MNDAA မိုင်းထုတ်လုပ်ရုံ ပေါက်ကွဲ၊ အရပ်သားနဲ့ တပ်သားတစ်ချို့ ထိခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ကောင်းဆာကျေးရွာအနီးမှာ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ မိုင်းထုတ်လုပ်ရုံ ပေါက်ကွဲပြီး အရပ်သားတွေနဲ့ ကိုးကန့်တပ်သားတစ်ချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၈ ရက် ဒီနေ့မနက် ၆ နာရီဝန်းကျင်မှာ သိန္နီမြို့နယ် ကောင်းဆာကျေးရွာအနီးရှိ ကိုးကန့်တပ်ဖွဲ့ရဲ့ မိုင်းထုတ်လုပ်တဲ့နေရာမှာ မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

သူတို့ဗုံးတွေ၊ မိုင်းတွေ ထုတ်လုပ်တဲ့နေရာမှာ ပေါက်ကွဲလာတာဟုတ်တယ်။ ဒီနေ့မနက် ၅ နာရီ ၄၁ မိနစ်မှာ ပေါက်ကွဲသံကြားတယ်။ ထိခိုက်သေဆုံးမှုရှိတယ်။ အဲဒီမိုင်းရုံမှာရှိတဲ့ တပ်သားတွေနဲ့ အရပ်သားတွေလည်း ထိခိုက်တယ် လို့ သိန္နီဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သိန္နီမြို့ကနေ ကွမ်လုံမြို့ကို သွားတဲ့လမ်းပေါ်က စယ်အူကျေးရွာနဲ့ ကောင်းဆာကျေးရွာကြားမှာရှိတဲ့ ကိုးကန့်တပ်ဖွဲ့ရဲ့ မိုင်းနဲ့ဗုံးထုတ်လုပ်ရုံ ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ကိုးကန့်တပ်သား ၉ ဦး ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပေါက်ကွဲမှုအတွင်း လူဦးရေ စုစုပေါင်း ၄၀ ခန့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ကြားသိရပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးတာကြောင့် လူထိခိုက်သေဆုံးမှု အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မိုင်းထုတ်လုပ်ရုံဟာ ကောင်းဆာကျေးရွာကနေ တစ်မိုင်ခန့်အကွာ တောင်ကုန်းပေါ်မှာ တည်ရှိပြီး ပေါက်ကွဲမှုကြောင့် ပြည်သူတွေရဲ့ နေအိမ်တချို့ မှန်အက်ကွဲတာ၊ ခေါင်မိုးထိခိုက်တာနဲ့ နံရံပျက်စီးတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရွာသားတွေထဲကတော့ ၅ ဦးထိခိုက်တာ၊ တစ်ဦးကတော့ ဒဏ်ရာသိပ်မပြင်းလို့ ဆေးရုံမတက်ဘူး။ ကျန် ၄ ဦးက ဆေးရုံတက်နေတယ်။ ကိုးကန့်တပ်သားထဲကတော့ ၉ ဦးထိတယ်။ အဲဒီနေရာက ရွာအပြင်ဘက် မလှမ်းမဝေးမှာဆိုတော့ အများကြီးထိခိုက်တာတော့ မရှိဘူး။ အိမ်တချို့ နံရံတွေထိတာ၊ မှန်တွေကွဲတာတွေရှိတယ်လို့ အထက်ဖော်ပြပါသိန္နီဒေသခံက ဆက်ပြောပါတယ်။

အခုပေါက်ကွဲခဲ့တဲ့ ကိုးကန့် MNDAA တပ်ဖွဲ့ရဲ့ ဗုံးနဲ့မိုင်းထုတ်လုပ်ရုံဟာ ကောင်းဆာကျေးရွာကနေ တစ်မိုင်ခန့်အကွာ တောင်ကုန်းနေရာမှာ တည်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကလည်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာမှာရှိတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး ပြည်သူ ၈၀ ဝန်းကျင် ထိခိုက်သေဆုံးကာ အိမ်ခြေရာနဲ့ချီ ပျက်စီးခဲ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က” UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ဆန်းမြို့၊ ယောင်ပန်ကျေးရွာအနီးမှာ ယမ်းသိုလှောင်စက်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၆၀ ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၆ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA၊ တအာင်း TNLA” UWSA နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ရဲ့ လက်နက်ရုံနဲ့ ယမ်းသိုလှောင်ရုံတွေ ပေါက်ကွဲမှု ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

တစ်ဖက်မှာလည်း ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အန္တရာယ်ရှိတဲ့ လက်နက်ရုံ၊ ယမ်းနဲ့ လက်နက်သိုလှောင်ရုံတွေအပြင် လက်နက်ခဲယမ်း၊ ဗုံးနဲ့ မိုင်းထုတ်လုပ်ရေးလုပ်ငန်းတွေကို လူနေရပ်ဝန်းနဲ့ ဝေးတဲ့နေရာတွေမှာ လုပ်ဆောင်ဖို့ ဒေသခံတွေက တောင်းဆိုအကြံပြုနေကြပါတယ်။

By – ဂျာဘောက်ရာ

Show More

Leave a Reply

Back to top button