တိုက်ပွဲသတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းမှာတိုက်ပွဲဖြစ်နေ

စစ်ကောင်စီတပ်က အင်အားများစွာနဲ့ စစ်ကြောင်းထိုးနေတာကြောင့် မန္တလေးမြစ်ကြီးနားလမ်းပိုင်းမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ကားသမားတွေဆီကသိရပါတယ်။

ကန့်ဘလူမြို့နယ် ဗျူဟာလမ်းပိုင်းမှာရှိတဲ့ကျေးရွာတွေကို စစ်ကောင်စီနဲ့ပျူစောထီးပူးပေါင်းတပ် အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဗျူဟာလမ်းပိုင်းကိုစစ်ကောင်စီကထိန်းချုပ်ဖို့ကြိုးစားလာတာဖြစ်နိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကသုံးသပ်ကြပါတယ်။

စစ်ကောင်စီက ဗျူဟာလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးစားလာနေတာလို့ထင်တယ်။ အင်အားတော်တော်များများနဲ့ကို စစ်ကြောင်းထိုးနေတာ။ကန့်ဘလူနယ်ထဲက ဗျူဟာလမ်းပိုင်းကိုပေါ့။ ပျူတွေနဲ့စကစတွေပေါင်းပြီးထိုးနေတာ”လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး KNG ကို ပြောပါတယ်။

ကန့်ဘလူမြို့နယ်နဲ့ ခင်ဦးမြို့နယ်အစပ်ဗျူဟာလမ်းကြောကို စစ်ကောင်စီအပါအဝင်တန့်ဆည်မြို့နယ်အရှေ့မြောက်ဘက်ပျူစောထီးတွေနဲ့ကန့်ဘလူနယ်ထဲကပျူစောထီးတွေပူးပေါင်းအင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေတာလို့ ကန့်ဘလူဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့Infinity Group ကရေးသားထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီပူးပေါင်းတပ်ဟာအဲ့ဒီဗျူဟာလမ်းပိုင်းက ကန့်ဘလူမြို့နယ် စံပါယ်နံ့သာရွာကနေ ခင်ဦးနယ်စပ်ရေကြည်ဦးကျေးရွာအထိထိန်းချုပ်ထားတယ်လို့ အဲ့ဒီထုတ်ပြန်ချက်ထဲမှာတွေ့ရပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီရဲ့စစ်ကြောင်းတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ NUG လက်အောက်ခံကာကွယ်ရေးတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး အရေးပေါ်အခြေနေဖြစ်နေတာကြောင့် မန္တလေးမြစ်ကြီးနားဗျူဟာလမ်း၊ ကွင်းလမ်း အားလုံးပိတ်နေတယ်လို့ ကားသမားတစ်ဦးက ခုလိုပြောပါတယ်။

တစ်ဖက်ကစစ်ကြောင်းတွေထိုးတယ်။ လမ်းမဖွင့်အောင်လုပ်တယ်။ အဲ့တာတွေကို ဒီဘက်ကအဖွဲ့တွေက ပိတ်လိုက်တယ်။ ကားတွေကလည်းဖုန်းအဆက်သွယ်ရလိုက်မရလိုက်နဲ့ ပိတ်မိနေတာပေါ့ဗျာ။ အဓိကကတော့သူတို့အချင်းချင်းတင်းမာမှုပဲ”လို့ပြောပါတယ်။

တစ်ဖက်မှာ တိုက်ပွဲအကြား စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်ကားသမားနဲ့ခရီးသွားတချို့သေဆုံးဒဏ်ရာရတာတွေလည်းရှိနေပြီး ပြီးခဲ့တဲ့ ဩဂုတ်လ၂၃ ရက်နေ့ကဆိုရင် ကျီကျင်းကျေးရွာနားမှာ နှစ်ဖက်တိုက်ပွဲအကြား ကားသမား၂ဦးသေဆုံးခဲ့ရသေးတယ်လို့သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ အဆိုပါကျီကျင်းကျေးရွာအပါအဝင် ကန့်ဘလူမြို့နယ်ထဲကကျေးရွာ ၆ ရွာကိုဝင်ရောက်စီးနင်းမီးရှို့ခဲ့တာကြောင့်အရပ်သားနေအိမ် ၄၀၀ကျော်နဲ့ အရပ်သား ၉ ဦးအထိသတ်ဖြတ်ခံခဲ့ရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကထုတ်ပြန်ထားပါတယ်။

ဒါ့ကြောင့် မန္တလေးမြစ်ကြီးနားဗျူဟာလမ်းအပြင် ပေကြီးရွာကွင်းလမ်းကိုအသုံးပြုတဲ့ခရီးသွားတွေအနေနဲ့ အချိန်မရွေးလမ်းကြောင်းပိတ်တဲ့အခြေနေကိုကြုံတွေ့နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားကြပါတယ်။

By – အမိုး

Show More

Related Articles

Back to top button