ပူတာအိုမှာ လေယာဉ်လက်မှတ်မရလို့ အဝေးသင်နားထားရသူတွေရှိနေ

ပူတာအို–မြစ်ကြီးနား လေယာဉ်လက်မှတ်တွေ ဝယ်ယူလို့မရတာကြောင့် ပူတာအို၊ နောင်မွန်နဲ့ ခေါင်လန်ဖူးဘက်က အဝေးသင်ကျောင်းသားတွေ ဒီနှစ်ထဲမှာ ကျောင်းနားထားရသူတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

တစ်ပတ်ကို တစ်ကြိမ်ကနေ အများဆုံးနှစ်ကြိမ်အထိသာ ပြေးဆွဲနေတဲ့ မြစ်ကြီးနား–ပူတာအို လေယာဉ်လက်မှတ်တွေကို ကြိုတင်ဝယ်ယူထားကြတာကြောင့် ကျောင်းတက်ဖို့ လိုအပ်တဲ့အချိန်မှာ လက်မှတ်မရဖြစ်နေတယ်လို့ ပူတာအိုမြို့ခံ အဝေးသင်ကျောင်းသူတစ်ဦးက KNG ကို ပြောပါတယ်။

“လေယာဉ်လက်မှတ်က ရှစ်လပိုင်း ၂ ရက်၊ ၃ ရက်ကတည်းက ရှာနေတာ အခုထိ မရဘူး။ ကျောင်းက အရမ်းနောက်ကျသွားပြီ၊ စာမေးပွဲတောင် ဖြေတော့မှာ။ လေယာဉ်လက်မှတ်က မရဆိုတော့ ဒီနှစ်တော့ နားလိုက်ရတယ်။ နောင်မွန်၊ ခေါင်လန်ဖူးဘက်ကလည်း အတူတူပဲ။ တချို့ ဒီရောက်မှ လေယာဉ်လက်မှတ်ရှာဝယ်တာ လက်မှတ်တွေက အကုန်ကြိုဖြတ်ထားပြီးသားဖြစ်နေလို့ ဒုက္ခရောက်နေကြတယ်” လို့ အဝေးသင်တတိယနှစ် ကျောင်းသူတစ်ဦးက ပြောပါတယ်။

နောင်မွန်မြို့ခံ အဝေးသင်ကျောင်းသားတစ်ဦးကလည်း သူဟာ ပထမအသုတ်မှာ တက်ရမှာဖြစ်ပြီး နောက်ဆုံးနှစ်လည်း ဖြစ်တာကြောင့် ပြီးခဲ့တဲ့လကတည်းက လေယာဉ်လက်မှတ်ရှာခဲ့ပေမယ့် မရခဲ့ဘူးလို့ ပြောပါတယ်။

“ကျနော်က ပထမအသုတ်မှာ တက်ရမှာ၊ နောက်ဆုံးနှစ်လည်းဖြစ်တော့ အရေးကြီးတယ်ဆိုပြီး ပြီးခဲ့တဲ့လကတည်းက လေယာဉ်လက်မှတ်ရှာဝယ်တာ ဘယ်မှာမှ ရှာမရဘူး၊ အကုန်ပြည့်နေတာ။ အဆင်း (ပူတာအိုကနေ မြစ်ကြီးနား) က တစ်လကျော် စောင့်ရမယ်တဲ့။ အတက် (မြစ်ကြီးနားကနေ ပူတာအို) ကတော့ တစ်ပတ်လောက်ကြိုဖြတ်ရင် ရတယ်။ အဆင်းပဲ ခက်နေတာ။ အခု ဒုတိယအသုတ်သမားတွေတောင် ရှာမရဘူးတဲ့” လို့ သူက ပြောပါတယ်။

ပုံမှန်အားဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံစာပါရင် အသက်အရွယ်မရွေး ခရီးသွားလာနိုင်တဲ့ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာ ဩဂုတ်လကုန်ပိုင်းကနေစပြီး အသက် ၁၅ နှစ်အထက်ကနေ အသက် ၄၀ အောက်အထိ ကားလမ်းနဲ့ ခရီးသွားလာခွင့်ကို စစ်ကောင်စီတပ်ဘက်က ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ကားလမ်းကနေ ခရီးသွားလာခွင့် ကန့်သတ်လိုက်တာကြောင့် လေကြောင်းကနေ ခရီးသွားသူတွေ သိသိသာသာ များလာပြီး လေယာဉ်လက်မှတ်တွေ ဝယ်ယူရခက်လာတာလို့ သိရပါတယ်။

“တချို့ကလေးတွေက မသိကြဘူးလေ။ ပုံမှန်ဆိုရင် အဲ့လောက်မခက်ဘူး၊ တစ်လလောက်ကြိုဖြတ်ထားရင် ရတယ်။ အခုက မရဘူးတဲ့။ လေယာဉ်လက်မှတ်က ရှစ်လပိုင်းမှာ ဖြတ်တာ အောက်တိုဘာအထိ ပြည့်နေတာ။ ခေါင်လန်ဖူးဘက်က ကလေး သုံးယောက်၊ လေးယောက်လောက် နားလိုက်ရတယ် သိရသလောက်တော့” လို့ ခေါင်လန်ဖူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ အဆိုအရ လက်ရှိ ပူတာအို–မြစ်ကြီးနား လေကြောင်းခရီးစဉ်ကို အင်္ဂါနေ့နဲ့ သောကြာနေ့တွေမှာ တစ်ပတ်နှစ်ကြိမ်သာ ပြေးဆွဲနေပြီး တစ်ခါတလေ အင်္ဂါနေ့တစ်ရက်တည်းသာ ပြေးဆွဲတယ်လို့ သိရပါတယ်။

ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊ မချမ်းဘော့နဲ့ မြစ်ကြီးနားအပါအဝင် ဒေသတွင်း ခရီးသွားပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ လေကြောင်းခရီးစဉ် အရေအတွက် မလောက်ငှတာကြောင့် အဝေးသင်ကျောင်းသားကျောင်းသူတွေပါ ခရီးသွားဖို့ အခက်အခဲ ဖြစ်နေကြတာလို့ သိရပါတယ်။

“ကျွန်မတို့က အထက်က ချပေးတဲ့လက်မှတ်တွေကိုပဲ ရောင်းပေးရတာ။ ဒီထက်တော့ ဘာမှမတတ်နိုင်ဘူး။ ခုံတွေက လောလောဆယ်တော့ အောက်တိုဘာ၊ နိုဝင်ဘာလအထိတောင် ပြည့်နေတာရှင့်” လို့ လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

KNG ရဲ့ စုံစမ်းချက်အရ ပူတာအို၊ နောင်မွန်နဲ့ ခေါင်လန်ဖူး မြို့ပေါ်က ဒီနှစ် အဝေးသင် ပထမအသုတ်တက်ရမယ့် ကျောင်းသားကျောင်းသူ ၂၀ ဦးထက်မနည်းဟာ လေယာဉ်လက်မှတ်မရတာကြောင့် အဝေးသင်နားထားရပြီး ဒုတိယအသုတ်နဲ့ တတိယအသုတ် ကျောင်းသားကျောင်းသူတွေကလည်း လေယာဉ်လက်မှတ် ရှာနေကြရတယ်လို့ သိရပါတယ်။

လက်ရှိ ပူတာအိုနဲ့ မြစ်ကြီးနားကြားမှာ Myanmar National Airlines (MNA)၊ Myanmar Airways International (MAI) နဲ့ မန်းရတနာပုံ လေကြောင်းလိုင်းတွေ ပြေးဆွဲနေပြီး လေယာဉ်လက်မှတ်ဈေးနှုန်းက ကျပ် ၅ သိန်းကျော်ကနေ ကျပ် ၆ သိန်းကျော်အထိ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းအထိ ပူတာအို–မြစ်ကြီးနား ကားလမ်းပိုင်းမှာ အသက် ၁၅ နှစ်အထက်နဲ့ အသက် ၃၀ အောက် လူငယ်၊ လူလတ်ပိုင်းတွေကို ခရီးသွားလာခွင့် တားမြစ်ခဲ့ပါတယ်။

အဲဒီနောက်၂၀၂၄ခုနှစ်နှစ်လယ်ပိုင်းကနေ၂၀၂၆ခုနှစ်စက်တင်ဘာလမတိုင်ခင်အထိလူငယ်နဲ့လူလတ်ပိုင်းတွေကားနဲ့ခရီးသွားမယ်ဆိုရင်စစ်ကောင်စီတပ်ဘက်ကိုကြိုတင်အကြောင်းကြားရတာနဲ့သက်ဆိုင်ရာရပ်ကွက်၊

ကျေးရွာတွေရဲ့ ထောက်ခံစာပါမှ သွားလာခွင့်ပြုတာတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အဝေးသင်ပညာရေးစနစ်မှာ ပထမအသုတ်၊ ဒုတိယအသုတ်နဲ့ တတိယအသုတ်ဆိုပြီး သုံးသုတ်ခွဲ သင်ကြားပေးနေပါတယ်။ 

ပထမအသုတ်မှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ရုက္ခဗေဒနဲ့ သတ္တဗေဒ၊ ဒုတိယအသုတ်မှာ အင်္ဂလိပ်၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ ဒဿနိကဗေဒနဲ့ အရှေ့တိုင်းပညာ၊ တတိယအသုတ်မှာ မြန်မာစာ၊ သမိုင်း၊ စီးပွားရေးနဲ့ စီးပွားစီမံပညာ ဘာသာရပ်တွေကို သင်ကြားပေးနေတာလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button