မြစ်ကြီးနားမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာကနေ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အမျိုးသားတစ်ဦး ဆိုင်ကယ်တိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။

ဖြစ်စဉ်က မနေ့က စက်တင်ဘာ ၆ ရက် ည ၇ နာရီဝန်းကျင်မှာ ၈ မိုင်၊ နောင်နန်းရပ်ကွက် ခရစ်ယာန်ဘုရားကျောင်းမရောက်ခင် လမ်းမကြီးတစ်နေရာမှာ ဆိုင်ကယ်နှစ်စီး အချင်းချင်းတိုက်မိရာကနေ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့သလို နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ဆုံးတာက တစ်ယောက်တည်းဆုံးတာဟုတ်တယ်။ နှစ်ဦးက ဒဏ်ရာရတာပေါ့။ ဆိုင်ကယ်နှစ်စီးလုံးရဲ့ အနေအထားကိုကြည့်ရတာကတော့ မျက်နှာချင်းဆိုင် တိုက်သွားတဲ့ပုံစံဟုတ်တယ်။ အရှေ့ဘက်ခြမ်းတွေက စုတ်ပြတ်သတ်သွားတာမို့လို့လေလို့ ဆိုပါတယ်။

ဆိုင်ကယ်နှစ်စီးထဲက တစ်စီးမှာ လူနှစ်ဦး စီးလာပြီး ကျန်တစ်စီးမှာတော့ လူတစ်ဦးတည်း မောင်းလာတာဖြစ်ကာ တစ်ဦးတည်းမောင်းလာတဲ့ အမျိုးသားက ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့သူဆက်ပြောပါတယ်။

သေဆုံးသူဟာ နောက်စိနဲ့ မြေပြင်ကို ရိုက်မိတာကြောင့် သေဆုံးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူ အမျိုးသားနှစ်ဦးထဲက တစ်ဦးကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိထားတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ယာဉ်တိုက်မှုဖြစ်ချိန်မှာ ထိခိုက်သေဆုံးသူတွေဟာ ဆိုင်ကယ်ဦးထုပ် ဆောင်းထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ဆိုင်ကယ်ယာဉ်မတော်တဆမှုတွေကြောင့် လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၂၉ ရက်မှာ မြို့ရှောင်လမ်း၊ စစ်တပ်ကွင်းလမ်းမှာ ကားနဲ့ ဆိုင်ကယ်ချိတ်မိပြီး ဆိုင်ကယ်လဲကျတာကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရခဲ့ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

အလားတူ ဇူလိုင် ၂၆ ရက်မှာလည်း ဧရာရပ်ကွက် မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်နဲ့ ပိတ်ထားတဲ့အကာကို ဝင်တိုက်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အောင်နန်းရပ်ကွက် တိုင်းကျော်ဆီပန့်အိမ်ဆိုင်အနီးမှာ ဆိုင်ကယ်အချင်းချင်း ချိတ်မိပြီး လဲကျရာက ဦးခေါင်းနဲ့ မြေပြင်ဆောင့်မိတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ဧပြီ ၂၇ ရက်မှာလည်း ဆိုင်ကယ်ဦးထုပ်မဆောင်းထားတဲ့ အမျိုးသမီးနှစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

မတ်လအတွင်းမှာလည်း မြစ်ကြီးနားမြို့မှာ ယာဉ်တိုက်မှု ၂၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။

နောက်ထပ် ဖေဖော်ဝါရီလမှာ ယာဉ်မတော်တဆမှု ၂၃ ကြိမ် ဖြစ်ပွားခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာရမှုတွေ ရှိခဲ့ပေမယ့် သေဆုံးသူ မရှိခဲ့ပါဘူး။ ဇန်နဝါရီလမှာတော့ ယာဉ်မတော်တဆမှု ၃၁ ကြိမ် ဖြစ်ပွားပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။

လတ်တလော မြစ်ကြီးနားမြို့မှာ ဖြစ်နေတဲ့ ယာဉ်မတော်တဆမှုတွေဟာ အရက်သေစာ သောက်စားပြီး မောင်းနှင်တာနဲ့ လမ်းစည်းကမ်း မလိုက်နာတာတွေကြောင့် အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ခုလို ယာဉ်မတော်တဆမှုတွေဟာ ညဘက်မှာ ပိုများပြီး ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အမျိုးသားတွေက အများဆုံးဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။

By – Hope

Show More

Leave a Reply

Back to top button