တိုက်အမြင့် အပေါ်ထပ်မှာပဲရှိတော့တယ်။
မေး ။ ။ ဗန်းမော်တိုက်ပွဲမှာ စစ်တပ်ကို အဓိကကြောက်နေရတဲ့ အခြေအနေဆို ဘာဖြစ်မလဲ။
ဖြေ ။ ။ စစ်တပ်နေရာတွေမှာ မြေအောက်ခန်းတွေပေါလွန်းတာဖြစ်တဲ့အတွက် သူတို့ရဲ့ နယ်မြေထဲမှာ တစ်ခါတစ်ခါ မြေအောက်ခန်းထဲကနေ ဘယ်လိုပေါက်ပြီး ဘယ်လို ထွက်လာမှန်းမသိလိုက်တဲ့ အခြေအနေတော့ရှိတယ်။ အဲဒီအချိန်ကျရင် အလစ်အငိုက် တိုက်ခိုက်ခံရမှာကြောက်ရတယ်။ သူတို့လည်း အဲ့လို လာလာပစ်နေတာရှိလို့ သတိတော့ထားရတာပေါ့။
မေး ။ ။ ဗန်းမော်တိုက်ပွဲ အခုဆိုရင် ၆ လ၊ ၇ လထဲရှိလာပြီဆိုတော့လေ အချိန်ကာလ ဘယ်လောက်ထိ ကြာရှည်နိုင်သေးတာလဲ။ နောက်ဆုံးဘယ်ဆက်ဖြစ်လာနိုင်သလဲ။
ဖြေ ။ ။ စစ်ရေးဆိုတော့ မှန်းဆလို့တော့ မရပေမယ့် တောင့်စေ့သွားလို့ရှိရင်တော့ လွယ်လွယ်လေးနဲ့ ပြီးသွားနိုင်တယ်လို့ မြင်ပါတယ်။ တကယ်လို့ ဗန်းမော်မြို့တစ်ခုလုံးကို ရသွားရင်လည်း မြန်မာပြည်အထက်ပိုင်း လုံးဝလွတ်မြောက်နယ်မြေထဲရောက်လာမှာပေါ့။ ဗန်းမော်ဘက်မှာဆိုရင် စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ လုံးဝရပ်တန့်သွားနိုင်တဲ့ အတိုင်းအတာတစ်ခုဖြစ်သွားမယ်။ သူ့ဟာနဲ့ သူ အားသာချက်တွေ အများကြီးရှိလာမှာပဲ။
မေး ။ ။ အခုဗန်းမော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ မသိမ်းနိုင်လို့ စစ်ကောင်စီက တစ်ဖက်မှာ ဖားကန့်လိုနေရာတွေမှာ တန်ပြန်ထိုးစစ်ဆင်လာတယ်လို့ ပြည်သူတွေက ပြောနေကြတာပေါ့လေ။ စစ်တပ်ရဲ့ ထိုးစစ်ကလည်း ဗန်းမော်နဲ့ ဘယ်လောက်ထိ ဆက်နွယ်မှုရှိနိုင်မလဲ။
ဖြေ ။ ။ ဖားကန့်ကလေ ကျနော့်ထင်မြင်ချက်ပြောရမယ်ဆိုရင် တရုတ်နဲ့ ကုန်သွယ်မှု စစ်ကောင်စီနဲ့ အပေးအယူရှိထားလို့လဲ ဖြစ်နိုင်ပါတယ်။ အဲ့ဒါကြောင့် ဖားကန့်ကို ပြန်ပြီး ရယူလိုချင်တဲ့ သဘောလည်းရှိပါလိမ့်မယ်။ နောက်ပြီး ဗန်းမော်ကလည်း ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်လည်းဖြစ်နေတော့ ဗန်းမော်ကလိုလည်း မကျအောင် ထိန်းထားမယ်။ အဲ့ကြောင့်လည်း အကြီးအကျယ် ကာကွယ်နေတဲ့သဘောမျိုးရှိနေပါတယ်။
မေး ။ ။ နောက်ဆုံးပေါ့လေ ဗန်းမော်တိုက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူလူထုကို ဒီကနေ ဘာပြောချင်လဲ။
ဖြေ ။ ။ ဗန်းမော်နဲ့ပတ်သက်ပြီး ပြည်သူတွေ လုံးဝစိတ်ဓါတ်မကျဖို့ပြောချင်ပါတယ်။ ဗန်းမော်ကြီးကို မနိုင်တော့ဘူးလား၊ မအောင်တော့ဘူးလား မတွေးကျပါနဲ့။ ကျနော်တို့ဘက်မှာ အားသာချက်တွေ အများကြီးရှိနေပါပြီ။ တစ်ချို့ကစ္စတွေ အပြင်ကို ထုတ်ပြလို့မရတဲ့ အခြေအနေတွေကြောင့် ပြည်သူတွေ အားမငယ်ဖို့ပဲပြောချင်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)