ပူတာအို-မြစ်ကြီးနား မိုးတွင်း လမ်းပိုင်းပျက်စီးမှုကြောင့် နောက်ဆက်တွဲ ကုန်စျေးနှုန်း မြင့်တက်လာ
ကချင်ပြည်နယ်၊ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်း နေရာတချို့မှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့အတွက် ကုန်စျေးနှုန်းတွေ မြင့်တက်လာတယ်လို့ ဒေသခံတွေ ပြောဆိုနေကြပါတယ်။
ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့လ ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေခဲ့တာကြောင့် မိုင် ၇၀၊ အိခ၊ ပန့်ခ နေရာတွေမှာ ကားလမ်းပိုင်းဝါးဝါး ပျက်စီးနေတာ ဖြစ်ပါတယ်။
“အခုလမ်းအခြေအနေက ဘယ်လိုဖြစ်နေလဲဆိုတော့ မန္တလေး မြစ်ကြီးနားလမ်းက အင်းတော်ကွင်းလမ်းလို ကိုဖြစ်နေတာ မိုင် ၇၀ က အဆိုးဆုံးပဲ အဲ့နားကတောက်လျှောက် ဗွပ်တွေထနေတာ ကားတွေကို လူ ခုနှစ်ယောက် ရှစ်ယောက်လောက်က ဝိုင်းဆွဲရတယ် မဟုတ်ရင်ကားက ဗွမ်ထဲက မထွက်နိုင်ဘူး နောက်ဟိုဘက် အိခ၊ ပန့်ခဘက်လည်းဆိုးတယ် ကားတွေမနည်းရှုန်းရတယ်ဗျ”လို့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။
ကားကမားတွေ ပြောပြချက်အရ မြစ်ကြီးနား–ဆွမ်ပရာဘွမ် ကြားမှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေပြီး လတ်တလော ကားအသေးတွေတောင် တဆင့်ဆွဲတင်ပြီး သွားလာနေရတယ်လို့ ကားသမားတွေက ဆိုပါတယ်။
“မိုးတွေက ဆက်တိုက်ရွာထားတော့ လမ်းတစ်လျှောက်လုံးက ဗွမ်အိုင်တွေကို ဒူးလောက်အထိရှိတယ်။ ဒါတောင် ကားသေးလေးတွေပဲ ဖြတ်ရတာ ကားကြီးမပါဘူး ကားကြီးတွေသာဖြတ်ရရင် ဒီထက်ပိုဆိုးမယ်” လို့ နောက်ထပ်ကားသမား တစ်ဦးက ပြောပါတယ်။
အခုလို လမ်းပိုင်းဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့အတွက် လတ်တလော ကုန်ကားကြီးတွေ ရပ်နားထားရတာ၊ လက်ရှိပြေးဆွဲနေတဲ့ ကားသေးလေးတွေလည်း ပုံမှန်တစ်ညအိပ်ခရီးကနေ တစ်ခါတရံ နှစ်ညအိပ်ခရီးဖြင့် သွားလာနေရတဲ့အခြေအနေတွေ ရှိနေကြောင်းသိရပါတယ်။
နောက်ဆက်တွဲအနေဖြင့် ကားအထွက်နည်းပြီး ပူတာအိုဘက် ကုန်စည်စီးဆင်းမှု နောက်နှေးနေတာကြောင့် လက်ရှိ ပူတာအိုမြို့နယ်ထဲက ကုန်စျေးမြင့်တက်မှုကို ကြုံတွေ့နေရကြောင်း ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။
“ဆန်က မြို့ပေါ်မှာတစ်အိတ် တစ်သိန်းငါးသောင်း၊တစ်သိန်းခြောက်သောင်းအထိရှိတယ် ရွာဝေးတဲ့ဘက်ဆိုရင် တစ်အိတ်ကို တစ်သိန်း ရှစ်သောင်း၊နှစ်သိန်းနီးနီးအထိကိုစျေးတက်နေတာ နောက်ပြီးကြက်သွန်နီဖြူတွေလည်း မတရားစျေးတက်တယ်” လို့ ပူတာအိုမြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။
လမ်းပိုင်းပျက်စီးမှုကြောင့် ကုန်တင်ကားကြီးတွေ သွားလာရခက်ခဲတဲ့အတွက် လက်ရှိမှာတော့ လူသုံးကုန်၊စားသောက်ကုန်တွေကို ကားအသေးလေးတွေနဲ့သယ်ယူနေရတယ်လို့ သိရပါတယ်။
“လမ်းဆိုးတော့ကားနာတာကတစ်ကြောင်းနောက်ပြီး ကားတွေပိုရှုန်းကတော့ ဆီစားများတာကတစ်ကြောင်းနဲ့ဆိုတော့ တန်ဆာခတွေ တင်ကြတာ အရင် ၁၀၀၀၀ လောက်ပဲတန်တဲ့ ဂျက်ဖာတစ်ဖာက အခု တစ်သောင်းရှစ်ထောင် နှစ်သောင်းအထိ တောင်းတယ် တန်ဆာခတက်တော့ ကုန်စျေးတွေလည်းလိုက်တက်ရပေါ့ကြက်ဥကအစစျေးတက်တယ်” လို့ ပူတာအိုမြို့ခံ အမျိူးသမီးတစ်ဦးက ပြောပါတယ်။
ပူတာအိုမြို့ပေါ်မှာ ကားလမ်းပိုင်း မပျက်စီးခင်က ဆန်တစ်အိတ် ၁၂၀၀၀၀ ကနေ လက်ရှိ ၁၅၀၀၀၀ နဲ့ ၁၆၀၀၀၀ ကြား၊ ကြက်ဥ တစ်ထောင်ဖိုး ၉ လုံးကနေ တစ်ရှိတစ်ထောင်ဖိုး ၅လုံး၊ ကြက်သွန်နီတစ်ပိဿ ကျပ် ၈၀၀၀ ကနေလက်ရှိ ကျပ် ၁၈၀၀၀ ၊ ကြက်သွန်ဖြူ တစ်ပိဿ ၁၀၀၀၀ ကနေ လက်ရှိ ကျပ် ၁၆၀၀၀ စသဖြင့် မြင့်တက်နေကြောင်း သိရပါတယ်။
ပူတာအို–မြစ်ကြီးနားကားလမ်းဟာ ပူတာအို၊ နောင်မွန်၊ မချမ်းဘော့နဲ့ ခေါင်လန်ဖူးမြို့နယ်တွေအတွက် စက်သုံးဆီ၊ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဓိက သယ်ယူပို့ဆောင်တဲ့ တစ်ခုတည်းသော ကုန်းလမ်းကြောင်း ဖြစ်ပါတယ်။
ယခင် NLD အစိုးရလက်ထက်မှာ အဆိုပါကားလမ်းကို ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခဲ့တာကြောင့် တစ်လနီးပါးကြာမြင့်ခဲ့တဲ့ ခရီးစဉ်ဟာ တစ်ရက်ခန့်နဲ့ သွားလာနိုင်ခဲ့ပါတယ်။
သို့ပေမယ့် စစ်အာဏာသိမ်းနောက်ပိုင်း စစ်ကောင်စီအစိုးရ အုပ်ချုပ်တဲ့ ၅ နှစ်ကျော်ကာလအတွင်း လမ်းပိုင်းပြုပြင်ထိန်းသိမ်းမှု မရှိခဲ့တာကြောင့် ခုလိုမိုးရာသီရောက်တိုင်း လမ်းပြို၊ မြေပြိုနဲ့ တံတားပျက်စီးမှုတွေ ဖြစ်နေတာကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကို နှစ်စဉ်လိုလို ကြုံတွေ့နေရတာဖြစ်ပါတယ်။
By – Zaw Zaw




