မြစ်ကြီးနား ခိုးဆိုးလုယက်မှု ဘယ်လောက်ထိဆိုးရွားနေပြီလဲ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ပိုများလာပြီး တစ်ပတ်ကို ပျမ်းမျှ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားနေတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
ခိုးဆိုးလုယက်မှုတွေဟာ တပ်ကုန်းရွှေလမ်းမ၊ အေးမြသာယာနဲ့ ရမ်ပူရပ်ကွက်တွေမှာ ပိုများနေပြီး အမျိုးသမီးတွေကို ပစ်မှတ်ထားတဲ့ ဖြစ်စဉ်တွေလည်း ပိုများလာတယ်လို့ မြို့ခံပြည်သူတစ်ဦးက ပြောပါတယ်။
“မိန်းကလေးတွေဆီမှာ အများဆုံးဖြစ်နေတာ ဆိုင်ကယ်ခိုးခံရတာတွေက ဘက်ထရီဘီးတွေလိုမျိုးပေါ့။ အိမ်ထဲထိ ဝင်ခိုးတာတွေအထိ ဖြစ်နေတယ်။ အခုက ဘယ်သူမဆို ခိုးနိုင်လုနိုင်တဲ့ ပုံစံမျိုး ဖြစ်နေတာ။ ဖုန်းလုခံရတာတွေလည်း ခဏခဏဖြစ်တယ်။ ကျွန်တော်တို့ ရွှေလမ်းမမှာလည်း အရမ်းဖြစ်တယ်” လို့ ဆိုပါတယ်။
ခိုးယူမှုတွေမှာ ဆိုင်ခန်းထဲ ဈေးဝယ်ဟန်ဆောင်ပြီး ပစ္စည်းခိုးတာ၊ မီးပြင်တဲ့သူဟန်ဆောင်ပြီး ဆိုင်ကယ်ငှားစီးကာ ထွက်ပြေးတာတွေ ရှိတယ်လို့ သိရပါတယ်။
လုယက်မှုတွေမှာတော့ လမ်းပေါ်မှာ အမျိုးသမီးတွေ ဆိုင်ကယ်မောင်းလာချိန် ဓားထောက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းလုယူတာတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဘက်က ပြည်သူတွေအတွက် လုံခြုံရေးပေးတာနဲ့ ခိုးဆိုးလုယက်သူတွေကို ဖမ်းဆီးအရေးယူတာတွေ ထိထိရောက်ရောက် မလုပ်နိုင်ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။ တချို့ ခိုးဆိုးလုယက်သူတွေကိုတော့ ပြည်သူတွေကိုယ်တိုင် ဝိုင်းဝန်းဖမ်းဆီးတာတွေ ရှိတယ်လို့ သိရပါတယ်။
“ယုဇနဘက်မှာ အဖွားနှစ်ယောက် ဘက်ထရီဘီးနဲ့ သွားနေတာကို ဖုန်းနဲ့ ပိုက်ဆံအိတ်လုတာတဲ့။ တစ်ယောက်ကိုတော့ ဖမ်းမိတယ်” လို့ နောက်ထပ်မြို့ခံတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း ခိုးဆိုးလုယက်သူတွေကို စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လွှတ်ထားပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခိုင်းနေတယ်လို့ စစ်ကောင်စီလက်အောက်ခံတွေနဲ့ နီးစပ်သူတွေက ပြောဆိုထားပါတယ်။
ဒီပြောဆိုချက်ကိုတော့ KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လကလည်း ခိုးဆိုးလုယက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
By – Hope




