ဝေမာသကြားစက်ရုံအနီး ရေဆိပ်မှာ ဖလပ်သံခွန် ၂၈ စီးကမ်းကပ်၊ ကျောက်မီးသွေးချရန်ပြင်ဆင်နေ

မန္တလေးဘက်ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ရေယာဉ်အုပ်စုထဲက ဖလပ်သံခွန် ၂၈ စီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် ဝေမာသကြားစက်ရုံအနီး ရေဆိပ်မှာ ကမ်းကပ်ပြီး ကျောက်မီးသွေး ချဖို့ ပြင်ဆင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

အဲဒီဖလပ်သံခွန်တွေဟာ ထူးဆိပ်မှာ ကမ်းကပ်တာမဟုတ်ဘဲ ဝေမာသကြားစက်ရုံဘက်မှာ ကပ်ထားတာဖြစ်ပြီး စစ်သင်္ဘောတွေ ကတော့ ကမ်းကပ်ထားတဲ့အုပ်စုထဲမှာ မပါဘူးလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

သံခွန်တွေ ထူးဆိပ်မှာမကပ်ဘဲ ဝေမာ သကြားစက်ဘက်မှာ ကပ်ပါတယ်။ ကားတက်ဖို့ပြင်နေတာလည်း တွေ့ရပါတယ်။ စုစုပေါင်း ၂၈ စီးပါ။ စစ်သင်္ဘောတွေကတော့ ကမ်းကပ်တဲ့အထဲ မပါဘူးလို့ သူက ပြောပါတယ်။

ကမ်းကပ်ထားတဲ့ ဖလပ်သံခွန်တွေမှာ အရပ်သားအများစု ပါလာတယ်လို့ယူဆရပြီး ဝေမာဘက်မှာ ကျောက်မီးသွေးတွေချဖို့ ပြင်ဆင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဝေမာက စက်ရုံမှာ ကျောက်မီးသွေးတွေ ချမယ်လို့ သိရတယ်။ သင်္ဘောအားလုံးတော့ မဟုတ်ဘူး၊ တချို့က မဲဟင်းရောက် နေပြီ။ ကျောက်မီးသွေးက နီကယ်စက်ရုံ ပြန်လည်ပတ်ဖို့လို့ သိရတယ်လို့ သူက ဆက်ပြောပါတယ်။

ဝေမာသကြားစက်ရုံဟာ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီး၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ဒေသတွင်း အကြီးစား သကြားစက်ရုံတွေထဲက တစ်ခုဖြစ်ပါတယ်။

တရုတ်မြန်မာဖက်စပ် Great Wall Wilmar ကုမ္ပဏီက လုပ်ကိုင်တဲ့ ဒီစက်ရုံဟာ တကောင်းနီကယ်စက်ရုံနဲ့လည်း မဝေးတဲ့နေရာမှာ တည်ရှိပါတယ်။

ဒီရေယာဉ်အုပ်စုဟာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနဲ့ ပေပင်ဆိပ်ကမ်းဘက်ကနေ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး ဧရာဝတီမြစ် ကြောင်းအတိုင်း မြောက်ဘက်ကို ဆန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီရေယာဉ်အုပ်စုထဲက အချို့ဟာ ထီးချိုင့်မြို့နယ် တကောင်းနီကယ်သတ္တုစက်ရုံအနီးမှာ ရပ်နားခဲ့သေးတယ်လို့ သိရပါတယ်။

မြစ်ကြောင်းအခြေအနေကို စောင့်ကြည့်နေတဲ့ Yaypyin က စက်တင်ဘာလ ၇ ရက် ညနေ ၃ နာရီခွဲဝန်းကျင်မှာ ဖော်ပြချက်အရ မန္တလေးဘက်ကနေ ဆန်တက်လာတဲ့ ရေယာဉ်အုပ်စုမှာ စစ်သင်္ဘော ၂ စီး၊ တိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ဖလပ်သံခွန် ၂၉ စီး အပါအဝင် စုစုပေါင်း ၃၃ စီး ပါဝင်တယ်လို့ သိရပါတယ်။

အဲဒီရေယာဉ်အုပ်စုရဲ့ ရှေ့ပိုင်းဟာ ထီးချိုင့်နယ် ကျောက်မှော်ရွာဘက်ကို ရောက်ရှိနေပြီး မြစ်ကမ်းဝဲယာဘက်တွေကို လက်နက် ကြီးနဲ့ စက်လက်နက်တွေ အသုံးပြုပြီး ပစ်ခတ်ကာ ထီးချိုင့်မြို့ဘက်ကို ဆက်တက်ခဲ့ကြတာဖြစ်ပါတယ်။

တကောင်းနီကယ်သတ္တုစက်ရုံဟာ ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာအနီး၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။

အဲဒီစက်ရုံဟာ မြန်မာနိုင်ငံမှာရှိတဲ့ အကြီးစားနီကယ်သတ္တုစီမံကိန်းတွေထဲက တစ်ခုဖြစ်ပြီး မြန်မာနဲ့ တရုတ်ဘက်က ပူးပေါင်းလုပ်ကိုင်ခဲ့တာပါ။

တကောင်းနီကယ်စက်ရုံကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ၂၀၂၆ ခုနှစ် မတ်လအတွင်း ပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်အထိ စက်ရုံကို ပုံမှန်ပြန်လည်လည်ပတ်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ဒီတစ်ကြိမ် ရေယာဉ်အုပ်စုမတိုင်ခင် ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းမှာလည်း မန္တလေးဘက်ကနေ စစ်သင်္ဘောနဲ့ ကုန်တင်ရေယာဉ်တွေ ပါဝင်တဲ့ ရေယာဉ် ၁၅ စီးဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်ကို ဆန်တက်လာခဲ့ပါတယ်။

အဲဒီပထမအကြိမ် ရေယာဉ်အုပ်စုကတော့ အင်အားနဲ့ ရိက္ခာဖြည့်တင်းဖို့ ကချင်ပြည်နယ်ဘက်ကို တက်လာတာဖြစ်ပြီး ရွှေကူနဲ့ ဗန်းမော်ကြားမှာ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကို ခံခဲ့ရပါတယ်။

ရေယာဉ် ၁၅ စီးပါ ပထမအုပ်စုထဲက ထက်ဝက်နီးပါး ပျက်စီးခဲ့ပြီး စစ်သားတွေနဲ့ တပ်မိသားစုတွေ အပါအဝင် လူ ၁၀၀ ကျော်ကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းရရှိခဲ့ပါတယ်။

နောက်ဆုံးမှာတော့ တိုက်ခိုက်ရေးသင်္ဘော ၂ စီးနဲ့ ကုန်တင်/တွဲတွန်းသင်္ဘော ၅ စီး၊ စုစုပေါင်း ၇ စီးဟာ ဗန်းမော်မြို့အထိ ရောက်ရှိ သွားခဲ့ပါတယ်။

လက်ရှိမှာတော့ ဒီရေယာဉ်အုပ်စုထဲက ရေယာဉ်တချို့ဟာ ကသာမြို့မှာ ယမန်နေ့ညက ညအိပ်ကမ်းကပ်ခဲ့ကြပြီး ဒီကနေ့ မနက်ပိုင်းမှာတော့ ကသာကနေအထက်ဘက်ကို ဦးတည်ဆန်တက်နေကြပြီလို့သိရပါတယ်။

သူ့ရဲ့ ပြောဆိုချက်အရ မနေ့ညက စစ်သင်္ဘော ၁ စီး၊ ဒေသအခေါ် CB တွဲ ရေယာဉ် ၃ စီး၊ စုစုပေါင်း ၄ စီးဟာ ကသာမြို့မှာ ရပ်နားခဲ့ပြီး ဒီမနက်မှာတော့ ကသာမြို့အထက်ဘက်ကို ဆက်လက်ဆန်တက်သွားပါတယ်။

ဒေသခံတွေပြောတဲ့ CB တွဲသင်္ဘောဆိုတာဟာ တွဲတွန်းနှစ်စီးနဲ့ဖလပ်သံခွန်တွဲထားသော ရေယာဥ်ကိုဆိုလိုတာလို့သိရပြီး အဆိုပါတွဲလျှက်ကို ရေယာဥ်တစ်စီးအဖြစ်ရေတွက်တာလို့သိရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button