ပူတာအိုမှာ ထင်း၊ မီးသွေး အဆမတန်ဈေးတက်

ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ ထင်းနဲ့ မီးသွေးဈေးအဆမတန်တက်နေတာကြောင့် အသုံးပြုသူတွေအခက်တွေ့နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပူတာအိုဒေသမှာ ဒီနှစ် ဩဂုတ်လနောက်ပိုင်းကစပြီး မီးသွေးတစ်အိတ် ကျပ် ၄၅,၀၀၀၊ ထင်းတစ်ကဒ် ကျပ် ၁၈၀,၀၀၀ အထိ အဆမတန်ဈေးတက်လာတာကြောင့် ထင်းနဲ့ မီးသွေးကို အဓိကအသုံးပြုနေရတဲ့ ဒေသခံတွေ အခက်အခဲတွေ့နေရတယ်လို့ မြို့ခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

အရင်က ထင်းတစ်ကဒ် ကိုးသောင်းနဲ့ တစ်သိန်းကြားပဲရှိတယ်။ မီးသွေးက အိတ်ကြီးဆို သုံးသောင်း၊ အိတ်သေးဆိုရင် နှစ်သောင်းပဲ။ ဒီနှစ် မိုးတွင်းမှာ ဈေးတက်သွားတာ။ အရင်နှစ်တွေလည်း မိုးတွင်းမှာ မတက်ဘူး။ ဒီနှစ်မှ တက်သွားတာလို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဒီနှစ် ဇွန်လနောက်ပိုင်းကစပြီး အမြင့် ၅ ပေ၊ အရှည် ၄ ပေရှိတဲ့ ထင်းတစ်ကဒ်ဟာ ကျပ် ၁၀၀,၀၀၀ ကနေ လက်ရှိ ကျပ် ၁၇၀,၀၀၀ အထိ ဈေးတက်လာပြီး မီးသွေးအိတ်သေး တစ်အိတ်က ကျပ် ၂၀,၀၀၀ ကနေ လက်ရှိ ကျပ် ၂၈,၀၀၀၊ အိတ်ကြီးတစ်အိတ်က ကျပ် ၃၀,၀၀၀ ကနေ လက်ရှိ ကျပ် ၄၅,၀၀၀ အထိ ဈေးတက်လာတယ်လို့ သိရပါတယ်။

ပူတာအိုမှာ လက်ရှိ လျှပ်စစ်မီး ပုံမှန်မရတဲ့ကာလအတွင်း ထင်းနဲ့ မီးသွေးဈေးတွေ အဆမတန်တက်လာတာကြောင့် မြို့ခံတွေ အခက်တွေ့နေပြီး မိသားစုစားဝတ်နေရေးအတွက် ငွေကုန်ကြေးကျ ပိုများလာတယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီးကလည်း မနက်ည ထမင်းဟင်းချက်တဲ့အချိန်ဆို ဘယ်တော့မှ မလာဘူး။ ထင်းမီးသွေးပဲ အားကိုးနေရတာ။ မိသားစုများတဲ့လူဆိုရင် တစ်လတစ်လ မီးသွေးဖိုးပဲ နှစ်သိန်း၊ သုံးသိန်းကုန်တယ်။ ထင်းဝယ်စိုက်ရင် ပိုကုန်မှာ။ ထင်းက များများစိုက်ရတယ်။ နောက်ပြီး လေးပေကဒ်တစ်ကဒ်မှာ နှစ်သိန်းဝန်းကျင်ဆိုတော့ မလွယ်လို့ နောက်ထပ် မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပူတာအိုဒေသမှာ အသုံးပြုနေတဲ့ မီးသွေးဟာ ဒေသတွင်းမှာလည်း ထုတ်ယူသလို မြစ်ကြီးနားဘက်ကနေလည်း တင်သွင်းတယ်လို့ သိရပါတယ်။ 

သို့ပေမယ့် လက်ရှိ မြစ်ကြီးနားပူတာအို ကားလမ်းပိုင်း ပျက်စီးနေတာကြောင့် ကုန်ကားကြီးတွေ သွားလာခွင့် ယာယီရပ်နားထားရတဲ့အတွက် မြစ်ကြီးနားဘက်က မီးသွေးအဝင်မရှိတော့ဘဲ ဈေးတက်လာတာလို့ သိရပါတယ်။

ပူတာအိုကထွက်တဲ့ မီးသွေးပဲရှိတော့ ဈေးတင်ကြတာ။ မီးသွေးဈေးတက်တော့ ထင်းကပါ လိုက်တက်နေတာ။ ဈေးက အခုကားကြီးတွေ မလာတော့ မြစ်ကြီးနားမီးသွေးအဝင် မရှိဘူးလေ။ အဲ့ကြောင့် ဈေးတက်နေတာလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်နဲ့ ဇူလိုင်လတွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ပူတာအိုမြစ်ကြီးနား လမ်းပိုင်း ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့ပြီး KIA/KIO အစိုးရက တာဝန်ယူပြုပြင်ပေးနေတဲ့အတွက် လမ်းပြုပြင်နေတဲ့ကာလအတွင်း ကုန်ကားကြီးတွေ ဖြတ်သန်းခွင့် ယာယီရပ်နားထားတယ်လို့ သိရပါတယ်။

ပူတာအိုမြို့ဟာ ခရိုင်အဆင့်မြို့တစ်မြို့ ဖြစ်တဲ့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေ၊ မြန်မာပြည်အောက်ပိုင်းက ရွှေ့ပြောင်းလာပြီး စီးပွားရေးလုပ်ကိုင်သူတွေ၊ အစိုးရနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေ များပြားတာကြောင့် ထင်းနဲ့ မီးသွေးကို ဝယ်ယူအသုံးပြုရသူတွေ ပိုများတယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button