ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်က ဗန်းမော်၊ ဖားကန့်အပြင် နောက်ထပ်လက်လွတ်ထားရတဲ့ ဝိုင်းမော်မြို့နယ်မှာလည်း တန်ပြန် ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ကြာမြင့်လာပြီလို့ သိရပါတယ်။
ဩဂုတ်လ ၂၇ ရက်နေ့ကစတင်ပြီး တစ်လခန့်အကြာ ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကြောင်းတွေက ဝိုင်းမော်မြို့နယ်၊ လမြန်အထက်ဘက်ကို ဦးတည်ပြီး တင့်ကားအပါ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာပါတယ်။
စစ်တပ်က ဝိုင်းမော် – ဆဒုံး၊ ကန်ပိုင်တည်လမ်းပိုင်းကို ပြန်လည်ရယူဖို့ အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောပါတယ်။
“အဓိကတော့ ဝိုင်းမော်ကနေ ဆဒုံး၊ ကန်ပိုင်တည်လမ်းကို ပြန်ရဖို့လုပ်နေတယ်။ လောလောဆယ်က သူတို့ စစ်ဆင်ရေးက မအောင်မြင်ဘူးဖြစ်နေတယ်။ ဒီရက်ပိုင်းဆို နေ့တိုင်းလိုလို ထိုးတယ်။ ဒါပေမယ့် ထိုးမရလို့ ပြန်ပြီး နောက်ဆုတ်သွားကြတယ်။ ၂၇၊ ၂၈ နှစ်ရက်စလုံး လမြန်လော်ဝေါ် ဘုရားကျောင်းရှိတဲ့ နေရာအထိ တက်လာကြတယ်။ ဘုရားကျောင်းတဝိုက်မှာ ခဏနေရာနေလိုက်တယ်။ အဲ့ဒါကြောင့် KIA ဘက်က ပြန်တိုက်တော့ ပြန်ဆုတ်သွား KIA က ပြန်ယူ ဒီလိုနဲ့ တိုက်ပွဲဖြစ်နေတာ သုံး၊ လေးရက်လောက်ရှိလာပြီ”လို့ပြောပါတယ်။
စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဝိုင်းမော် လမြန်ကျေးရွာမှာ တိုက်ပွဲဖြစ်နေတာ ၃ ရက်ခန့်ကြာမြင့်လာပြီး စစ်တပ်ရဲ့စစ်ကြောင်းဆက်တက်လို့မရအောင် KIA ပူးပေါင်းတပ်ဘက်က ခုခံတိုက်ခိုက်နေရတယ်လို့ သိရပါတယ်။
လက်ရှိ စစ်တပ်ရဲ့စစ်ကြောင်းတွေက လမြန်ကျေးရွာ မရောက်မှီ စက်သုံးဆီရောင်းတဲ့ ပန့်ဆိုင်အနောက်ဘက်ကို တပ်ဆုတ်ထားတယ်လို့ သိရပါတယ်။
အခုရက်ပိုင်းဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ဝိုင်းမော် ခလရ ၅၈ တပ်ရင်း၊ ဝူယန်ပြည်သူ့စစ် တပ်နေရာကနေ KIA တပ်တွေ နေရာယူထားတဲ့ဘက်ကို လေကြောင်းအပါ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဩဂုတ်လ ၂၈ နေ့ ည ၈ နာရီမှာလည်း မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကနေ တိုက်ပွဲဖြစ်နေတဲ့ ဝိုင်းမော်မြို့နယ်ဘက်ကို လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပြီး ဒီကနေ့ အထိလည်း လက်နက်ကြီးသံတွေ ကြားနေရတယ်လို့ ဝိုင်းမော်ဒေသခံ တွေဆီကနေ သိရပါတယ်။
ဝိုင်းမော်မှာ တိုက်ပွဲပြင်းထန်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်က လက်လွတ်ထားတဲ့ နေရာကို ပြန်ရဖို့ စစ်အင်အားပြန်လည်ဖြည့်တင်းပြီးတော့ စစ်မျက်နှာဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။
“ဒီအပတ်ထဲမှာက နေ့တိုင်းလို တိုက်ပွဲဖြစ်နေတယ်။ ဝိုင်းမော်မှာက စစ်တပ်ရဲ့ ထိုးစစ်တိုက်ခိုက်ဖို့ စစ်ဆင်ရေးမှာပါဝင်တယ်။ ဝိုင်းမော်ကနေ ချီဖွေ၊ ဆဒုံး၊ ကန်ပိုင်တည်၊ ပန်ဝါ ဘက်ကို တိုက်ခိုက်ဖို့ လုပ်နေတယ်။ အဲဒီနေရာတွေကို တိုက်ခိုက် ပထမဆုံး ဝင်ရမှာက ဝိုင်းမော်ဖြစ်နေတယ်။ ဝါးရှောင်လမ်းဘက်ကို ထိုးဝင်လာဖို့လုပ်နေတယ်။ တစ်ဖက်မှာ တခြားနေရာတွေမှာလည်း ထိုးစစ်ဆင်နေတော့ ဒီဖက်မှာ ပြန်ပြီး လုပ်လာတဲ့ သဘောမျိုးလည်း တွေ့ရတယ်”လို့ပြောပါတယ်။
ဝိုင်းမော်မြို့နယ်ဟာ လက်ရှိ KIA သိမ်းပိုက်ထားတဲ့ ချီဖွေ၊ ဆဒုံး၊ ကန်ပိုင်တည်၊ ပန်ဝါ စတဲ့ မြို့နေရာတွေကို အဓိက ဆက်သွယ်ထားတဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် အဲဒီနေရာတွေ ပြန်ပြီးရယူဖို့ဆိုရင် ဝိုင်းမော်မြို့နယ်ဟာ စစ်ရေးအတွက် အခြေအမြစ်ဖြစ်နေပါတယ်။
ဒါကြောင့် စစ်တပ်ဟာ ဝိုင်းမော်မြို့နယ်ထဲက လမြန်၊ ဝါးရှောင်၊ ဂေါ်ဆက်ယန် စတဲ့ ကျေးရွာတွေအထိ စစ်ကြောင်းထိုးဖောက်နိုင်ဖို့အတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။
ဝိုင်းမော်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်၊ ဇူလိုင်ကတည်းကနေ စစ်အင်အား ၆၀၀ ခန့်ရှိတဲ့ စစ်ကြောင်းတွေက ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကြား စစ်ရေးတင်းမာမှုဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ KIA က ဖော်ဆောင်လိုက်တဲ့ စခန်းသိမ်းတိုက်ပွဲမှာ ဝိုင်းမော်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်စခန်းအားလုံးနီးပါးကို KIA နဲ့တော်လှန်ရေးတပ်တွေကသိမ်းပိုက်ထားတာဖြစ်ပြီး ဝိုင်းမော်မြို့တွင်းတပ်ဖြစ်တဲ့ ခလရ ၅၈ တပ်ရင်း၊ ဝူယန်ပြည်သူ့စစ်စခန်း နဲ့ ရဲစခန်းတွေသာ ကျန်ရှိနေခဲ့တာဖြစ်ပါတယ်။
KIA သိမ်းပိုက်ထားတဲ့ တစ်နှစ်အတွင်းမှာ စစ်ကောင်စီတပ်၊ ဝူယန်ပြည်သူ့စစ်၊ ဇခုန်တိန့်ယိန်း ပြည်သူ့စစ်တွေ အင်အားထပ်မံ စုဆောင်းပြီးတော့ တန်ပြန်ထိုးစစ်အဖြစ် တိုက်ပွဲဖော်ဆောင်လာတာဖြစ်ပါတယ်။
အလားတူ စစ်ကောင်စီတပ်ဟာ ဗန်းမော်မှာလည်း စစ်လက်နက် ၊ စစ်ရိက္ခာတွေကို စစ်သင်္ဘောနဲ့ သယ်ယူပြီးနောက် ဩဂုတ်ဆန်းပိုင်းအတွင်းကနေ ထိုးစစ်ဖော်ဆောင်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာပါတယ်။
နောက်ထပ် ကချင်ပြည်နယ်အတွက် အရေးပါတဲ့ ဖားကန့်ဒေသမှာလည်း စစ်အင်အား ထောင်ချီ စစ်အင်အားဖြည့်တင်းထားပြီးတော့ ဖားကန့်ဒေသတစ်ခုလုံး ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် နှစ်ဖက်တပ် တိုက်ပွဲဖြစ်နေတာ ၃ လခန့်ကြာမြင့်လာနေပါတယ်။
ဒါကြောင့် ကချင်ပြည်နယ် ၂၀၂၅ ဇူလိုင် ၊ ဩဂုတ်လကနေ လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့၊ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရရှိနေတဲ့ ငွေဝင်လမ်းကြောင်းတွေကို ဖြတ်တောက်ဖို့၊ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ စစ်တပ်ဟာ နည်းပေါင်းစုံကနေ ထိုးစစ်ဆင် တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



