ပြည်သူ့စစ်အဖွဲ့ထံ ဘက်ပြောင်းသွားသူကြောင့် KIO အရာရှိများ ပစ်သတ်၊ ဖမ်းဆီးခံရ
ကချင်ပြည်နယ် တနိုင်းမြို့နယ် လမုန်ကျေးရွာမှာ KIO အရာရှိတစ်ဦး ပစ်သတ်ခံရပြီး နှစ်ဦးဖမ်းဆီးခံလိုက်ရတဲ့ ဖြစ်စဉ်ဟာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့လက်အောက်ထဲ ဘက်ပြောင်းသွားတဲ့သူကြောင့် KIO အရာရှိတစ်ဦးရဲ့ လက်ချက်ကြောင့်ဖြစ်တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ် လက်အောက်ခံဖြစ်သွားတဲ့ ဦးဒါ့ရှီလထွယ် ဦးဆောင်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO အရာရှိ ၃ ဦးရှိနေတဲ့နေအိမ်ကို ဝင်စီးကာ ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ တနိုင်းမြို့နယ်ထဲက KIO အရာရှိတစ်ဦးက KNG ကိုပြောပါတယ်။
“အခုပစ်သတ်ခံရတဲ့ဖြစ်စဉ်က သွားရောက်ပစ်သတ်ကျူးလွန်ခဲ့တဲ့ ဒါ့ရှီလထွယ်က ယခင်က တနိုင်းမြို့နယ်မှာ KIO တိုက်မှူးလုပ်ခဲ့တဲ့ အရာရှိတစ်ဦးဖြစ်ပါတယ်။ သူက ဒီနောက်ပိုင်း မင်းဇေသန့်ပြည်သူ့စစ်တပ်ထဲ ဝင်သွားတယ်။ သူက အဲ့ဒီဒေသမှာ KIO အဖွဲ့တွေဘယ်မှာရှိတယ်ဆိုတာလည်း အကုန်သိနေတော့ သွားရောက်ပစ်သတ်လိုက်တဲ့သဘောပါ”လို့ပြောပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်း ၁၁ ဝန်းကျင်လောက်မှာ ဦးဒါ့ရှီလထွယ် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က KIO အရာရှိဖြစ်တဲ့ ဦးအင်ယောင်ဖန်းအောင် နေအိမ်ကို ရောက်လာပြီး အိမ်ရှင်ဖြစ်တဲ့ ဦးအင်ယောင်ဖန်းအောင်ကိုတော့ နေအိမ်မှာတင် ပစ်သတ်သွားတာဖြစ်ပါတယ်။
ဦးအင်ယောင်ဖန်းအောင် နေအိမ်မှာအတူရှိနေတဲ့ KIO အရာရှိ နှစ်ဦးဖြစ်တဲ့ နော်ရိန်အောင်နဲ့ ဘရန်တောင် နှစ်ဦးကိုတော့ ရိုက်နက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အခုလို KIO အရာရှိ ၃ ဦးပစ်သတ်၊ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် KIA သတင်းအရင်းအမြစ်တစ်ဦးက “လမုန် လီဆူပြည်သူ့စစ်ခေါင်းဆောင်ရဲ့သား ဒေးဗစ်ဆိုသူက အခုပစ်သတ်ခံလိုက်ရတဲ့ ဦးအင်ယောင်ဖန်းအောင်ကို မကျေမနပ်ဖြစ်နေတာလို့သိရတယ်။ အဲ့ဒီ လမုန်ပြည်သူ့စစ်အဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရတာ သူတို့ကြောင့်ဖြစ်တယ်ဆိုပြီး ပြန်တန်လုပ်တဲ့ သဘောလို့နားလည်ရတယ်”လို့ပြောပါတယ်။
လမုန် လီဆူပြည်သူ့စစ်ခေါင်းရဲ့ သားဖြစ်သူ ဒေးဗစ်ဆိုသူက ဦးဒါ့ရှီလထွယ်ကို သတင်းပေးပြီး KIO အရာရှိ ၃ ဦးရှိနေတဲ့ နေရာကို သတင်းပေးပြီး သွားရောက်ရှင်းလင်းခိုင်းတာဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပြပါတယ်။

ဝါရာဇွပ်ပြည်သူ့အဖွဲ့ထဲ မကြာသေးမှီကဘက်ပြောင်းလာပြီး ပစ်သတ်မှုကျူးလွန်ခဲ့တဲ့ ဦးဒါ့ရှီလထွယ်ဟာ ရာထူးရယူလိုနေတဲ့အတွက် အခုလို ပစ်သတ်မှုအထိ ကျူးလွန်လိုက်တာဖြစ်တယ်လို့လည်း ဒေသခံပြည်သူတွေကြားမှာ ဝေဖန်သုံးသပ်မှုတွေလည်းရှိနေပါတယ်။
ဒီဖြစ်စဉ်မဖြစ်ခင် လမုန် လီဆူပြည်သူ့စစ်အဖွဲ့ က KIA ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြုံခဲ့ရတယ်လို့လည်း သိရပါတယ်။
လက်ရှိ လမုန်ကျေးရွာမှာ KIO အရာရှိ ၃ ဦးပစ်သတ်၊ ဖမ်းဆီးခံရတဲ့ အခြေအနေကို KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိသေးတာဖြစ်ပါတယ်။
တနိုင်းနဲ့ ဖားကန့်မြို့နယ်ထဲမှာ မင်းဇေသန့် ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ က အင်းအားပြ စစ်အင်အားတွေ တဖြည်းဖြည်း ဖြည့်တင်းနေပြီး KIO နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ပြည်သူတွေကို သတ်ဖြတ်မှု ဆက်တိုက်ကျူးလွန်းနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာလည်း တနိုင်းမြို့နယ်ထဲက နောင်းလုံကောင်ရာကျေးရွာမှာ KIO အရာရှိတစ်ချို့ပါဝင်ပြီး အစည်းအဝေးခေါ်လုပ်နေချိန် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဝိုင်းရံပိတ်ဆို့ပြီး ဒေသခံ ရပ်မိရပ်ဖတစ်ဦး ပစ်သတ်လိုက်တဲ့အပြင် KIO အရာရှိတစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၈ ရက်နေ့မှာ ဖားကန့်မြို့နယ်ထဲမှာပါဝင်တဲ့ နောင်းမီးကျေးရွာ ဒေသခံ ၄ ဦးကိုလည်း ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



