ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂၀၀ ဝန်းကျင်ကို စတင်စစ်ဆေးနေပြီလို့ KIO ပြော

ရွှေကူမှာ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၂၀၀ ဝန်းကျင်ကို လုံခြုံတဲ့နေရာကို ပို့ဆောင်ပြီး စစ်ဆေးမေးမြန်းမှု စတင်လုပ်ဆောင်နေပြီလို့ KIO က ပြောပါတယ်။

စစ်ဘက်နဲ့ဆိုင်တဲ့ လက်ထဲမှာ ရှိနေပါတယ်။ စစ်သားက ဘယ်နှစ်ယောက်ဟုတ်တယ်၊ အရပ်သားက ဘယ်လောက်ပါတယ်ဆိုတာ အသေးစိတ်တော့ ပြောဖို့ခက်နေသေးတယ်။ ဒါပေမယ့် လုံခြုံတဲ့နေရာကို ပို့ဆောင်ပြီး စစ်ဆေးရေးလုပ်နေပြီ ဖြစ်ပါတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောပါတယ်။

လက်ရှိမှာ စစ်ဆေးမေးမြန်းနေတဲ့အချိန်ဖြစ်တဲ့အတွက် မည်သူမည်ဝါတွေ ပါဝင်တယ်ဆိုတာကို ပြောဆိုဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

ရွှေကူတိုက်ပွဲတွင်း KIA ပူးပေါင်းတပ် ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထဲမှာ စစ်သား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေအပြင် တပ်မိသားစုဝင်တွေ အများဆုံးပါဝင်နိုင်သလို အရပ်သားတချို့လည်း ပါဝင်နိုင်တယ်လို့ သိရပါတယ်။

KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း စုစုပေါင်း ၁၉၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ 

အဲဒီထဲမှာ စစ်မှုထမ်းတွေနဲ့ တပ်သားစုဆောင်းခံရသူ ၁၅၁ ဦး၊ ရဲတပ်သား ၁၇ ဦး၊ ရဲမေ ၁၆ ဦးနဲ့ ကလေးငယ် ၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

နောက်ထပ် KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက စစ်သုံ့ပန်းတွေကို ပို့လိုက်ပြီ။ အခုလောလောဆယ်က စစ်ဆေးနေတယ်။ ဗန်းမော်ကိုတော့ တိုက်သင်္ဘော စီးနဲ့ တွဲသင်္ဘော စီး ရောက်သွားခဲ့တယ်လို့ ပြောပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့ ရွှေကူမှာ ရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုတွေက ဗန်းမော်ဘက်ကို ဦးတည်ပြီး ဆန်တက်လာချိန် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စောင့်ကြိုတိုက်ခိုက်ခံရတာကြောင့် စစ်သင်္ဘော ၂ စီးက အလံဖြူထောင်ပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ 

ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စု KIA ရဲ့ တိုက်ခိုက်ခံရတာကြောင့် သင်္ဘော ၅ စီးအထိ ထိခိုက်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်နေ့ မန္တလေး ဂေါဝန်သင်္ဘောဆိပ်ကမ်းကနေ ကချင်ပြည်နယ်ဘက်ကို စစ်သင်္ဘော စုစုပေါင်း ၁၅ စီး ဆန်တက်လာခဲ့ပြီး ဧရာဝတီမြစ်ကမ်းတစ်လျှောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ရွှေကူမှာ စစ်သုံ့ပန်း ၂၀၀ ဝန်းကျင် ဖမ်းဆီးရမိတဲ့အထိ တိုက်ခိုက်ခံရပြီးနောက် တိုက်သင်္ဘော ၂ စီးနဲ့ တွဲသင်္ဘော ၅ စီးက စက်တင်ဘာလ ၃ ရက်နေ့မှာ ဗန်းမော်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရေလမ်းကြောင်းကို အသုံးပြုပြီး တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ဘက်ကို စစ်လက်နက်နဲ့ ရိက္ခာတွေ ပို့ဆောင်နေခဲ့တာဖြစ်ပါတယ်။ 

ခုလိုဧရာဝတီမြစ်ကြောင်းကနေ စစ်သင်္ဘောတွေနဲ့ စစ်လက်နက်နဲ့ ရိက္ခာတွေ ပို့ဆောင်တာဟာ ဗန်းမော်မြို့ကို အလုံးစုံပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ဘက်က ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button