စင်းခန်းတံတား လေကြောင်းဗုံးကြဲခံရ၊ ဒေသတွင်း တိုက်ပွဲဆက်ဖြစ်နေ

ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောယာဉ်တန်းတွေ စင်းခန်းဒေသအနီးမှာ တိုက်ခိုက်ခံနေရချိန် စင်းခန်းဧရာဝတီမြစ်ကူး ကားနဲ့ရထားသွား သံမဏိသံဘောင်တံတားကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေနဲ့ ဗန်းမော်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စက်တင်ဘာ ၅ ရက်မှာ ဖြစ်ခဲ့တဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် တံတားရဲ့ အရှေ့ဘက်ခြေရင်းပိုင်းက သံဘောင်တွေ ကွေးညွတ်သွားပြီး ကားတစ်စီးစာလောက် တံတားကြမ်းပြင် ပေါက်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် တံတားပေါ်က ကားလမ်းပိုင်းအပြင် ရထားသံလမ်းပါ ထိခိုက်ပျက်စီးသွားခဲ့ပြီး ရထားလမ်းကတော့ အသုံးပြုလို့မရအောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိ စင်းခန်းဒေသတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် တံတားပျက်စီးမှုအခြေအနေကို မြေပြင်မှာ သွားရောက်စစ်ဆေးဖို့ ခက်ခဲနေပြီး ပျက်စီးမှုအတိုင်းအတာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တအားဆိုးဆိုးဝါးဝါးကြီး မဟုတ်ဘူးလို့ ပြောတယ်။ လက်ရှိက အဲဒီဘက် တိုက်ပွဲဖြစ်နေတော့ သွားလေ့လာဖို့ ခက်နေတော့ တိတိကျကျ ပြောမရဘူး။ ၂၀၂၆ စကစက စင်းခန်း ဧရာဝတီမြစ်ကူး ကား/ရထားသွား သံမဏိသံဘောင်တံတားကြီးအား လေယာဉ်ဗုံးကြဲဖျက်ဆီးခဲ့တယ်။ အရှေ့တံတားခြေရင်းအပေါ် သံဘောင်ကွေး၊ ကားတစ်စီးစာ ကြမ်းပြင်ပေါက်။ အနောက်တံတားခြေရင်း ထိခိုက်သွားတယ်လို့ အဲဒီဘက်က ရဲဘော်တင်ထားတယ်ဗျလို့ ဗန်းမော်ဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စင်းခန်းတံတားဟာ ကသာနဲ့ ဗန်းမော်ဘက်ကို ဆက်သွယ်သွားလာနိုင်တဲ့ အဓိကကုန်းလမ်းပေါ်မှာရှိပြီး ကားနဲ့ရထား နှစ်မျိုးလုံး ဖြတ်သန်းနိုင်တဲ့ တံတားတစ်စင်း ဖြစ်ပါတယ်။

ဒါ့အပြင် စင်းခန်းဒေသဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးဘက်ကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ ရေယာဉ်တွေ ဖြတ်သန်းရတဲ့ ဒုတိယမြစ်ကျဉ်းအနီးမှာ တည်ရှိတာကြောင့် ကုန်းလမ်းနဲ့ ရေလမ်း နှစ်ခုစလုံးနဲ့ ဆက်စပ်နေတဲ့နေရာလည်း ဖြစ်ပါတယ်။

ဗန်းမော်ဒေသက ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စင်းခန်းဒေသရဲ့ တည်နေရာဟာ စစ်ရေးအခြေအနေနဲ့ ဆက်စပ်ပြီး အရေးပါတဲ့နေရာတစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။

စင်းခန်းတံတားက ပြောရမယ်ဆိုရင် ဗန်းမော်၊ ကချင်ပြည်နယ်နဲ့ ကသာကို သွားလို့ရတဲ့ မိန်းလမ်းပေါ်မှာ ရှိတာဟုတ်တယ်။ ပြီးတော့ သင်္ဘောဘာညာ တက်မယ်ဆိုရင် ဒုတိယမြစ်ကျဉ်းနားမှာ ဆောက်ထားတာလည်း ဖြစ်နေတော့ သင်္ဘောက အမြဲတမ်း နီးနီး ဒီမြစ်ကျဉ်းနား အပစ်ခံနေရတော့ သူတို့အနေနဲ့ သင်္ဘောတက်ရတာ လွယ်အောင်၊ ပြီးရင် စစ်ကိုင်းထောက်ပို့ကြော ပျက်အောင်၊ ဗန်းမော်ကို လမ်းကြောပိတ်နိုင်အောင် လုပ်တဲ့သဘောဟုတ်တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့် စင်းခန်းဒေသအနီးမှာတော့ စစ်သင်္ဘောအုပ်စုက ကျန်ရှိနေတဲ့ စစ်သားတွေအပြင် ဝဲမ၊ ဆင်စခန်းနဲ့ နောင်မိုဒေသဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေဆဲဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အခုက ရွှေကူနားတော့ အစကလောက် မဆိုးဘူး။ စင်းခန်းနားက လက်ကျန်တွေ ရှိထားတယ်။ သင်္ဘောက ကျန်တဲ့စစ်သားတွေရယ်၊ ဝဲမ၊ ဆင်စခန်းနဲ့ နောင်မိုနားက စစ်သားတွေရယ် ကျန်တယ်။ အဲဒါကို တော်လှန်ရေးတပ်ဘက်က လိုက်ရှင်းလင်းရေး လုပ်နေတယ်။ သူတို့က အင်အားရသလောက် ပြန်ဖြည့်ပြီး စင်းခန်းထိုးဖို့ ကြိုးစားနေတော့ တိုက်ပွဲကတော့ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

လက်ရှိ စင်းခန်းဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် တံတားထိခိုက်ပျက်စီးမှုအခြေအနေနဲ့ ဒေသတွင်း စစ်ရေးအခြေအနေတွေကို KNG က ဆက်လက်စုံစမ်းနေပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကလည်း မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ ဩဂုတ် ၂၁ ရက်မှာ စတင်ထွက်ခွာလာတဲ့ စစ်သင်္ဘောအုပ်စုဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နဲ့ ကသာမြို့တွေကို ဖြတ်သန်းပြီး ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာခဲ့ပါတယ်။

အစောပိုင်းသတင်းတွေအရ အဲဒီစစ်သင်္ဘောအုပ်စုမှာ စစ်ရေးသုံးရေယာဉ်တွေအပြင် ဒေသအခေါ်သံခွန်လို့ခေါ်တဲ့ ကုန်တင်သင်္ဘောတွေနဲ့ တွဲတွန်းရေယာဉ်တွေပါဝင်ပြီး စုစုပေါင်း ၁၅ စီးခန့် ရှိခဲ့ပါတယ်။

ဩဂုတ် ၂၈ ရက်မှာ ရွှေကူမြို့ကို ရောက်ရှိခဲ့ပြီးနောက် စစ်သင်္ဘောအုပ်စုဟာ မြို့ကမ်းဆိပ်မှာ ရက်အနည်းငယ် ရပ်နားခဲ့ပြီး ဗန်းမော်ဘက်ကို ဆက်လက်ဆန်တက်ဖို့ ကြိုးပမ်းခဲ့တာပါ။

အဲဒီနောက် ရွှေကူနဲ့ စင်းခန်းဒေသတစ်ဝိုက်မှာ စစ်သင်္ဘောအုပ်စုကို KIA နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ရေယာဉ်တချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက KNG ကို ပြောထားပါတယ်။

တိုက်ခိုက်မှုတွေအတွင်း စစ်သင်္ဘောအုပ်စုထဲက ရေယာဉ်တချို့မှာ လိုက်ပါလာသူ ၂၀၀ နီးပါးဟာ အလံဖြူထောင်ပြီး လက်နက်ချခဲ့တယ်လို့ သိရပါတယ်။

စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ရေယာဉ်တချို့ ရွှေကူဒေသမှာ ကျန်ရစ်ခဲ့ပေမယ့် ကျန်ရှိတဲ့ ရေယာဉ်တချို့ကတော့ စင်းခန်းဒေသကိုဖြတ်ပြီး ဗန်းမော်ဘက် ဆက်လက်ဦးတည်ဆန်တက်ခဲ့ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ တိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ဒေသအခေါ်သံခွန်လို့ခေါ်တဲ့ ကုန်တင်သင်္ဘော ၅ စီး၊ စုစုပေါင်း ၇ စီးဟာ ဗန်းမော်မြို့အထိ ရောက်ရှိခဲ့တယ်လို့ ဗန်းမော်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စတင်ဆန်တက်လာတဲ့ စစ်သင်္ဘော ၃၁ စီးထဲက လက်ရှိမှာ သင်္ဘောအချို့ဟာ မြစ်ညာဘက်ကို ဆက်လက်တက်လာနေသလို ဒီနေ့ စက်တင်ဘာ ၇ ရက် ညနေ ၃ နာရီနောက်ပိုင်းမှာလည်း မောင်းကုန်းထူးဆိပ်ကနေ သင်္ဘော ၆ စီး ထီးချိုင့်ဘက်ကို စတင်ထွက်ခွာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီ ၆ စီးထဲမှာ စစ်အင်အားတင်ဆောင်ထားတဲ့ သင်္ဘောတစ်စီးနဲ့ ကမ်းထိုးယာဉ်တစ်စီး ပါဝင်ပြီး ကျန်သင်္ဘောတွေကိုတော့ စစ်သင်္ဘောတွေ ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button