အင်းတော်ကြီးဒေသ စည်းကမ်းမဲ့ ရွှေတူးဖော်မှုကြောင့် ထိခိုက်ပျက်စီးမှု ပိုများလာ
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသမှာ စည်းကမ်းမဲ့ရွှေတူးဖော်မှု တစ်နေ့ထက်တစ်နေ့ ပိုဆိုးရွားလာတဲ့အတွက် ထိခိုက်ပျက်စီးမှုတွေများလာတယ်လို့ ဒေသခံတွေပြောပါတယ်။
အင်းတော်ကြီးဒေသ မမုန်ကိုင်ရွာနဲ့ မိုင်းနောင်၊လုံးတုံကျေးရွာတွေဘက်မှာ အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်ဝန်းကျင်ကစပြီး ရွှေတူးဖော်မှု သိသိသာသာများလာရာကနေ ၂၀၂၁ ခုနှစ်အာဏသိမ်းပြီးနောက်ပိုင်း တရားမဝင်ရွှေတူးဖော်မှုတွေဟာ အထိန်းအကွပ်မဲ့လာပြီး လတ်တလော မိုင်းနောင်ကျေးရွာမှာ ရွာဧရိယာအတွင်းထိ ရွှေတူးနေကြပြီလို့ မိုင်းနောင်ဒေသခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“မိုင်းနောင်မှာ အခြေနေတော်တော်ဆိုးနေပြီ လူမနေတဲ့ အိမ်ဝင်းတွေလည်း လိုက်ဝယ်နေကြပြီ။ ပြီးတော့ သစ်တောရုံးလို အစိုးရရုံးနေရာတွေ၊ ပြီးရင် ကချင်တွေရဲ့ ဆုတောင်းတောင်အနီးအားလုံးရွှေတူးနေပြီ။“ လို့ပြောပါတယ်။

KNG သတင်းဌာနရရှိထားတဲ့အချက်လက်အရ အထက်ဖော်ပြပါ ကျေးရွာ (၃) ရွာအနက် မိုင်းနောင်ရွာဟာ အဆိုးရွားဆုံးဖြစ်ပြီး ရွာရဲ့ သုံးပုံ တစ်ပုံရွှေတူးဖော်လိုက်ပြီလို့ သိရပါတယ်။ ဒါ့အပြင် မမုန်ကိုင်နဲ့ လုံးတုံ ကျေးရွာမှာတော့ ရွာပတ်လည်လမ်းမကြီး တစ်လျှောက်တူးနေကြပြီလို့ သူကဆက်ပြောပါတယ်။
ရွာဧရိယာအနီးနဲ့ ကျေးရွာတွင်းထိ ရွှေတူးဖော်ခွင့်ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်က ကျားဖြူစစ်ကြောင်းမှူးနှင့် ပြည်သူ့စစ်ခေါင်းဆောင်ကျော်အောင်တို့ကနေ လုပ်ငန်းရှင် (၁၁) ဦးကို ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
ဒီရွှေလုပ်ကွက်တွေမှာ မြေသယ်ကား အစီး ၂၀၀၊ ဘက်ဟိုးအစီး ၈၀ ဝန်းကျင်နဲ့တူးဖော်နေကြပြီး ဘတ်ဟိုးတစီးကို တစ်လ ငွေကျပ် သိန်း ၃၀ နဲ့ ရွှေတစ်ကျပ်သားအခွန်ပေးရ တယ်လို့ သိရပါတယ်။
အလားတူ ကျေးရွာအနီးတောစပ်တွေမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ရွှေတူးဖော်နေတယ်လို့ ဒေသခံအမျိုးသမီးသားတစ်ဦး ပြောပါတယ်။
“ခုဘာလို့ ကျေးရွာဧရိယာအထိ တူးလာသလဲဆိုရင် အဲဒီတောစပ်ဘက်ဆိုရင် KIA နဲ့ PDF တွေရှိတယ်လေ အဲကြောင့် သူတို့က အဲဘက်မသွားပဲ ရွာထဲပဲတူးလာ နေကြတာဟုတ်တယ်။ တောဘက်နေတဲ့ KIA လည်းတူးတယ် အားလုံးအတူတူပဲ” လို့ ပြောပါတယ်။
ရွှေတူးဖို့ မြေနေရာဝယ်ရာမှာတော့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ခန့်အပ်ထားတဲ့ ရာအိမ်မှူးတွေကနေတစ်ဆင့် ဒေသခံတွေကို ချိတ်ဆက်ခိုင်းကာ တစ်ဧကကို သိန်း (၅၀၀) နဲ့သတ်မှတ်ကာ သဘောတူလက်မှတ်ရအောင် ဖိအားပေးနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ဝန်းကျင်မှာ အင်းတော်ကြီးဒေသတွင်း တရားမဝင်ရွှေတူးဖော်မှုတွေကို ဖမ်းဆီးအရေးယူခဲ့ပေမယ့် အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ ရွှေတူးဖော်မှုတွေဟာ အရေးယူဖမ်းဆီးခြင်း မရှိတဲ့အတွက် ပိုပိုပြီးဆိုးရွားလာခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာတော့ အင်းတော်ကြီးဒေသ ရွာထဲအထိ ရွှေတူးဖော်နေတာကို ရပ်နားဖို့ အမိန့်ထုတ်ခဲ့ပြီး မြေကော်စက်တချို့ကို ဖမ်းဆီးခဲ့ပေမယ့် ထိရောက်စွာတားဆီးအရေးယူနိုင်ခြင်းမရှိပဲ ဟန်ပြသဘောသာ ဖမ်းဆီးမှုလုပ်သွားတယ်လို့ ဒေသခံတွေပြောပါတယ်။
“အဲဒီတုန်းကတော့ ခနတစ်ဖြုတ်ဖမ်းပြတာပဲ။ ဒါပေမယ့် ဘာမထူးဘူး အရေးယူမှုအပိုင်းအားနည်းတယ် သူတို့က အပြသဘောပဲ ဖမ်းတာလေ။ ခုဒီမှာအားလုံးပြောနေကြတာ ဒီရွှေလုပ်ကွက်တွေက မြောက်ပိုင်းတိုင်း တိုင်းမှူးခွင့်ပြုမိန့်ရမှလုပ်လို့ရတဲ့နေရာပဲလေ အခွန်ကောက်တာလည်း တိုင်းမှူးကိုပေးဖို့ဆိုပြီး ခေါင်းစဉ်တပ်ပြီးကောက်ကြတာတဲ့။ တောကအဖွဲ့တွေလည်း တော်တော်တူးကြတယ်။ အဲဒီရွှေဖြူ ချောင်းမှော်ဆို တောကအဖွဲ့တူးတာလေ” လို့ မမုန်ကိုင်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မိုင်းနောင်ကျေးရွာ အနောက်ဘက် KIA ထိန်းချုပ်နယ်မြေက ရွှေမှော်တစ်ခုဖြစ်တဲ့ ရွှေဖြူချောင်းကို မိုင်းနောင်ရွာကနေ တစ်နာရီနီးပါးသွားရပြီး အဲဒီမှော်မှာလည်း ရွှေလုပ်ကွက်အများအပြားရှိတယ်လို့သိရပါတယ်။
ဒီရွှေလုပ်ကွက်တွေက စွန့်ထုတ်လိုက်တဲ့ ရေဆိုး၊ရေညစ်နဲ့အတူပြဒါးအရည်တွေဟာ နန့်ရင်းချောင်းကနေ လုံးတုံရွာကိုဖြတ်ပြီး အင်းတော်ကြီးကန်ထဲကို စီးဝင်နေတဲ့အတွက် အာဆီယံအမွေအနှစ် ဘေးမဲ့တောဥယျာဉ်အဖြစ်ပါ သတ်မှတ်ထားခြင်းခံထားရတဲ့ အင်းတော်ကြီးကန် လည်း ပျက်စီးစပြုလာပြီလို့သိရပါတယ်။
ဒါ့အပြင် လယ်ယာမြေတွေမှာပါ စည်းကမ်းမဲ့ရွှေတူးဖော်မှုကြောင့် ဒေသခံဌာနေတိုင်းရင်းသားတွေရဲ့ သမိုင်းဝင် မြေနေရာများ ကျေးရွာနယ်နိမိတ်များလည်း ထိခိုက်ပျက်စီးသွားမှာကို စိုးရိမ်နေကြပါတယ်။
မိုင်းနောင်၊ မမုန်ကိုင်၊လုံးတုံအစရှိတဲ့ ကျေးရွာကပြည်သူတစ်ချို့ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလဝန်းကျင်မှာ စစ်ရေးအခြေနေကြောင့် ယာယီထွက်ပြေးပြေးတိမ်းရှောင်နေကြရပေမယ့် ၂၀၂၄ ခုနှစ်နှောင်းပိုင်း ကျေးရွာတွင်းသို့တစ်ဖန်ပြန်လည် နေထိုင်လာကြတယ်လို့ သိရပါတယ်။
သို့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း SNA နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်၊ KIA ပူးပေါင်တပ်အကြား တိုက်ပွဲကြောင့် ဒေသခံပြည်သူများထပ်မံထွက်ပြေးတိမ်းရှောင်နေကြချိန် ရွှေတူးဖော်မှုတွေလည်း ပိုပြီးဆိုးလာနေတာလည်းဖြစ်တယ်လို့ ဒေသခံတွေဆိုပါတယ်။
အင်းတော်ကြီးကန်မှာ ကမ္ဘာ့ရှားပါး ငါးမျိုးစိတ် နှစ်မျိုးနဲ့ အခြားရှားပါး ငါးမျိုးစိတ် တစ်ရာကျော် ကျက်စားပြီး ဘေးမဲ့သဘာဝသစ်တောမှာလည်း ငှက်မျိုးစိတ် နှစ်သောင်း ကျော်နဲ့ အခြားရှားပါးတရိစ္ဆာန်တွေရှိပြီး စတုရန်းမိုင် ၃၀၀ ကျော်ကျယ်ဝန်းတဲ့ သဘာဝ အင်းတော်ကြီးကန်ကို အရှေ့တောင် အာရှမှာ တတိယ အကြီးဆုံး ကုန်းတွင်းရေတိမ်ဒေသအဖြစ် UNESCO က ၂၀၁၆ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် မပျောက်မပျက် ထိန်းသိမ်းဖို့ ၂၀၁၇ ခုနှစ်မှာ သတ်မှတ်ခဲ့တာပါ။
By – Zami



