မြစ်ကြီးနားမှာ အသက်မပြည့်တဲ့ ကလေးငယ်များ မူးယစ်ဆေးရောင်းချနေဟုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေ မူးယစ်ဆေးဝါးရောင်းနေကြတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ ၂၁ မှာ မောင်နှမနှစ်ဦးဖြစ်တဲ့ အသက် ၁၂အရွယ် ယောကျာ်းလေးတစ်ဦးနဲ့ ၁၆ ဝန်းကျင်အရွယ် မိန်းကလေးဖြစ်ကြပြီးတော့ နောက်ထပ်  ၁၆ နှစ်ဝန်းကျင်အရွယ် မိန်းကလေးတစ်ဦးရောင်းနေတာကို တွေ့နေရတယ်လို့ သိရပါတယ်။

ခုလို ကလေးတွေ မူးယစ်ဆေးရောင်းနေတဲ့ အပေါ် မျက်မြင်တွေ့ရှိခဲ့တဲ့ မိဘတစ်ဦးက ခုလိုပြောပါတယ်။

ဟာ ဘယ်ဖြစ်သင့်မလဲ ကျောင်းနေရမယ့်အရွယ်လေ ကြာရင် အဲဒီကလေးတွေပါ မူးယစ်ဆေး သုံးစွဲလာကြမှာလေ။တိုင်းပြည်အနာဂတ်ကလူငယ်တွေလေ။မြန်မာပြည်ကလူငယ်တွေလည်း စစ်အာဏာရှင်လက်အောက်မှာအနာဂတ်မဲ့နေကြပါပြီလို့ဆိုပါတယ်။

ရပ်ကွက်နေပြည်သူတွေပြောပြချက်အရ မူးယစ်ဆေးရောင်းတဲ့ကလေးတွေကို မိဘတွေကိုယ်တိုင် ရောင်းခွင့်ပေးထားတာ ဖြစ်တယ်လို့လည်း သုံးသပ်နေကြပါတယ်။ 

လက်ရှိမှာ လူကြီးလူငယ်တွေသာမက အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ မူးယစ်ဆေးဝါး ရောင်းဝယ်နေတာကို ရပ်ကွက်နေပြည်သူတွေ မြင်တွေ့နေရပေမယ့်လည်း ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိသေးတာကြောင့် မတားဆီးနိုင်တဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့အပါအဝင် မြန်မာနိုင်ငံမှာ လက်ရှိ ရွေးကောက်ခံအစိုးရ မရှိဘဲ စစ်အုပ်ချုပ်ရေးအောက် ရောက်ရှိနေတာကြောင့် ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ စနစ် အားနည်းနေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံး (Kachin Women’s Association Thailand – KWAT) ပြောရေးဆိုခွင့်ရှိသူ ဆရာမ ဆန်ထွယ်က သုံးသပ်ပြောဆိုပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံက child right convention မှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်ဖြစ်တယ်။ ကလေးအခွင့်အရေးနဲ့ ပက်သက်ပြီး နိုင်ငံတကာက အမြင့်ဆုံး ဥပဒေကို လက်မှတ်ထိုးထားပေမယ့်လည်း လိုက်နာတဲ့နေရာမှာ အများကြီး လစ်ဟာနေတာကို တွေ့ရတယ်။ အလုပ်အသမားအခွင့်အရေးအောက်ဆုံးအဆင့်ကို ရောက်နေတာ ဖြစ်တယ်။စောင့်ကြည့်အတည်ပြုဖို့ ခက်သလို၊ မြန်မာနိုင်ငံက အခွင့်အရေးနဲ့ ပက်သက်ပြီး ဘာမှမရှိဘူးဆိုတဲ့ အခြေအနေကို ရောက်နေတာ ဖြစ်တယ်”လို့ဆိုပါတယ်။

ခုလို ကလေးငယ်တွေပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုမှာ ပါဝင်လာနေပေမယ့် တာဝန်ရှိသူတွေရဲ့ ထိရောက်တဲ့ အရေးယူမှုမတွေ့ရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် ရပ်ကွက်နေ ပြည်သူတွေရဲ့ ပြောပြချက်အရတော့ ရမ်ပူရပ်ကွက်မှာ ခုလို အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ မူးယစ်ဆေးရောင်းဝယ်နေတာကို တွေ့ရှိလာရတာဟာ ၃ နှစ်ဝန်းကျင်ထိ ရှိလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီလို ကျောင်းနေအရွယ်ကလေးတွေကို တာဝန်ရှိသူတွေအနေနဲ့ သေချာ ကူညီပေးဖို့ကိုလည်း တောင်းဆိုနေကြပါတယ်။

ကုလသမဂ္ဂရဲ့  ကလေးသူငယ်များ  အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း (CRC) အရ ကလေးသူငယ်တွေကို မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း အပါအဝင် တရားမဝင် မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်သည့် လုပ်ငန်းတွေမှာ အသုံးချခြင်းနဲ့ အမြတ်ထုတ်ခြင်းမှ ကာကွယ်ပေးရန် နိုင်ငံတွေမှာ တာဝန်ရှိတယ်ဆိုပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း( CRC ) အပိုဒ် ၃၃ မှာဆိုရင် နိုင်ငံများအနေနဲ့ ကလေးသူငယ်တွေကို တရားမဝင် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ကာကွယ်ရမည်ဖြစ်ပြီး၊ ကလေးတွေကို မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနဲ့ ရောင်းဝယ်ခြင်းကဲ့သို့သော တရားမဝင် လုပ်ငန်းများတွင် အသုံးချခြင်းကို တားဆီးကာကွယ်ရန် လိုအပ်သည့် ဥပဒေ၊ အုပ်ချုပ်ရေး၊ လူမှုရေးနှင့် ပညာရေးဆိုင်ရာ အစီအမံများကို ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပါရှိထားတာ ဖြစ်ပါတယ်။

By – Hope

Show More

Leave a Reply

Back to top button