သတင်း

ပူတာအိုက သက်ငယ်မဒိမ်းမှုကျူးလွန်တဲ့တရားခံကိုကြိုးမိန့်ချမှတ်လိုက်တယ်လို့ဆို

ကချင်ပြည်နယ် ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်မှာ အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို မဒိမ်းကျင့်သတ်ဖြတ်လိုက်တဲ့ တရားခံအမျိုးသားကို နေပြည်တော်တရားရုံးမှ ကြိုးမိန့်ချလိုက်တယ်လို့ သိရပါတယ်။

သက်ငယ်မဒိမ်းမှုကျူးလွန်တဲ့ အသက် ၂၄ နှစ်အရွယ် တရားခံကိုကျော်သူရကို ပူတာအိုခရိုင်တရားရုံးကနေ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်  ဩဂုတ်လ  ရက်နေ့သက်ငယ်မဒိမ်းမှုနဲ့ လူသတ်မှုပုဒ်မနှစ်ခုနဲ့ သေဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

သို့သော် ပြစ်မှုကျူးလွန်တဲ့တရားခံဘက်က နေပြည်တော်တရားရုံးမှာ အယူခံပြန်ဝင်ခဲ့တယ်လို့သိရပေမယ့် တရားရုံးက အယူခံကို ပယ်ချခံလိုက်ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နေပြည်တော်တရားရုံးကနေ ကြိုးမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ အဲဒီအမှုကို လိုက်ပေးနေတဲ့ ရှေ့နေကိုမေးကြည့်တော့ နေပြည်တော်မှာ သေဒဏ်ကြိုးမိန့်ပေးလိုက်တယ်လို့ ပြောပြတယ်။ ကျန်တာ ဘယ်လိုဆက်ဖြစ်သွားပြီလဲတော့ အသေးစိတ်ပြန်မကြားမိသေးဘူးလို့ လို့ ပူတာအိုဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

အခုလို သက်ငယ်မဒိမ်းမှုကျူးလွန် သတ်ဖြတ်ခဲ့တဲ့ တရားခံကို နေပြည်တော် တရားရုံးက တရားစီရင်ခဲ့တဲ့အပေါ်မှာ ပူတာအို ဒေသခံ အမျိုးသားက အခုလို ဆက်ပြောပါတယ်။

ဒီအမှုကို ကြိုးမိန့်ချလိုက်တဲ့အပေါ် အရမ်းကြီး ကျေနပ်သွားတာမျိုးတော့မရရှိပေမယ့် မှန်ကန်တဲ့ တရားစီရင်ရေးတစ်ခုလို့တော့ မြင်ပါတယ်။ အခုဆုံးသွားတဲ့ ကလေးငယ်က အသက်လည်း မပြည့်သေးသလို ဘာအပြစ်မှမရှိတဲ့ သူဖြစ်တယ်။ ကျနော်တို့ ပြောဆိုချင်တာက ဆက်ပြီးတော့လည်း ဒေသအတွင်းမှာ ဒီလိုမျိုး လုပ်ရပ် ဖြစ်လာခဲ့ရင်လည်း ထိထိရောက်ရောက် ပြစ်ဒဏ်ပေးဆုံးမစေချင်တယ်လို့ပြောပါတယ်။

လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို နေပြည်တော်တရားရုံးကနေ ကြိုးမိန့်ချမှတ်ထားတယ်လို့ သိရပေမယ့် တရားစီရင်မှုကို ဆက်စောင့်ကြည့်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီအမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေကို KNG  ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ ပေမယ့် ဖုန်းဆက်သွယ်လို့မရခဲ့တာဖြစ်ပါတယ်။

သက်ငယ်မဒိမ်းမှုကို အမှုမှန်ပေါ်ပေါက်လာဖို့နဲ့ ပြစ်မှုကျူးလွန်သူကို တရားစီရင်နိုင်ဖို့အတွက် ပူတာအိုဒေသခံပြည်သူတွေ ထောင်နဲ့ချီ ဆန္ဒပြတောင်းဆိုခဲ့ကြသလို အမှုမှန်ပေါ်ပေါက်ဖို့အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ တာဝန်ရှိတဲ့သူတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ မေလ ၁၃ ရက်နေ့မှာ ပြစ်မှုကျူးလွန်သူကိုထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ သက်ငယ်မဒိမ်းပပျောက်ရေးနဲ့ အမျိုးသမီးများဘေးကင်းလုံခြုံရေး ခေါင်းစဉ်နဲ့ ပူတာအိုဒေသခံ ငါးထောင်ကျော် လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ဟာ မိခင်ဖြစ်သူနဲ့အတူ မုန်ညှင်းဆီသွားကြိတ်ရာ မိခင်ဖြစ်သူက မုန်ညှင်းဆီကြိတ်တဲ့နေရာမှာနေခဲ့ပြီး သူမတစ်ယောက်တည်း နေအိမ်ကိုပြန်လာချိန် လူပြတ်တဲ့လမ်းခုလတ် သက်ကယ်တောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။

အဲဒီနောက် မေလ ၁၂ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူကို ဒေသခံလူငယ်တွေနဲ့ ရဝမ်ရိုးရာအဖွဲ့တွေ ခြေရာခံဖမ်းဆီးမိခဲ့ပြီး ရဲလက်ထဲချက်ချင်းအပ်ခဲ့တယ်လို့ ပြောပါတယ်။

ပြစ်မှုကျူးလွန်လိုက်တဲ့ အမျိုးသားက ပူတာအိုမြို့ရှိ စတီးသံပန်းနဲ့ ပရိဘောဂဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုကျော်သူရဆိုသူ ရွှေ့ပြောင်း အလုပ်သမားတစ်ဦးဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button