ရွှေတူးဖော်မှု၊ ချောင်းရေ ပျက်စီးမှုကြောင့် ဒေသခံများ နောက်ဆက်တွဲ ဆိုးကျိုး ခံစားရမည်ကို စိုးရိမ်
ပူတာအိုဒေသတွင် စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ ရွှေတူးဖော်နေသောကြောင့် ဒေသတွင်း မြစ်ချောင်း ၄ ခု အရောင်းပြောင်းကာ ပျက်စီးနေပြီဟု ဒေသခံများ ပြောသည်။
ရွှေတူးဖော်မှုကြောင့် အောက်ရှန်ဂေါင်ကျေးရွာတွင် စီးဆင်းနေသော နမ့်ဟာချောင်းသည် မြစ်ချောင်းတစ်ခုလုံး အနီရောင်အဖြစ် အရောင်ပြောင်းသွားသဖြင့် ရွှေတူးဖော်ရေးလုပ်ငန်းများ အမြန်ရပ်တန့်ပေးရန် လိုအပ်သည်ဟု အောက်ရှန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုထားသည်။
“ရွှေတူးနေတဲ့ လုပ်ငန်းတွေကို အခုကတည်းကနေ ရပ်တန့်စေချင်ပါတယ်။ ဘယ်သူ့ရဲ့ ခွင့်ပြုချက်နဲ့ ဘယ်လိုလုပ်နေတယ်ဆိုတာက မသိရဘူး။ အခုဆိုရင် အားလုံးမြင်တဲ့အတိုင်းဘဲ ချောင်းတွေလည်း နီ ကုန်ပြီ။ နီတာတောင်မှ အရင်ကထက် ၂ဆလောက် နီရဲသွားပြီ။ စက်ယန္တရားကြီးတွေနဲ့ ဒီလိုသာ ဆက်သွားနေမယ် ဆိုရင် သဘာဝအရင်းအမြစ်တွေကုန်ဆုံးသွားမယ်။” ဟု ပြောဆိုသည်။
ပူတာအို မြို့နယ် မန်စေ အုပ်စု အောက်ရှန်ဂေါင် ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဘုန်းမင်းခန့် ကုမ္ပဏီအပါအဝင် အခြားသော လုပ်ငန်းရှင် ၁၀ ဦးခန့်က ကျေးရွာအတွင်း ရွှေတူးဖော်သည့်လုပ်ငန်းများ စတင်လုပ်ကိုင်ခဲ့ကြောင်း သိရှိရသည်။
8လုပ်ပိုင်ခွင့်ကို စစ်တပ်နှင့် ၎င်း၏သစ္စာခံ ပြည်သူ့စစ်အဖွဲ့တို့က ခွင့်ပြုထားကြောင်း ဒေသခံများ ဆိုသည်။
လက်ရှိ ရွှေတူးဖော်သော နေရာများသည် ဒေသခံများ၏ လယ်ယာမြေများနှင့် CF သစ်တောကြိုးဝိုင်းအနီးတွင် ဖြစ်သောကြောင့် အဆိုပါ နယ်နမိတ်များပင် ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။
“အခုသူတို့ရွှေတူးနေတဲ့ အနီးမှာ ဒေသခံပြည်သူပိုင်ဆိုင်တဲ့ CF ကြိုးဝိုင်းတွေလည်း ရှိတယ်။ နောက် အခုလုပ်စားနေတဲ့ လယ်ယာမြေတွေလည်း ရှိတယ်။ တစ်နေရာမှာ တူးလိုက်ပြီဆိုရင် တိုက်စားသွားမှာဘဲ။ မြေပြိုကမ်းပြို တိုက်စားလာမှာဘဲ။ နောက်ဆို အဲ့လိုတွေဖြစ်လာမှာကို ပိုပြီးစိုးရိမ်ရတယ်” ဟု ပြောဆိုသည်။
ယခုနှစ်ဆန်းပိုင်းက စတင်ပြီး စက်သုံးဆီစျေးနှုန်း မြင့်တက်လာမှုကြောင့် ရွှေတူးဖော်သည့် လုပ်ငန်းတချို့ ရပ်နားထားသော်လည်း စက်ယန္တရားကြီးများဖြင့် တူးဖော်နေသေးသည့် လုပ်ငန်းရှင် ၅ ဦး ထက်မနည်း ရှိနေသးသည်ဟု သိရသည်။
ထိုဒေသတွင် ရွှေတူးဖော်နေသည့် စက်ယန္တရားပိုင် လုပ်ငန်းရှင်များသည် ပြည်သူ့စစ်အဖွဲ့နှင့် ဆက်စပ်သူများဖြစ်ပြီး ဒေသခံတစ်ချို့မှာလည်း၎င်းတို့၏ ပိုင်ဆိုင်သော လယ်ယာမြေများကို လုပ်ငန်းရှင်နှင့် ညှိနှိုင်းမှုများပြုလုပ်ကာ ရောင်းချ တူးဖော်ခွင့်ပေးထားကြောင်းလည်း ဆက်လက်သိရသည်။
ရွှေတူးဖော်မှုများပြုလုပ်နေသောကြောင့် နမ့်ဟာချောင်းမှ စီးဆင်းလာသော အနီရောင် ရေစီးကြောင်းသည် မာမဲ့ရှီဒီး အုပ်စု ရှန်ဂေါင်ချောင်းဘက်သို့ စီးဆင်သွားပြီးနောက် ရှန်ဂေါင်ချောင်းမှ တဆင့် နမ့်ဘလပ်(Nam Ba Lak Hka) ချောင်းနှင့် မလိခမြစ်သို့ စသဖြင့် ချောင်းရေ ၄ ခု တစ်လျှောက်တွင် အနီရောင် စီးဆင်းနေသည်ကို မြင်တွေ့ရကြောင်း သိရသည်။
နမ့်ဟာ၊ ရှန်ဂေါင်နှင့် နမ့်ဘလပ် စသော မြစ်ချောင်းများသည် ရွှေတူးဖော်မှုကြောင့် ရေကြောင်းလမ်းများ ပျက်စီးလာသည့်အပေါ် ပူတာအိုဒေသခံ ပြည်သူများအတွက် ရေရှားပါးသည့် ပြဿနာ နှင့် သဘာဝပတ်ဝန်းကျင် ပျက်သုန်းလာသည့် စိန်ခေါ်မှုများစွာ ကြုံတွေ့လာနိုင်သည်ဟု ပူတာအိုဒေသခံတစ်ဦးက ယခုလိုထပ်မံ ပြောဆိုထား သည်။
“အခုနောက်ပိုင်း စက်ယန္တရားကြီးတွေ နဲ့ ရွှေတူးဖော်နေတဲ့အတွက် ပူတာအိုဒေသမှာရှိနေတဲ့ ဌာနေသားတွေက သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာတဲ့ စိန်းခေါ်မှု မျိုးစုံကြုံတွေ့လာနိုင်တယ်။ အခုဆိုရင် ရေကြောင်းတွေအနီရောင် ပြောင်းသွားကုန်ပြီ။ နောက်ဆို ရေရှားပါးတဲ့ ပြသနာတွေ ဖြစ်ပေါ်လာနိုင်တယ်။ တစ်ချို့ဆို ဒီရေတွေနဲ့ပဲ လယ်ယာမြေတွေမှာ အသုံးပြုနေတာတွေရှိတယ်။” ဟု ပြောသည်။
လက်ရှိ အောက်ရှန်ဂေါင် နမ့်ဟာချောင်းဘက်မှ စီးဆင်းလာသော အနီရောင်ပြောင်း ချောင်းကြောင့် မန်စေကျေးရွာအုပ်စုတွင်ရှိသော အောက်ရှန်ဂေါင်၊ မာမေ့ရှီးဒီ၊ သာဂူရှီဆားတို့သာမက နှင့် အောက်ဖက်တွင်ရှိသော နမ့်ဘော်ရွာအုပ်စု၊ မုသုံအုပ်စု၊ မာမူလေ့အုပ်စုနှင့် လယ်မယ်ဝါဂျီ စသော ကျေးရွာ အုပ်စု ၅ခုခန့်က နောက်ဆက်တွဲ ကျန်းမာရေး၊ စိုက်ပျိုးရေးများတွင် ဆိုးကျိုး ခံစားရတော့မည်ဟု သုံးသပ်သူများလည်း ရှိနေသည်။
အဆိုပါ ရွှေတူးနေသော နေရာများသည် ပူတာအိုမြို့ပေါ် အထက်ပိုင်း ၁၀ မိုင်ခန့်သွားရသော နေရာဒေသတစ်ခုတွင်ဖြစ်ပြီး အဆိုပါ ကျေးရွာ အုပ်စု ၅ ခု အတွင်းပါဝင်သော ကျေးရွာငယ်အများအပြားက အောက်ရှန်ဂေါင် နမ့်ဟာချောင်းဘက်မှ စီးဆင်းလာသော ရေနီကို အသုံးပြုနေရကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။
ထိုနည်းတူ ပူတာအိုခရိုင် မချမ်းဘောမြို့နယ် ရှင်မွေယန်အုပ်စု ရှိန်ဂိုင်ယန်ကျေးရွာတွင်လည်း ၂၀၂၁ခုနှစ် ဩဂုတ်လ နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့မှ ရွှေတူးဖော်ရန် ခွင့်ပြုထားသောကြောင့် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသော လယ်ယာမြေများ မြေဧက ၅၀ ဝန်းကျင်ခန့် ပျက်စီးဆုံးရှုံးမှုများလည်းရှိခဲ့ပါသည်။
ပူတာအိုမြို့နယ်ရှိ လန်းဒေါင်အုပ်စု (Lang Dau)၊ လုံရှာယန်အုပ်စု(Lung Sha Yang)၊ ဆွမ်ပီယန်အုပ်စု (Sum Pyi Yang)နှင့် မချမ်းဘောမြို့နယ်တွင် ရှင်မွေယန်နှင့် လန်းဂါး စသောကျေးရွာအုပ်စု စသောနေရာများတွင် လက်ရှိ ရွှေလုပ်ငန်းအများဆုံး လုပ်ကိုင်နေကြကြောင်း နီးစပ်ရာဒေသခံများပြောဆိုချက်မှ သိရသည်။