CI စာအုပ်လုပ်ဖို့ လစာနဲ့ အခွန်ပေးရမယ့်အပေါ် ထိုင်းရောက်မြန်မာတွေ ဘာပြောလဲ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကြောင့် CI စာအုပ်လုပ်ဖို့နဲ့ သက်တမ်းတိုးဖို့ အခက်အခဲတွေ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံသားတွေအတွက် ယာယီခရီးသွားအထောက်အထားလက်မှတ်ဖြစ်တဲ့ CI (Certificate of Identity) လုပ်ဖို့နဲ့ သက်တမ်းတိုးဖို့အတွက် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံက မိသားစုထံ လွှဲပို့ထားတဲ့ အထောက်အထားနဲ့ အခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားတဲ့ ပြေစာတွေ ပြသရမယ်လို့ သတ်မှတ်ထားတာပါ။
ဒီသတ်မှတ်ချက်ကို အလုပ်သမားဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် ဩဂုတ် ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှာလည်း ပြန်လည်အတည်ပြု ပြောဆိုလာတာ ဖြစ်ပါတယ်။
သတ်မှတ်ချက်တွေကို လိုက်နာနိုင်ခြင်းမရှိရင် CI စာအုပ်သက်တမ်းတိုးတာနဲ့ စာအုပ်အသစ်လုပ်တာတွေကို ခွင့်ပြုမှာမဟုတ်သလို ခွင့်ရက်နဲ့ မြန်မာနိုင်ငံပြန်လာသူတွေကလည်း ငွေလွှဲပြေစာ မပြနိုင်ရင် ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာခွင့် မရနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုဟာ အလုပ်အကိုင် မတည်ငြိမ်တာ၊ သတ်မှတ်လစာထက် နည်းတဲ့လစာရတာနဲ့ ကုန်ဈေးနှုန်းမြင့်တက်တာတွေကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရတာပါ။
အဲဒီအခြေအနေမှာ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာ အလုပ်သမားတွေအပေါ် ဝန်ထုပ်ဝန်ပိုး ပိုဖြစ်စေတယ်လို့ ပြောဆိုကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရောက်မြန်မာလုပ်သားတစ်ချို့ကို KNG က မေးမြန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်အမျိုးသားတစ်ဦး
“ထိုင်းအစိုးရဘက်ကနေ ပန်းရောင်ကတ်တို့ တခြားတောင်ပေါ်သားကတ် ၁၀နှစ်ကတ်တို့ သူတို့ ပြန်ထုတ်ပေးမယ် လုပ်ပေးမယ်ဆိုရင်လည်း ရတယ်။ ဒါပေမယ့်လည်း အမျိုးသားရေး လုပ်နေတဲ့သူတွေက ပန်းရောင်ကတ်တို့ တောင်ပေါ်သားကတ်လို့ လုပ်ပေးလိုက်မယ်ဆိုရင် ငါတို့ဒီဘက် မှာ အကြာကြီးနေပြီး ထိုင်းနိုင်ငံသား ဖြစ်လာမှာပေါ့နော။ အဲတာကို ထိုင်းတွေက မလိုလားဘူး။ အခုက မအလက ဟိုဘက်ရော ဒီဘက်ရော နှစ်ဖက်စလုံး ပိတ်လိုက်တာကော။ ထိုင်းကရော သူတို့နဲ့ အရမ်းတည့်နေတော့ အဲတစ်ချက်လည်း တော်တော်ဆိုးတယ်”
ထိုင်းရောက်လူငယ်အမျိုးသမီး
“လက်မှတ်လုပ်တာနဲ့ ပက်သက်ပြီးတော့က အကုန်စိတ်ညစ်နေကြတာပေါ့။ လက်မှာက ပိုက်ဆံ စုဆောင်းထားတာက ပြန်မရှိနေတော့။ သတင်းတွေကလည်း အမျိုးမျိုးထွက်နေတော့။ အကုန်လုံးက စိတ်ညစ်နေကြတဲ့သူတွေပါဘဲ။ အခုလောလောဆယ် ထိုင်းနိုင်ငံမှာက အလုပ်ရှာက ရှာဖွေစားသောက်ရတာက ခက်တော့။ သူတို့သတ်မှတ်ထားပေးတဲ့လစာက ဘတ်၁၃၀၀၀၊ ၁၅၀၀၀လောက်ဆို အရမ်းရပြီလို့တောင်ပြောလို့ရတယ်။ ကုန်ဈေးနှုန်းကတက်တာနဲ့ ရတဲ့လစာနဲ့က ဘယ်လိုမှ မကာမိ။ အဲလိုအခြေအနေကနေ လစာထဲက ၂၅ရာခိုင်နှုန်းလည်း ပြန်လွှဲရမယ်ဆိုတော့ မနိုင်တဲ့ဝန်ထမ်းနေရသလို ဖြစ်နေတာပေါ့”

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ လူငယ်တစ်ဦး
“ထိုင်းရောက်လာတဲ့ လူတိုင်းလည်း အဆင်မပြေသလို အလုပ်အကိုင်လည်း အမြဲတမ်းရှိနေတာ မဟုတ်ဘူးလေနော။ လူတိုင်းကလည်း ကိုယ့်မိသားစုကို ပြန်ပို့နိုင်တာ မဟုတ်ဘူး။ ကျွန်တော်ဆိုရင်လည်း တရားဝင်လမ်းကြောင်းမပြောရင် တရားမဝင်လမ်းကြောင်းကနေတောင် ငွေမပို့ဖူးဘူး။ အဆင်မပြေဘူး ဖြစ်နေတယ်။ ပြီးတော့ ဘဏ်အကောင့်လည်း မရှိဘူး။ CIနဲ့ ဘဏ်အကောင့်လုပ်ရတာလည်း အရမ်းကိုခက်ခဲတယ်အခုက ။ တချို့ဘဏ်တွေဆိုရင် CIနဲ့မလုပ်ပေးဘူး။ ဒါကြောင့် စလစ်ပြရမယ်ဆိုရင် ပွဲစားတွေကို ပိုက်ဆံပြန်ထပ်ပေးရမယ့် အခြေအနေဖြစ်လာတယ်။ ဒါကြောင့် ဒီအပေါ်မှာ တရားလား မတရားလားဆိုတော့ လုံးဝမတရားဘူးလို့ဘဲ ပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ဒီလိုခက်ခဲနေတဲ့အချိန်မှာ အခွန်ပါထပ်ကောက်တော့ တစ်ပူပေါ် နှစ်ပူဆင့်သလို ဖြစ်သွားတာပေါ့။ အဲကြောင့် ခုဒီတိုင်းဘဲ ဆက်လုပ်မယ်ဆိုရင် အခွန်ကောက်မယ်ဆိုရင် CIလုပ်ဖို့ မလွယ်တော့ဘူးဆိုရင် မလုပ်တော့ဘူး အဲလိုဘဲ ဆုံးဖြတ်ထားလိုက်တယ်”
CIနဲ့Pink ကတ်ဝန်ဆောင်မှု လုပ်တဲ့ မြန်မာအမျိုးသမီးတစ်ဦး
“ပြောရမယ်ဆိုရင် သူတို့ လုပ်စားတာလို့ ပြောလို့ရတာပေါ့ ပိုက်ဆံလိုချင်လို့။ ၂၅ရာခိုင်နှုန်းကို လတိုင်း အိမ်ကိုလွှဲရမယ်လို့ ဆိုလိုချင်တာပေါ့။ အဲဒီပိုက်ဆံပို့တာလို့ ကျွန်မတို့ ခါတိုင်းပို့သလို နယ်စပ်က မဟုတ်ဘဲနဲ့ ထိုင်းနိုင်ငံက တရားဝင်လမ်းကြောင်းကနေ ပို့တဲ့ စလစ်ဖြစ်ရမှာဟုတ်တယ်။ အဲလိုပို့တာတွေမရှိရင်က CIလုပ်ဖို့ခက်တယ်လေနော။ ဒါပေမယ့်လည်း လုပ်လို့တော့ရတယ်။ အဲဒီအတွက်ကတော့ အေးဂျင့်တွေကို သပ်သပ်ပြန်ပိုက်ဆံပေးရမှာပေါ့ စလစ်လုပ်ဖို့အတွက်။ အဲတာက လတိုင်းဆိုပေမယ့် CIလုပ်တဲ့အချိန် သုံးလစာတော့ အနည်းဆုံးပြရမယ်။ သုံးလစာ၆ထောင်ဝန်းကျင်တော့ အနည်းဆုံးပြရမှာပေါ့။ အဲတာပြဖို့အတွက် အေးဂျင့်ရုံးကလူတွေပြန်လုပ်ပေးပြီး သူတို့ CIလုပ်ပေးနေတာ ဟုတ်တယ်”
ထိုင်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦး
“သူတို့ အခုလိုလုပ်ဆောင်နေတာဟာ ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ကို ဦးတည်တာလို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့ကို မမျှတဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်လာအောင် လုပ်နေတာပါ။ ဒီအခြေအနေကို နားလည်ဖို့ အချိန်ရောက်ပြီလို့လည်း မြင်တယ်။နောက်တစ်ခုက သူတို့ဟာ ကျွန်တော်တို့ကို စားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေရတဲ့ဘဝ ဖြစ်စေချင်တာလို့ ခံစားရတယ်။ ကိုယ့်ဘဝအဆင်ပြေဖို့တောင် မနည်းရုန်းကန်နေရတဲ့အတွက် တခြားကိစ္စတွေကို လှည့်ကြည့်ဖို့ အချိန်မရှိတော့ဘူး။ အခုဆို သူတို့လိုချင်တဲ့အခြေအနေကို တော်တော်လေး ရောက်နေပြီလို့ ကျွန်တော်မြင်တယ်။ တစ်နည်းမဟုတ်တစ်နည်းနဲ့ ပြည်သူတွေကို သောကပေး၊ ဒုက္ခပေးနေတာက သူတို့ရဲ့အလုပ်ပဲ။ ဒီလိုလုပ်မှ သူတို့လုပ်ချင်တာတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်မှာပါ။ ပြည်သူတွေက သူတို့ကို လျစ်လျူရှုထားနိုင်မှ သူတို့အတွက် အထမြောက်မှာလို့ ကျွန်တော်မြင်တယ်”
By – Hope



