ဝိုင်းမော်မှာမြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ ၅ ဦးထိရှိလာ
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်သေဆုံးသူ ၅ ဦးထိ ရှိလာပြီလို့ ဝိုင်းမော်အခြေစိုက် လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတွေဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၄ ဦး ရှိခဲ့ကာ ထိခိုက်သူတွေဟာ သက်လတ်ပိုင်းအရွယ် အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖြစ်စဉ်တွေထဲမှာ ဩဂုတ်လအတွင်း ရက်ပိုင်းက ဝူယန်ကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်၊ ဇွန်လ ၁၉ ရက်နေ့ မဒိန်ကျေးရွာမှာ ဝါးမျှစ်ရှာထွက်ရင်း အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ်နဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က ဝူယန်ကျေးရွာမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားတဲ့ ဖြစ်စဉ်တို့ ပါဝင်ပါတယ်။
ကျန်တဲ့ ဖြစ်စဉ် ၂ ခုကလည်း ဒီနှစ်အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပေမယ့် အခြေအနေတချို့ကြောင့် သေချာမှတ်တမ်းတင်ထားနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
လက်ရှိမှာ မြေမြှုပ်မိုင်းအန္တရာယ်နဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ပိုမိုကြုံတွေ့နေရတဲ့ ဒေသတွေကတော့ ဝူယန်ကျေးရွာ၊ မဒိန်ကျေးရွာ၊ နောင်ဟီး၊ စန်းကားကျေးရွာအုပ်စုနဲ့ ခတ်ချိုကျေးရွာတို့ ဖြစ်တယ်လို့ လူမှုကူညီရေးအသင်းတစ်ခုက အဖွဲ့ဝင်တစ်ဦးက အခုလို ပြောပြပါတယ်။
“မသိကြတာပေါ့နော။ မျှစ်တွေပေါ်တဲ့အခါမှာကျတော့ အဲလိုတွေ ဖြစ်ကြတာ။ ခပ်ချို၊ နောင်ဟီး၊ စန်းကားတို့မှာကော ဖြစ်တယ်။ မြေမြုပ်မှိုင်းတွေ အများကြီးဘဲ။ လူတော်တော်များများ ထိကြကုန်ပြီ” လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် မေလတုန်းကလည်း ဝိုင်းမော်မြို့မှာ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက် ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးကတော့ ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိမှာလည်း ဝိုင်းမော်မြို့မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေပူးပေါင်းတပ်တွေအကြား စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေ မကြာခဏ ဖြစ်နေသလို နှစ်ဖက်တပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းထောင်ထားမှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။
International Humanitarian Law (အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ) အရ စစ်တပ်နဲ့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မရှိအောင် ကာကွယ်ပေးရမယ်လို့ ပါရှိပါတယ်။
ဒါပေမယ့် လက်ရှိမှာ ပြည်သူတွေဟာ လက်နက်ကိုင်အဖွဲ့အစည်းနှစ်ဖက်စလုံးက ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေကြောင့် ခြေလက်ပြတ်ပြီး ထိခိုက်တာ၊ သေဆုံးတာတွေ ရှိနေပါတယ်။
ဒီအပေါ်မှာ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို Myanmar Forb Network Founder လည်းဖြစ်တဲ့ ဒေါက်တာ ဂျာဆိုင်းအိန်ကတော့ တိုက်ပွဲတွေမှာ တားမြစ်ထားတဲ့ လက်နက်တွေ အသုံးပြုပြီး အရပ်သားတွေကို ရေတိုသာမက ရေရှည်မှာပါ အန္တရာယ်ပေးနိုင်တဲ့ လက်နက်တွေ အသုံးပြုတာဟာ International Humanitarian Law (အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ) ကို ချိုးဖောက်တာ ဖြစ်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။
“မြေမြုပ်မှိုင်းတွေသုံးတဲ့ ကိစ္စပေါ့။ အရပ်သားပြည်သူလူထုက အမြဲတမ်း နေ့စဉ်တကွ သူတို့ရဲ့ စိုက်ပျိုးရေးတွေ လုပ်နေတဲ့နေရာ၊ ပြည်သူလူထု အမြဲတမ်း ဖြတ်သန်းသွားလာနေတဲ့ လမ်းတွေမှာ မြေမြုပ်မှိုင်းတွေ ထောင်တာမျိုးပေါ့။ အဲလို ကိစ္စမျိုးကတော့ စစ်သားရော အရပ်သားရောခွဲလို့မရဘဲ နင်းတဲ့လူတိုင်း အသက်အန္တရာယ် ဖြစ်နိုင်တယ်။ တားမြစ်ထားတဲ့ လက်နက်တွေကို အသုံးပြုတာမျိုးပေါ့” လို့ ဆိုပါတယ်။
လက်တွေ့ မြေပြင်အခြေအနေမှာလည်း မြေမြှုပ်မိုင်းကြောင့် စစ်သားတွေထိခိုက်သေဆုံးတာထက် သာမန်လက်လုပ်လက်စား ပြည်သူတွေ ထိခိုက်သေဆုံးနေကြတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့် အရပ်သားတွေဘက်ကလည်း လက်နက်ကိုင်အဖွဲ့အစည်းနှစ်ဖက်စလုံးအနေနဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ တောင်းဆိုထားသလို ကေအိုင်အိုအစိုးရဘက်ကလည်း သူတို့ထိန်းချုပ်နယ်မြေတွေမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ဆောင်နေပေမယ့် ဝိုင်းမော်ဒေသလို စစ်ရေးတင်းမာနေဆဲ နေရာတွေမှာတော့ လုပ်ဆောင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
UNICEF Myanmar ရဲ့ အချက်အလက်တွေအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ မြန်မာနိုင်ငံတစ်ဝန်းမှာ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ စစ်ကျန်ပစ္စည်းတွေကြောင့် အရပ်သား ၂၅၃ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ အဲဒီထဲမှာ ၂၈ ဦး သေဆုံးပြီး ၂၂၅ ဦး ဒဏ်ရာရခဲ့ကာ ထိခိုက်သေဆုံးသူတွေထဲမှာ ကလေး ၇၄ ဦး ပါဝင်တယ်လို့ သိရပါတယ်။
By – Hope




